စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ (PDF)အကြား တိုက်ပွဲ ပြင်းထန် နေရာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၃၁၊ ဧပြီ ၁ နှင့် ၂ ရက်နေ့တို့တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ လာသော Mi 35 ရဟတ်ယာဉ် ၁ စီးဖြင့် ကြည်၊ ဘုရားထွက်၊ ယင်းဒွေး ၊ လက်တီး ၊ ရွာသစ် စသော ကျေးရွာများပေါ်သို့ ၃ ရက်ဆက် တိုက် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဒီပဲယင်းမြို့နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးဖြစ်သော ဗိုလ်ကျားကြီးက “၃၁ ရက်နေ့ တိုက်ပွဲမှာလည်း သူတို့ဘက်က အကျအဆုံးများတော့ ဝေဟင်ကနေ လာပစ်တယ်။ မနေ့ကလည်း ဘုရားထွက်ရွာကနေ ဒီပဲယင်းဘက်ကို တိုက်ပွဲဖြစ်တော့ ၁၅ မိနစ်လောက် ကြာတော့ Mi 35 နဲ့ လာပစ်လို့ နောက်ပြန်ဆုတ်လိုက်တာ။ အောက်မှာ အထိနာရင် အပေါ်က လာပစ်တာ။ ၃ ရက် ဆက်တိုက် ပစ်တာ” ဟုပြောသည်။
ဧပြီ ၁ ရက်ကမူ ဒဏ်ရာရထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Mi 17 ၁ စီးဖြင့် လာရောက် သယ်ဆောင်သလို Mi 35 ဖြင့်လည်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ များထံမှ သိရသည်။
ဗိုလ်ကျားကြီးက “ဘုရားထွက်ရွာက ဘောလုံးကွင်းထဲမှာ သူတို့ဘက်ကလူတွေကို လာတင်တော့ Mi 35 နဲ့ ဘေးပတ် လည်ကို လှည့်ပစ်ပြီး ထောက်ပို့ Mi 17 က ဆင်းပြီးတော့ မသာတွေ၊ ခွေးနာတွေကို တင်သွားတာလေ။ အဲဒါတွေတင်ဖို့ အတွက် လာပစ်တာ” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက် မှုများ လုပ်ခဲ့ပြီး မတ် ၃၁ နှင့် ဧပြီ ၁ ရက်နေ့ တိုက်ပွဲတွင် ရွှေဘိုခရိုင် တပ်ရင်း ၁၂ က ဦးစီး၍ ပူးပေါင်းအဖွဲ့ ၁၀ ဖွဲ့ကျော်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ကြည်နှင့် ဘုရားထွက်ကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆေးကုသမှု လုပ်ဆောင်ခဲ့ သည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သေဆုံးမှုများလည်းရှိကြောင်း ကာကွယ်ရေးတပ် ဖွဲ့ဝင်များက ဆိုသော်လည်း ဧရာဝတီက သီးသန့် အတည်ပြုနိုင်ခြင်း မရှိပေ။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုတလင်နယ်မှ တဆင့် မတ်လ ၂၇ ရက်နေ့တွင် အင်အား ၁၅၀ ခန့်ဖြင့် ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ပြီး တပ်ရင်း၊ တပ်မများကိုမူ အတည်ပြုနိုင်ခြင်း မရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ ညနေ့ပိုင်းက ဒီပဲယင်းမြို့သို့ ပြန်လည်ထွက်ခွာချိန်တွင်လည်း Mi 35 ဖြင့် လေကြောင်းမှ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်မှ Local Fighters Squad အဖွဲ့တာဝန်ခံက “မနေ့ကလည်း ဒီပဲယင်းကို မြေပြင်ကနေ သူတို့ချည်းပဲ မဝင်ရဲတော့ဘူး။ လမ်းမှာ တောက်လျှောက်မိုင်းတွေ ခွဲနေလို့ မတိုးရဲတော့ ဝေဟင်ပတ်ဝဲပြီးတော့ ဒီပဲယင်းခြံအထိ ရောက်အောင် ထွက်သွားတာ” ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ၃ ရက်တွင် ပြည်သူများ ထိခိုက်သေဆုံးမှု မရှိသော်လည်း ကြည်ရွာထိပ်ရှိ ဒေသခံ များ အသုံးပြုသွားလာသော မူးဘောင်ပေါ်ရှိ ပြည်သူပိုင်လမ်းနှင့် ဂွေးပင်ကုန်းကျေးရွာဘက်မှ လမ်းမများကို ဘူဒိုဇာဖြင့် ထိုးဖျက်သွားသည့်အပြင် ဆိုင်ကယ် ၁၀ စီးခန့် ရေထဲသို့ တွန်းချ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ ကြည်၊ ဘုရား ထွက် ကျေးရွာရှိ နေအိမ်အတွင်းမှ ဆန်နှင့် ရိက္ခာအပြင် အိမ်ရှိပစ္စည်းများကိုလည်း ယူဆောင်မှု ရှိကြောင်း ဒေသခံများက ဆိုကြသည်။
အဆိုပါ စစ်ကြောင်းဝင်ရောက်လာသည့်နေ့မှ စပြီး ကျေးရွာ ၁၅ ရွာက ဒေသခံ ထောင်ချီ စစ်ဘေးရှောင်ခဲ့ရပြီး ယမန်နေ့ည ပိုင်း တွင် ဒေသခံအများစုမှာ ကျေးရွာများသို့ ပြန်လည် ဝင်ရောက်နိုင်ခဲ့သော်လည်း စစ်ကြောင်း ရောက်ရှိနေသည့် ဒီပဲယင်းမြို့နှင့် နီးစပ်သည့် ၇ ရွာက ဒေသခံ ၁၀၀၀ ကျော်မှာ ထွက်ပြေးနေရဆဲ ဖြစ်ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင် တဦးက “လွတ်ကင်းသွားတဲ့ ကျေးရွာတွေကတော့ နေရပ်ပြန် နေ ကြပြီ။ စစ်ကြောင်းနဲ့ နီးသေးတဲ့ ရွာတွေကတော့ ပြန်လို့ မရသေးဘူး။ ပြန်လည်း မပြန်ရဲကြဘူး။ ခုရောက်နေတဲ့ လွတ်တဲ့ နေရာမှာပဲ နေရတယ်။ လေကြောင်း အန္တရာယ်လည်း ကြောက်ရတယ်၊ မြေပြင်ကလည်း ကြောက်ရတော့ နေရပ် မပြန်ရဲကြသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အား ၂၀၂၂ခုနှစ်အတွင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင် ခဲ့ပြီး ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စာသင်နေသောကလေးငယ်များ သေဆုံးခဲ့ရသည်။
You may also like these stories:
ဗိုလ်ဆင်ရိုင်းကို ဦးခေါင်းဖြတ်သည့် သက်သေမှတ်တမ်းထွက်လာ
အရာတော်နယ် အရှေ့ခြမ်းသို့ စစ်တပ်စစ်ကြောင်းထိုး၍ ရွာများကို မီးရှို့
ရက်ကန်းသံတွေ ဆိတ်သုဉ်းသွားတဲ့ အညာ
ဒီပဲယင်း၌ ၄ ရက်အတွင်း ရွာ ၈ ရွာ စစ်တပ် မီးရှို့
ဒီပဲယင်းက ရွာ ၁၉ ရွာကို စစ်တပ် မီးရှို့၊ ဒေသခံ ၃၀ ကျော် ဖမ်းထား