၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမတိုင်မီက သူနှင့် လိင်ဆက်ဆံရေးကိစ္စများကို ထုတ်ဖေါ် ပြောဆိုခြင်း မပြုရန် အမျိုးသမီး ၂ ဦးအား နှုတ်ပိတ်ခငွေပေးခဲ့ခြင်းကို စီစဉ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များ ပါဝင်သည့် သမိုင်းဝင် အမှုတခုတွင် လုပ်ငန်းမှတ်တမ်းများကို လိမ်လည်သည်ဆိုပြီး ထောင်ချနိုင်သည့် စွဲချက် ၃၄ ခုဖြင့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်သည်။
၂၀၁၆ ခုနှစ်က အောင်မြင်သော မဲဆွယ်ပွဲအတွင်း ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖေါက်မှု တခုကို ဖုန်းကွယ်ရန် ကြိုးစားမှုအတွက် မန်ဟက်တန်ရှိ တရားလိုရှေ့နေများက ထရမ့်ကို စွပ်စွဲပြီး ထရမ့်သည် ရာဇဝတ်မှုအတွက် တရားစွဲခံရသည့် ပထမဆုံး အမေရိကန် သမ္မတဟောင်း ဖြစ်လာသည်။
မည်သို့လျှောက်လှဲမည်နည်းဟု တရားသူကြီးက မေးသောအခါ အသက် ၇၆ နှစ်ရှိပြီဖြစ်သော ထရမ့်က “အပြစ်မရှိပါ” ဟုလျှောက်လှဲသည်။ အနက်ရောင်ဝတ်စုံနှင့် အနီရောင်လည်စီး ဝတ်ဆင်ထားသော ထရမ့်သည် သူ၏ ရှေ့နေများ ခြံရံကာ တရားခံစားပွဲတွင် လက်တင်ပြီး ငြိမ်သက်စွာထိုင်နေသည်။
သူ့တွင် အခွင့်အရေးတခု ရှိသည်ကို နားလည်ပါသလားဟု တရားသူကြီးက မေးသောအခါ ၂၀၂၄ ခုနှစ် ရီပတ်ဗလစ်ကန် သမ္မတလောင်း အမည်စာရင်းတင်သွင်းပွဲတွင် ထိပ်ဆုံးမှ ပြေးနေသူ ထရမ့်က “နားလည်ပါတယ်” ဟု ဖြေဆိုပုံ ပေါက်သည်။ တကြိမ်တွင် တရားသူကြီးက သူ့ထံမှ အဖြေရရန် နားကို လက်ဖြင့်အုပ်ပြရသည်။
တရားလိုရှေ့နေ ခရစ်ကွန်ရွိုင်းက “တရားခံ ဒေါ်နယ် ဂျေ ထရမ့်ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲရဲ့ ရိုးသားတည်ကြည်မှုကို ထိခိုက်စေပြီး အခြားရွေးကောက်ပွဲဥပဒေ ချိုးဖေါက်မှုတွေကို လိမ်လည်ဖို့ နယူးယောက်က သူ့စီးပွားရေးလုပ်ငန်းမှတ်တမ်းတွေကို လိမ်လည်ခဲ့တယ်” ဟု ပြောသည်။
နယူးယောက်တွင် လုပ်ငန်းမှတ်တမ်းလိမ်လည်သည်ဆိုသည့်ကိစ္စသည် ထောင် တနှစ်အောက်သာ ကျနိုင်သည့် သေးငယ်သောအမှုဖြစ်သော်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖေါက်မှုကဲ့သို့သော အခြားအမှုတခုကို ဖုံးကွယ်ရန် ကျူးလွန်ပါက ထောင် ၄ နှစ်အထိ ကျခံရနိုင်သည်။
ထိုအမှုတွင် ပတ်သက်နေသည့်အမျိုးသမီး ၂ ဦးမှာ အပြာရုပ်ရှင်မင်းသမီး စတောင်းမီ ဒန်နီရယ်နှင့် ပလေးဘွိုင်း မဂ္ဂဇင်းမော်ဒယ် ကာရင် မက်ဒေါက်ဂယ်တို့ဖြစ်သည်။
ဆိုရှယ်မီဒီယာပို့စ်များ
ထရမ့်သည် သူ့ကိုတရားစွဲလျှင် သတ်ဖြတ်ဖျက်ဆီးမည် ဆိုသည့် ခြိမ်းခြောက်မှုတခု အပါအဝင် လူမှုကွန်ရက် ပို့စ် အများအပြားတင်ခဲ့သည်ဟု ရုံးတင်စစ်ဆေးချိန်တွင် တရားလိုရှေ့နေများပြောသည်။ နှစ်ဘက်လုံးအနေဖြင့် အကြမ်းဖက်မှု သို့မဟုတ် မတည်ငြိမ်မှု လှုံ့ဆော်သည့် လျှောက်လှဲချက်များ မပြုလုပ်ရန် တရားသူကြီးက တောင်းဆိုသည်။
နယူးယောက်တွင် အေးချမ်းပြီးနေသာသော နွေးဦးရာသီ အစောပိုင်း နေ့တနေ့၌ ရုံးတင်စစ်ဆေးစဉ် တည်ငြိမ်မှုထိန်းသိမ်းရန် ထရမ့်ကို ထောက်ခံသူများနှင့် ဝေဖန်သူများအား ရဲတပ်ဖွဲ့က ချထားသည့် အတားအဆီးများဖြင့် ခွဲခြားထားသော်လည်း ထိပ်တိုက်တွေ့မှု အနည်းငယ်ရှိသည်။
ထရမ့်သည် တရားရုံးသို့လာရောက်စဉ်နှင့် နောက်တနာရီခန့်အကြာ ပြန်သွားချိန်အထိ မည်သည့် စကားမျှမပြောပေ။
ထိုနောက် သူသည် ဖလော်ရီဒါသို့ ပြန်သွားပြီး အင်္ဂါနေ့ညက ပမ်းဘိချ် ကမ်းခြေတွင် မိသားစု၊ မိတ်ဆွေများနှင့် ထောက်ခံသူများကို မာအလက်ဂို ကလပ်တွင် မိန်ခွန်းပြောပြီး စုံစမ်းစစ်ဆေးသူများ၊ တရားလိုရှေ့နေများနှင့် ပြိုင်ဘက်နိုင်ငံရေးသမားများအပေါ် နာကျည်းချက်များကို ပြောသည်။
နယူးယောက်မှ တရားစွဲဆိုမှုသည် ရွေးကောက်ပွဲ စွက်ဖက်မှုဖြစ်ကြောင်းပြောသည်။
“အမေရိကမှာ ဒါမျိုးဖြစ်လာမယ်လို့ ကျနော်တခါမှ မစဉ်းစားခဲ့ဘူး” ဟု ထရမ့်ပြောသည်။ “ကျနော်ကျူးလွန်ခဲ့တဲ့ တခုတည်းသောအမှုက ကျနော်တို့ နိုင်ငံကို ဖျက်ဆီးမယ့် သူတွေရဲ့ရန်က နိုင်ငံကို အကြောက်တရားကင်းမဲ့စွာ ကာကွယ်ခဲ့တာပဲ ရှိတယ်” ဟု သူပြောသည်။
ထရမ့်သည် ဂျော်ဂျီယာ ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအရှုံးကို ပြောင်းလဲစေရန် တရားမဝင် ကြိုးစားခဲ့ခြင်း ရှိမရှိ ခရိုင်တရားလိုတဦးက သီးခြားရာဇဝတ်စုံစမ်းစစ်ဆေးမှု တခုကိုလည်း ရင်ဆိုင်နေရသည်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေရန် အားထုတ်မှု နှင့် ရာထူးမှ ထွက်ခွာပြီးနောက် လှို့ဝှက်စာရွက်စာတမ်းများကိုင်တွယ်မှု ပြဿနာတို့နှင့် ပတ်သက်သည့် အမေရိကန် တရားရေးဌာန အတိုင်ပင်ခံတဦး၏ စုံစမ်းစစ်ဆေးမှုကိုလည်း သူရင်ဆိုင်နေရသည်။
“သူတို့က ကျနော့်ကို မဲပုံးမှာ ချေမှုန်းလို့ မရဘူး ဒါကြောင့် ဥပဒေကနေ ကျနော့်ကို ချေမှုန်းဖို့ ကြိုးစားတာ ဖြစ်တယ်” ဟု ထရမ့်ပြောသည်။
ထိုနေ့အစောပိုင်းတွင် ထရမ့်က လူမှုကွန်ရက်တွင် “မန်ဟက်တန်အောက်ပိုင်း တရားရုံးကို သွားနေတယ်။ မဖြစ်နိုင်တာတွေ ဖြစ်နေသလိုပဲ။ ဝေါင်း သူတို့ ကျနော့်ကိုဖမ်းတော့မယ်။ အမေရိကမှာ ဒီလိုဖြစ်တာ ယုံတောင်မယုံနိုင်ဘူး” ဟု ရေးသားသည်။
မန်ဟက်တန်ခရိုင်ရှေ့နေ ဘရက်နှင့် အဖွဲ့သည် ခိုင်မာသောအမှုတခုကို တင်ပြထားပုံရသည်ဟု မန်ဟက်တန်မှ တရားစီရင်မှုများ ယခင်ကကြီးကြပ်ခဲ့သူ ခုခံချေပရှေ့နေ အဒမ် ကော့ဖ်မင်း ပြောသည်။
“သူတို့လုပ်ထားတာက အရေးပါတဲ့ လုပ်ငန်းမှတ်တမ်း လိမ်လည်မှု စွဲချက်လို့ယူဆရပြီး အချက်အလက်တင်ပြတာကနေတဆင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုတခုကို တင်ပြတာ။ အရမ်း ထိရောက်မှု ရှိတယ်လို့ ကျနော်ထင်တယ်” ဟု ကော့ဖ်မင်းပြောသည်။
အခြားတရားလိုရှေ့နေဟောင်းတဦးဖြစ်သူ ဂျရမီ ဆယ်လန်းကမူ တရားလိုရှေ့နေများသည် ထိုစွဲချက်များဖြင့် ရှည်လျားစွာ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိသည်ဟုပြောသည်။ ထိုသို့ပြောရခြင်းမှာ ထရမ့်ကို ရာဇဝတ်ကြောင်း စွဲဆိုမှုမရှိသော်လည်း ရွေးကောက်ပွဲ ဥပဒေ ချိုးဖေါက်ရန် ရည်ရွယ်သည်ဟု ဂျူရီလူကြီးများအား သက်သေပြရမည်ဖြစ်သောကြောင့် ဟုဆိုသည်။
ဒီဇင်ဘာ ၄ ရက်နေ့တွင် ထပ်မံကြားနာမည်
တရားသူကြီး ဂျူယန် မာချန် နောက်တကြိမ် ကြားနာမှုကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် ချိန်းဆိုသည်။ တရားခွင်သည် တနှစ်ကြာသည့်တိုင် စတင်နိုင်မည်မဟုတ်ကြောင်း၊ စီရင်ချက်ချလျှင်ပင် သမ္မတ ရွေးကောက်ပွဲဝင်ခြင်းမှ ထရမ့်ကို တားဆီးနိုင်မည်မဟုတ်ကြာင်း ဥပဒေ ကျွမ်းကျင်သူများပြောသည်။
“ကျနော်တို့ အပြင်းအထန် ခုခံသွားမယ်” ဟု ထရမ့်၏ ရှေ့နေတဦးဖြစ်သော တော့ဒ် ဘလန်ချီက ရုံးတင်စစ်ဆေးမှုပြီးနောက် ပြောသည်။ ထရမ့်သည် စွဲချက်များအတွက် စိတ်ပျက်လက်ပျက် ဒေါသ ထွက်နေသော်လည်း စိတ်အားထက်သန်မှု ရှိနေသည်ဟု သူပြောသည်။ “သူ့ကို ဒီကိစ္စက တားဆီးနိုင်မှာ မဟုတ်ဘူး။ သူ့ကို နှေးကွေးသွားစေမှာ မဟုတ်ဘူး။ ဒါကို သူမျှော်လင့်ထားပြီးသား” ဟု ပြောသည်။
နိုင်ငံရေး ပယောဂ မကင်းသည့် အကြောင်းများကြောင့် ပစ်မှတ်ထား စွပ်စွဲသည်ဟု ထရမ့်နှင့် အခြားရီပတ်ဗလစ်ကန်များက စွပ်စွဲခံရသည့် အမှုလိုက် ဒီမိုကရက်တဦးဖြစ်သော ဘရက်က စွဲချက်များကို ခုခံကာကွယ်ပြောကြားသည်။
“လူတိုင်း လူတိုင်း တရားဥပဒေရှေ့မှောက်မှ ာတန်းတူညီမျှရမယ်ဆိုတဲ့ လေးနက်တဲ့တာဝန်ကို ကျနော်တို့ ဒီနေ့ရှေ့တန်းတင်တယ်။ ငွေဘယ်လောက်ပဲဖြစ်ဖြစ် အာဏာဘယ်လောက်ပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အမေရိကန် စည်းမျဉ်းကို မပြောင်းလဲစေရဘူး” ဟု ပြောသည်။
ဘရက်က စုဝေးခေါ်ယူထားသော ထရမ့်ကို တရားစွဲသည့် ဂျူရီလူကြီးများအဖွဲ့သည် ၂၀၁၆ သမ္မတမဲဆွယ်ပွဲအစောပိုင်းက ဒန်နီရယ်သို့ ဒေါ်လာ ၁၃၀,၀၀၀ ပေးသည့်အမှု အထောက်အထားများကို ကြားနာခဲ့သည်။ ၂၀၀၆ နှစ်က လိပ်တာဟိုး ဟိုတယ်တခုတွင် ထရမ့်နှင့် လိင်ဆက်ဆံခဲ့ခြင်းကို နှုတ်ပိတ်ထားစေရန် သူ့ကို ငွေပေးခြင်းဖြစ်ကြောင်း ဒန်နီရယ်က ပြောခဲ့ဖူးသည်။
National Enquirer မဂ္ဂဇင်း ထုတ်ဝေသူဟောင်း ဒေးဗစ်ပက်ကားက ထိုစဉ်က ထရမ့် မဲဆွယ်ပွဲအတွင်း အဖျက်သဘောဆောင်သည့် ဇာတ်လမ်းများကို သတိထားရန် လိုကြောင်းပြောသည်ဟု တရားလိုရှေ့နေများက တင်ပြသည်။ ထိုစာစောင်၏ မိခင် ကုမ္ပဏီ American Media Inc က သူမ၏ ဇာတ်လမ်းကို ဝယ်ယူပြီး လျှို့ဝှက်ထားရန် မက်ဒေါက်ဂယ်အား ဒေါ်လာ ၁၅၀၀၀၀ ပေးခဲ့သည်။ ထရမ့်နှင့် လက်မထပ်ဘဲ ကလေးတယောက်မွေးထားသည်ဆိုသည့် မမှန်ကန်သောဇာတ်လမ်းကို ဝယ်ယူရန် ထိုလုပ်ငန်းက ထရမ့်တာဝါမှ တံခါးစောင့်တဦးကိုလည်း ဒေါ်လာ ၃၀၀၀၀ ပေးခဲ့ရသေးသည်။
ထရမ့်၏ရှေ့နေဟောင်း မိုက်ကယ်ကိုဟင်က သူသည် ဒန်နီရယ်နှင့် မက်ဒေါက်ဂယ်တို့ကို ငွေပေးရန် ထရမ့်နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟုပြောသည်။ ထရမ့်က ထိုအမျိုးသမီးနှစ်ဦးအနက် မည်သူနှင့်မျှ လိင်မဆက်ဆံခဲ့ကြောင်း ပြောသော်လည်း ဒန်နီရယ်သို့ ပေးသည့်ငွေကို ကိုဟင်အားပြန်ထုတ်ပေးကြောင်း ဝန်ခံသည်။
နှုတ်ပိတ်ခပေးချေရန် ရှေ့နေသို့ငွေပြန်ထုတ်ပေးသည့် ချက်လက်မှတ်များတွင် အလုပ်အကိုင်သဘောတူညီချက်အတွက်ပေးသည်ဟု လိမ်လည်ဖေါ်ပြထားကြောင်း တရားလို ရှေ့နေများက ပြောသည်။ စွဲဆိုချက်တွင် ထရမ့်သည် လိမ်လည်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ အိမ်ခြံမြေ ကုမ္ပဏီမှ စာရင်းများကို လိမ်လည်သည်ဟု စွပ်စွဲထားသည်။
လိမ်လည်သော မှတ်တမ်းများတွင် ကိုဟင်ထံမှ ငွေတောင်းခံစာများ၊ ထရမ့်အဖွဲ့အစည်းက ထိန်းသိမ်းထားသည့် ထရမ့်အတွက် ငွေစာရင်းတွင် ထည့်သွင်းထားသည့် အချက်များ၊ ချက်လက်မှတ် ဖြတ်ပိုင်းများ ပါဝင်သည်ဟု စွဲဆိုချက်တွင် ဖေါ်ပြထားသည်။
ဘရက်၏ရုံးက ထရမ့်ကို ရွေးကောက်ပွဲဥပဒေ ချိုးဖေါက်မှုဖြင့် တရားစွဲဆိုခြင်း မရှိပေ။
“နယူးယောက်ပြည်နယ်ဥပဒေအရ လိမ်လည်ရန် နဲ့ အခြားရာဇဝတ်မှုတခုကို ဖုံးကွယ်ရန် ရည်ရွယ်ချက်နဲ့ လုပ်ငန်းမှတ်တမ်းတွေကို လိမ်လည်ခြင်းဟာ ထောင်ချနိုင်တဲ့ ပြစ်မှုဖြစ်တယ်။ ဒီအမှုက ဒါပဲ။ အခြားရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ လိမ်လည်မှု ၃၄ မှု လုပ်ခဲ့တယ်” ဟု ဘရက်ပြောသည်။
ကိုးကား။ ။ Reuters သတင်း Trump charged with hush-money scheme to boost 2016 election chances
You may also like these stories:
ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ
သမ္မတဟောင်း ထရမ့် အဖမ်းခံရတော့မလား
အုတ်အော်သောင်းတင်းဖြစ်လာတဲ့ AI ကမ္ဘာ
သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း
အမေရိကန်ကွန်ဂရက် စီးနင်းခံရမှုအပေါ် မြန်မာတွေရဲ့ အမြင်သဘောထား