တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ တိုးပွားလာပြီးနောက် စားနပ်ရိက္ခာ လုံလောက်မှု မရှိတော့ကြောင်း ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောသည်။
မတ်လ ၃ ရက်မှစတင်ကာ လောင်းလုံးမြို့နယ်ထဲရှိ အောက်ကျောက်ဝပ်၊ သဘော့ဆိပ်၊ ကရင်ကြီး၊ ပညစ်၊ ညောင်ပြင်၊ ကျောက်ဆင် စသည့် ကျေးရွာများအား စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်၍ လက်နက်ကြီးများဖြင့် ပစ် ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသဖြင့် စစ်ဘေးရှောင်ပြည်သူဦးရေလည်း သိသိသာသာ တိုးမြင့်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းများ၌ရှိသည့် စားနပ်ရိက္ခာများမှာ လက်ရှိတွင် ကုန်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက ဆိုသည်။
အောက်ကျောက်ဝပ်ရွာမှ စစ်ရှောင်တဦးက “ပါလာတဲ့ ရိက္ခာက မလုံတော့ဘူး။ ရိက္ခာက ပြတ်နေပြီ။ တဖက်မှာလည်း စစ်ဘေးရှောင်ကူညီတဲ့ အဖွဲ့တွေကတော့ ရိက္ခာတွေကို ရသလောက် ကူညီပေးနေတယ်။ ဒါပေမယ့် လုံလောက်တဲ့ အနေအထားတော့ မရှိသေးဘူး” ဟု ပြောသည်။
အဆိုပါ စစ်ရှောင်များမှာ နီးစပ်ရာ ဆွေမျိုးတော်စပ်သူများ၏ နေအိမ်များ၊ ဥယျာဉ်ခြံများ၊ တောတောင်များထဲတွင် နေထိုင်နေကြရပြီး နေရာထိုင်ခင်း အခက်အခဲများနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။
ဒေါန တနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “အဓိကကတော့ စစ်ကောင်စီ ဘက်ကနေ ရိက္ခာဖြတ်တောက်တာတွေ မရှိဘူးဆိုရင် အဆင်ပြေမယ်။ ကိုယ့်ရဲ့ ရပ်ရွာကိုလည်း ပြန်သွားလို့ ရမယ်။ ကုန်စည် စီးဆင်းမှုတွေလည်းရှိမယ်ဆိုရင်တော့ ပြန်အဆင်ပြေသွားနိုင်မယ့် အနေအထားရှိပါတယ်။ အဲဒီလိုမဖြစ်ဘူး ဆိုရင်တော့ အခက်အခဲကတော့ ဒီထက်ပိုဆိုးလာနိုင်ပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများအား စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ၊ သပိတ်အဖွဲ့အစည်းများနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဆန်နှင့် စားသောက်ကုန်များ လှူဒါန်းမှုများပြုလုပ်နေသော်လည်း တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ များပြားသည့်အတွက် လုံလောက်မှု မရှိကြောင်း သိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတဦးက “နေအိမ်စွန့်ခွာပြည်သူတွေက တနေရာထဲမှာ မဟုတ်ဘဲ နေရာပေါင်းများစွာမှာ ပြန့်ကျဲနေကြတော့ အကူအညီပေးတဲ့အခါမှာ စိန်ခေါ်မှုတွေတော့ ရှိတယ်။ သို့သော် ပေးအပ်တဲ့ အကူအညီတွေ အားလုံးဆီ ရောက်နိုင်ဖို့ ကြိုးစားနေကြတယ်။ လုပ်နေကြတယ်။ လက်ရှိအချိန်ထိတော့ မြို့နယ် ပအဖ က မြေပြင်မှာရှိတဲ့ ရပ်ကျေး ပအဖအဖွဲ့ဝင်တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ စနစ်တကျ ချိတ်ဆက် ပြီး လိုအပ်တဲ့အကူအညီတွေ ပေးနေပါတယ်” ဟု ပြောသည်။
လောင်းလုံးမြို့နယ်တွင် မြေပြင်အနေအထားအရ အချက်အလက် အတိအကျရရှိရန် အခက်အခဲရှိသော်လည်း ရရှိထားသော အချက်အလက်များနှင့် မြေပြင်အခြေအနေများကို အခြေခံ၍ တွက်ချက်မှုများအရ စစ်ဘေးရှောင်ဒေသခံပေါင်း ၁၀,၀၀၀ ခန့်ရှိကြောင်း ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။
ယခုလ မတ် ၁၆ ရက်ကစပြီး လောင်းလုံးမြို့နယ် အောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် ကျေးရွာ ၁၀ ရွာခန့်ကို ဆက်တိုက်စစ်ကြောင်းထိုးကာ နေအိမ်မီးရှို့ခြင်းနှင့် ဒေသခံများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
တနင်္သာရီဒေသအတွင်း မတ်လပထမအပတ်မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ၏ တိုက်ပွဲများ၊ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် စစ်ဘေးရှောင် ပြည်သူဦးရေ မြင့်တက်လာခဲ့ပြီး တနင်္သာရီဒေသတခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၄၀,၀၀၀ ခန့်အထိ ရှိနေပြီဖြစ်ကြောင်း ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ စာရင်းများအရ သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်ကူညီရေးအဖွဲ့များက ထုတ်ပြန်ထားသည့် အချက်လက်များအရ ထားဝယ်မြို့နယ်ရှိ ပြည်သူ ၃၅၈ ဦး၊ လောင်းလုံးမြို့နယ်မှ ပြည်သူ ၁၀,၀၀၀ ခန့်၊ ပုလောမြို့နယ်ထဲမှ ၂,၅၀၀၀ တနင်္သာရီမြို့နယ်ရှိ ပြည်သူ ၈၀၀ တို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီက ကရင်နီကို ဘာကြောင့် ဒုတိယအကြိမ် စစ်ဆင်လာသလဲ
အရာတော်နယ် အရှေ့ခြမ်းသို့ စစ်တပ်စစ်ကြောင်းထိုး၍ ရွာများကို မီးရှို့