မြန်မာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေသည့် ကျောင်းသားအရေအတွက် သိသိသာသာ ကျဆင်းသွားပြီး ယခုနှစ်တွင် ၂၀၁၉ ခုနှစ်က အရေအတွက်ထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသောကြောင့် နိုင်ငံ၏ အဆင့်မြင့်ပညာရေးကွင်းဆက် ပြတ်တောက်မှုအတွက် ဆက်လက်စိုးရိမ်စရာ ဖြစ်နေသည်။
သတင်းဖော်ပြချက်များအရ မတ်လတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား ၁၆၀,၀၀၀ ခန့်သာ ရှိသောကြောင့် ကိုဗစ်မဖြစ်ပွားမီ အရပ်သားအစိုးရခေတ် ၂၀၁၉ ခုနှစ်က တက္ကသိုလ်ဝင်တန်း ဖြေသူ ၉၁၀,၀၀၀ ၏ ငါးပုံတပုံသာ ရှိတော့သည်။
ကပ်ရောဂါဖြစ်ပွားပြီးနောက် ၁၂ လခန့် ကြာသောအချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က မြန်မာမှ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချလိုက်သည်။ တနိုင်ငံလုံးတွင် ဆန္ဒပြပွဲများဖြစ်လာပြီး တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမ ထောင်ပေါင်းများစွာသည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာပြီး ၎င်းတို့ကို စစ်ကောင်စီက တာဝန်မှထုတ်ပယ်ခဲ့ကြောင်း သတင်းများအရ သိရသည်။
တက္ကသိုလ်ကျောင်းများသည် ပုံမှန်အခြေအနေပြန်ရောက်ရန် ရုန်းကန်နေသော်လည်း အများအပြားသည် ဝန်ထမ်းမလုံလောက်မှု၊ ကျောင်းသားကင်းမဲ့မှုများကို ရင်ဆိုင်နေရကြောင်း ပြောသည်။
ရရှိထားသော စာရင်းများသည် လွန်စွာစိုးရိမ်စရာကောင်းကြောင်း မြန်မာမှ ပုဂ္ဂလိက တက္ကသိုလ် တခု၏ ကျောင်းအုပ်တဦးက ပြောသည်။
“အထက်တန်းကျောင်းသားတွေက စနစ်ထဲမှာမရှိတော့ဘဲ တက္ကသိုလ်ဝင်တန်းအရွယ် လူငယ်အများစုရဲ့ အနာဂတ်ကို စောင့်ကြည်ဖို့ဆိုတာ ခက်ခဲသွားပြီ” ဟု ၎င်းကပြောသည်။
မြန်မာမှ အဆင့်မြင့်ပညာရေးသည် တစိတ်တပိုင်း ပုံမှန်အခြေအနေသို့သာ ပြန်ရောက်ကြောင်း ၎င်းက ပြောပြီး တက္ကသိုလ်များ ပြန်ဖွင့်သော်လည်း ကျောင်းသားထက်ဝက်သာ ပြန်လာတက်သည်ဟု ခန့်မှန်းသည်။
မြို့ကြီးများမှ ပုဂ္ဂလိကတက္ကသိုလ်အချို့နှင့် စီးပွားရေး အကျိုးအမြတ်ရယူသော တက္ကသိုလ်အချို့တွင် လူကိုယ်တိုင်တက်သည့်သင်တန်းများ ပြန်ဖွင့်နေသော်လည်း အနည်းငယ်သာ ဖြစ်ကြောင်းလည်း ပြောသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွင်းရေးမှူးချုပ်ရုံး၏ ပညာရေး၊ လူငယ်နှင့်အားကစား အကြီးအကဲနှင့် လက်ထောက်ညွှန်ကြားရေးမှူး ရော်ဂျာ ချောင်က စာမေးပွဲဖြေသော ကျောင်းသားအရေအတွက် လျော့ကျခြင်းနောက်ကွယ်မှ အကြောင်းရင်းများမှာ ရှုပ်ထွေးကြောင်း ပြောသည်။
“ဒီလိုဖြစ်ရတဲ့နောက်ကွယ်မှာ အကြောင်းရင်း အများအပြား ရှိနေတယ်။ လူထုအာဏာ ဖီဆန်ရေးလှုပ်ရှားမှု၊ လူမှုလုံခြုံရေး ပြဿနာတွေကြောင့် ကျောင်းဆက်မတက်နိုင်တဲ့ စိန်ခေါ်မှုတွေ၊ ပညာရေး အရည်အသွေး ကျဆင်းလို့ ကျောင်းသားတွေက ပညာသင်ကြားလိုစိတ် မရှိတော့တာတွေနဲ့ မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ဖို့ လိုအပ်နေတာတွေပါတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံရေးအရ ထိခိုက်လွယ်သောကြောင့် အမည်မဖော်လိုသည့် မြန်မာ အဆင့်မြင့်ပညာရေး ကျွမ်းကျင်သူတဦးက ကျောင်းသားအချို့သည် အခြားပညာရေးလမ်းကြောင်းများကို ရှာဖွေပြီး ကာလတို၊ ကာလလတ် ဒီပလိုမာသင်တန်းများ တက်ကြကြောင်း ပြောသည်။
ဒီမိုကရေစီအင်အားစုများက လူမှုကွန်ရက် ပလက်ဖောင်းများမှ တိုက်ရိုက်လွှင့်သည့် အွန်လိုင်းသင်တန်းများ ပေးသော်လည်း ထိုသင်တန်းများကို အသိအမှတ်ပြုမှု လိုအပ်နေသေးကြောင်း ၎င်းကပြောသည်။
ကျောင်းသား အများအပြားသည် ပညာသင်ယူမှု ပြန်လည်စတင်ရန် စိတ်အားထက်သန်နေသော်လည်း အစိုးရ တက္ကသိုလ်များကို တက်ရောက်ရန် စိတ်အားထက်သန်မှု မရှိနိုင်ကြောင်း သူကရှင်းပြသည်။
“(နိုင်ငံခြား) တက္ကသိုလ် အကြိုသင်တန်းတွေနဲ့ ပေါင်းကူးသင်တန်းတွေကို စိတ်ဝင်စားမှုများနေတယ်၊ အဆင့်မြင့်ပညာရေးမှာလိုပဲ အထက်တန်းကျောင်းသား အများအပြားနဲ့ မိဘတွေကလည်း အစိုးရကျောင်းတွေနဲ့ တက္ကသိုလ်တက်ရတာ စစ်ကောင်စီကို အသိအမှတ်ပြုရတာနဲ့တူတယ်လို့ ထင်နေကြတာ” ဟုသူပြောသည်။
ကိုးကား ။ ။ ဗြိတိသျှ ပညာရေး မဂ္ဂဇင်း Times Higher Education သတင်း Sharp drop in students sitting Myanmar’s matriculation exam
You may also like these stories:
ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ
ကျောင်းသားလူငယ်များ၏ အနာဂတ်ပညာရေး မျှော်လင့်ချက်မဲ့နေပြီလား
စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ
မြန်မာပြည်ပညာရေးနှင့် ဖက်ဒရယ်စနစ်
ကျောင်းမတက်ဘဲ ပညာတတ်အောင် ဘယ်လိုသင်မလဲ