ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းမှာ လမ်းခရီးတွင် ချင်းဒေသကာကွယ်ရေးတပ်-မတူပီ (CDF-Matupi) ၏ ကြားဖြတ်တိုက်ခိုက်မှုခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးကြောင်း CDF မတူပီ၏ စစ်ရေးဌာနမှူး ကိုနိုင်ဂျွန်းကိမ်းက ပြောသည်။
စစ်သည် အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ် ၃ စီးသည် မတူပီမြို့အခြေစိုက် ခလရ-၁၄၀ တပ်ရင်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး ပလက်ဝမြို့နယ်အစပ်ရှိ ထယ်ဘွေးစခန်းထံ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရန် သွားခြင်းဖြစ်ကြောင်း CDF ကပြောသည်။
အဆိုပါစစ်ယာဉ်တန်းအား မတူပီ CDF တပ်များက မတ်လ ၂၀ ရက်နေ့မှစ၍ မတူပီ-ပလက်ဝ လမ်းမကြီးတလျှောက်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားစံနစ်ဖြင့် အလစ်အငိုက်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၂ ဦး သေဆုံးကာ ဒဏ်ရာရရှိမှုလည်း များပြားနေကြောင်း ကိုနိုင်ဂျွန်းကိမ်းက ပြောသည်။

၎င်းက “တိုက်ပွဲကတော့ တောက်လျောက်ဖြစ်နေတယ်။ မတူပီမြို့နဲ့ ထယ်ဘွေးစခန်းက ၃၅ မိုင်သာ ဝေးတယ်။ ကျနော်တို့ ကြားဖြတ် တိုက်ခိုက်လို့ အခုထိ မရောက်နိုင်သေးဘူ။ ၂၅ မိုင်လောက်မှာပဲ ရှိသေးတယ်။ ကား ၃ စီးမှာ ၁ စီးကတော့ ကျနော်တို့ မိုင်းဆွဲလိုက်လို့ ပျက်စီးသွားပြီ။ တိုက်ပွဲတလျောက် ကျနော်တို့ မှတ်တမ်းတင်ထားမှုအရ သူတို့ဘက်က သေဆုံးတာ ၅၂ ဦးအထိ ရှိတယ်။ အင်အား ၁၅၀ ကျော်ပါလာတဲ့အထဲမှာ အခု ကျနော်တို့ ဒရုန်းနဲ့ လိုက်ကြည့်ပြီး ရေတွက်ကြည့်တော့ ၇၀ လောက်ပဲ ကျန်တော့မယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါစစ်ယာဉ်တန်းအား CDF မတူပီတပ်များက မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် မိုင်တိုင် ၂၁ အနီး ညနေ ထမင်းစားနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၂ ဦး ကျဆုံးခဲ့သလို မတ်လ ၂၉ ရက်နေ့တွင်လည်း မိုင်တိုင် ၂၂ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ၁၂ ဘီး ထောက်ပို့ကား ၁ စီး လုံးဝ ပျက်စီးသွားပြီး တပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးမှု ရှိကြောင်း CDF မတူပီက ထုတ်ပြန်ထားသည်။
ထို့ပြင် ယင်းနေ့ နေ့လယ်ပိုင်းနှင့် ညနေပိုင်းများတွင် ကလားကျေးရွာအဝင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၃ ဦးခန့် သေဆုံးနိုင်ကြောင်း ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ထားသော အဆိုပါ CDF မတူပီ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသည်ကို မတွေ့ရသေးသလို ဧရာဝတီမှလည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။
သို့သော်လည်း မတူပီ-ပလက်ဝ ကားလမ်းမကြီးပေါ်တွင် CDF မတူပီနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားသဖြင့် ယင်းလမ်းမကြီးပေါ်ရှိ ချင်းတိုင်းရင်းသား ကျေးရွာများဖြစ်ကြသည့် တွိရှစ်၊ ဝလံပီ၊ လေဆင်း၊ ကလား၊ ဝလံတဲ ကျေးရွာများ အပါအဝင် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ကိုယ်တိုင်ပုန်းရှောင်နေရသည့် ဒေသခံက ဧရာဝတီသို့ ပြောသည်။
စစ်ရှောင်များအနေဖြင့် တောတောင်၊ လျှိုမြောင်များအတွင်း ပုန်းအောင်းနေကြရပြီး အမိုးအကာ၊ ခြင်ထောင်၊ စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အသုံးအဆောင် ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ကလည်း တိုက်ပွဲက ဒီလောက်ကြာမယ်မှန်း မထင်ဘူး။ ၂ ရက်၊ ၃ ရက်လောက်ပဲ တောထဲမှာ နေပြီးရင် ရွာပြန်ဝင်မယ်ဆိုပြီး ပစ္စည်းတွေလည်း အလုံအလောက် မယူလာဘူး။ အခု ၂ ပတ်ကျော်ရှိလာပြီ၊ စားစရာ ဆန်လည်း မရှိတော့ဘူး။ မနေ့ကဆို မိုးလည်း ရွာတော့ နေမကောင်းဖြစ်တဲ့လူတွေလည်း တော်တော် များလာတယ်။ ကလေးတွေက ဖျားတဲ့ လူဖျား၊ ဝမ်းလျောတဲ့လူတွေလည်း ရှိတယ်။ ဘယ်ကိုအကူအညီ တောင်းရမှန်းလည်း မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မတူပီမြို့နှင့် စစ်ကောင်စီ၏ ထယ်ဘွေးစခန်းတည်ရှိသည့်နေရာသည် ၃၅ မိုင် ကျော်သာ ကွာဝေးပြီး ကားဖြင့် ပုံမှန်သွားရောက်မည်ဆိုပါက ၂ ရက် ခရီးသာရှိကြောင်း၊ သို့သော်လည်း စစ်ကောင်စီကားများမှာ နှစ်ပတ်ကျော် ခန့် ကြာမြင့်လာသည့်တိုင် ထယ်ဘွေးစခန်းသို့ မရောက်နိုင်ဘဲ ကြားဖြတ်တိုက်ခိုက်ခံနေရခြင်းဖြစ်ည်။
တိုက်ပွဲ အချိန် ကြာမြင့်လာသည်နှင့်အမျှ ဒေသခံ ကျေးရွာသားများမှာလည်း မိမိတို့ ကျေးရွာများသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိဘဲ တောတောင်များထဲတွင် ဆက်လက်၍ ပုန်းခိုနေရခြင်း ဖြစ်ကြောင်း စစ်ရှောင်များက ပြောသည်။
CDF မတူပီပြောက်ကျားတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုခံခဲ့ရသည့် ထောက်ပို့စစ်ကြောင်းသည် ယင်းကားလမ်းမကြီးဘေးတွင် အိမ်ခြေ ၄၀ ကျော် ရှိသည့် ကလားကျေးရွာအား ဝင်ရောက်မီးရှို့ကာ နေအိမ်များမှ ပစ္စည်းများကိုလည်း ခိုးယူသယ်ဆောင်သွားခဲ့ကြောင်း ဒေသခံရွာသားများကပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ချင်းပြည်နယ်၊ တပြည်နယ်လုံးနီးပါးကို စစ်အုပ်ချုပ်ရေး ကြေညာထားသလို စစ်အုပ်ချုပ်ရေး ထုတ်ခံထားရသည့်မတူပီမြို့နယ်အား အဓိက ဆက်သွယ်ရာ ကားလမ်းများကို ပိတ်ဆို့ ကန့်သတ်ထားပြီး ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ဖုန်းလိုင်းများ အားလုံးကိုလည်း ဖြတ်တောက်ထားသည့်အတွက် ဒေသခံများမှာ အစစအရာရာ အခက်ခဲ အကျပ်တည်းများနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။
You may also like these stories:
ဖြတ်လေးဖြတ်အောက် အမှောင်ချခံထားရတဲ့ မတူပီ
မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းကို CDF တိုက်ခိုက်