စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တိုက်ပွဲများ၌ အထိနာသည့် စစ်ကောင်စီတပ်သည် နှောကန်ရွာကို မီးရှို့ကာ အနီးဝန်းကျင်ရွာများ သို့ စစ်ကြောင်းထိုးသဖြင့် အရပ်သားထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကောင်စီတပ်သည် အမာခံပျူရွာများဖြစ်သည့် အင်းမထီး၊ ဇီးဖြူကုန်းစသည့်ရွာများတွင် တပ်စွဲကာ နှောကန်၊ မင်းတိုင် ပင်၊ သရက်၊ မြေနီကုန်း၊ နှောရိုး အပါအဝင် ရွာ ၁၀ခန့်ကို စစ်ကြောင်းထိုးသဖြင့် ဒေသခံထောင်ချီ၍ စစ်ရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဧပြီ ၂ရက်နှင့် ၃ရက်နေ့များက စစ်တပ်နှင့် အင်းမထီးပျူတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်း ဒေသကာကွယ်ရေးများက တိုက်ခိုက် ရာ စစ်ကောင်စီတပ်များ အသေအပျောက်ရှိခဲ့သလို မင်းတိုင်ပင်ရွာအနီး၌ ဒေသကာကွယ်ရေးများက တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကြောင်း ရိုးမရာဇာအဖွဲ့က အတည်ပြု ပြောသည်။
ရိုးမရာဇာအဖွဲ့မှ ကိုစိုင်းက “ကျနော်တို့နဲ့ မီတာ ၅၀ လောက်ပဲ ဝေးတော့တဲ့ အချိန်မှာ ပစ်လိုက်တော့ ၅ ယောက်လုံး သေတယ်။ ကျနော်တို့က ပိုင်လို့ ပစ်တာ။ နောက်မှ သူတို့က ပစောက်ပုံနဲ့ ဘယ်တောင်ပံ၊ ညာတောင်ပံက တပုံကြီး ထွက်လာပြီး ဝိုင်းပစ်လို့ အင်အားချင်းရော ၊ လက်နက်ချင်းရော မမျှလို့ ပြန်ဆုတ်လာရတာ။ ၅ ယောက်တည်းဆို လက်နက်က ကောက်လို့ရတယ်” ဟု ပြောသည်။
မင်းတိုင်ပင်ရွာ စာသင်ကျောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းကို မီးရှှိုု့ထားသည့် အရိုးပြာနှင့် သွေးကွက် များ တွေ့ကြောင်း နယ်မြေရှင်းလင်းရေးတွင် ပါဝင်သည့် ၎င်းက ဆိုသည်။
ဧပြီ ၂ ရက်နေ့ကလည်း အိမ်ခြေ ၁၄၀ ခန့်ရှိသည့် နှောကန်ရွာသို့ စစ်ကြောင်းဝင်ပြီး မီးရှို့ ဖျက်ဆီးရာ ၇၈ နှစ်အရွယ် မကျန်း မာသည့် အဖွားအို ၁ ဦး မီးလောင် သေဆုံးသလို ၇၂နှစ်ရှိ အဖိုးအိုတဦးလည်း မီးလောင်ဒဏ်ရာရပြီး အိမ် ၁၂၀ ခန့် ပျက်စီးခဲ့သည်။
ထို့နေ့မှာပင် စစ်ကောင်စီတပ်နှင့် ဇီးဖြူကုန်း ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ငှက်ပျောတောရွာ နေအိမ်များမှ ပစ္စည်း များကို ယူဆောင်ကာ မင်းတိုင်ပင်ရွာသို့ဝင်လာစဉ် ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီ ဘက်မှ ၅ ဦးထက်မနည်း သေဆုံးမှု ရှိကြောင်း Pale Jokers ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မင်းတိုင်ပင်ရွာနှင့် စစ်တပ်အမာခံ ဇီးဖြူကုန်း ပျူစောထီးရွာသည် ၁ မိုင် ကွာဝေးပြီး အင်မထီးရွာနှင့် ၂ မိုင်ခန့် ဝေးသည်။ မင်းတိုင်ပင်ရွာအတွင်းရှိ ပစ္စည်းများကိုလည်း ယူဆောင်ပြီး ဖုန်းဆိုင်နှင့် ဈေးဆိုင်များကိုလည်း ဖောက်ထွင်း ဖျက်ဆီး သွား ကြောင်း ဒေသခံများထံမှ သိရသည်။
မြို့နယ်အတွင်း စစ်ကြောင်း ဝင်သည်နှင့် ပျူရွာမှ လက်နက်ကိုင် တပ်ဖွဲ့များသည် စစ်ရှောင်ကျေးရွာများသို့ ဝင်ရောက်ပြီး ပစ္စည်းများ လုယက်ယူဆောင်မှာ ယခင်ကတည်းက လုပ်လေ့ရှိကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ပြောသည်။
၎င်းက ဆက်လက်၍ “သူတို့ရိက္ခာပြတ်ခါနီးပြီ ဆိုရင် စစ်ကြောင်းလာရတာပေါ့။ ပျူတွေကို ရိက္ခာယူလို့ ရအောင် ပျူရွာနဲ့ နီးတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာပေါ့။ စစ်ကြောင်းထိုးလို့ ရောက်လာပြီဆိုရင် ပျူတွေက လှည်းတွေနဲ့ ထွက်လာ တာပေါ့။ ပြီးရင် ပြေးတဲ့ရွာတွေမှာရှိတဲ့ ပစ္စည်းတွေကို အကုန်ယူသွားတာပေါ့” ဟု ပြောသည်။
ဧပြီ ၂ ရက် နေ့လယ် ၁၂ နာရီကျော်တွင် မင်းတိုင်ပင်ရွာမှ နှောကန်ရွာဘက်သို့ ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ တော်လှန်သောကျောင်းသားများတပ်ဦး( RSF)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ (ဒေါင်းနက်)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များက ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦးနှင့် အခြားတဦး သေဆုံးပြီး MA 3 သေနတ် ၂ လက်၊ ဖုန်း ၂ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယခုဝင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဖူးကြီးအခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၄ ) လက်အောက်ခံ ခမရ ၇၀၄ မှ တပ်ဖွဲ့များ ဖြစ်ပြီး ဆားလင်းကြီးမြို့နယ်မှ ပုလဲမြို့နယ်အတွင်းသို့ အင်အား ၁၀၀ ကျော်ဖြင့် ဧပြီ ၁ ရက်နေ့ကတည်းက ဝင်ရောက်လာခြင်း ဖြစ်သည်။
ထိုစစ်ကြောင်းသည် ပုလဲမြို့နယ်၊ ငှက်ပျောတောရွာ မှ သားအဖ ၃ ဦး စီးလာသောယာဉ်ကို ပစ်သဖြင့် ဖခင်မှာ သေနတ် မှန်ခဲ့သလို ၁၀ နှစ်ဝန်းကျင်အရွယ် ကလေး ၂ ဦးလည်း မှန်ကွဲစ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ရက်က ပုလဲမြို့ပေါ်တွင် အထွေထွေအုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး ကင်းလှည့် ထွက်လာရာ ဗိုလ်ချုပ်ကြေးရုပ်၏ အရှေ့ဘက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်သဖြင့် ဒုတိယဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့က အတည်ပြု ပြောဆိုသည်။
ပုလဲမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်မှုမရှိသလို သေဆုံးသူ အရေအတွက်နှင့် ပတ်သက်၍မူ ဧရာဝတီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
You may also like these stories:
ဒီပဲယင်းတွင် တိုက်ပွဲ ပြင်းထန်သဖြင့် လေကြောင်းပစ်ကူခေါ်ရ
ဗိုလ်ဆင်ရိုင်းကို ဦးခေါင်းဖြတ်သည့် သက်သေမှတ်တမ်းထွက်လာ
မြန်မာနိုင်ငံကို စစ်ကောင်စီ ဘယ်လောက် တကယ် ထိန်းချုပ်နိုင်သလဲ