၂၀၂၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ငှက်ဖျားကူးစက်မှု ၁,၀၀၀ ရာခိုင်နှုန်းကျော် ခုန်တက်သွားသောကြောင့် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါပိုး ကင်းစင်အောင် ကြိုးစားနေသည့် ထိုဒေသအတွက် ထိုးနှက်ချက်ဖြစ်သည်။
တောင်တန်းနှင့် သစ်တောထူသည့် ကရင်ပြည်နယ်တဝန်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၄,၅၁၀ ရှိပြီး ၂၀၂၀ ပြည့်နှစ် အလားတူအချိန်က ဖြစ်ပွားမှု ၃၉၉ ခုနှင့် နှိုင်းယှဉ်နိုင်သည်။ လွန်ခဲ့သောနှစ်တွင် ငှက်ဖျားဖြစ်ပွားမှု စုစုပေါင်း ၃၂,၀၀၀ ခန့်ရှိသည်။ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် နှစ်နှစ်လုံးတွင် ငှက်ဖျားဖြစ်ပွားမှု ၈,၀၀၀ ပတ်ဝန်းကျင်စီသာ ရှိသည်။
ရှိုကလိုးငှက်ဖျားသုတေသနဌာန (SMRU) ၏ အဆိုအရ ယခုကဲ့သို့ ဖြစ်ပွားမှုနှုန်း ခုန်တက်ခြင်းသည် ထိုပြည်နယ်တွင် ကူးစက်ဖြစ်ပွားမှု နည်းပါး ကျဆင်းနေသည့် နှစ်ပေါင်းများစွာကို မှောက်လှန်လိုက်ခြင်း ဖြစ်သည်။ ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ချင်းထိနေပြီး နယ်စပ်များသည် လုံခြုံခြင်းမရှိပေ။
၁၉၉၀ ပြည့်နှစ်များတွင် ငှက်ဖျားဖြစ်ပွားမှု လျော့ကျခဲ့သော်လည်း ယခုအခါ နေ့စဉ်နေ့တိုင်းနီးပါး ကူးစက်မှုသစ်များကို တွေ့နေရကြောင်း နှစ်နိုင်ငံကို ခွဲခြားထားသည့် ကွေ့ဝိုက်စီးဆင်းနေသော သောင်ရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်မှ ဖော့ဖရာ တောင်ဘက် ဆေးခန်းငယ်တခုမှ ကျန်းမာရေးလုပ်သားများက တယ်လီဂရပ်ဖ်သတင်းစာသို့ ပြောသည်။
“အခြေအနေက တကယ့်ကို ပြောင်းလဲသွားပြီ။ ကျမတို့ မြင်ချင်တဲ့ ပြောင်းလဲမှုမျိုးတော့ မဟုတ်ဘူး” ဟု ထိုဆေးခန်းမှ ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ရေးဌာန အကြီးအကဲ အဲမူးက ပြောသည်။ ထိုဆေးခန်းသည် မြန်မာမှ ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အခြေချသူများကို ကျန်းမာရေး ဝန်ဆောင်မှုပေးသော ဆေးခန်းဖြစ်သည်။ “ကျမ ဒီမှာ စလုပ်တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်အထိတော့ မဆိုးသေးဘူး။ ဒါပေမယ့် အခုတိုးလာတာက ကူးစက်မှု ပြောင်းလဲနေတဲ့သဘောမျိုး ပြသနေတယ်။ အထူးသဖြင့်တော့ မြန်မာဘက်ခြမ်းနယ်စပ်မှာ ဖြစ်နေတာ” ဟုလည်း ၎င်းကပြောသည်။
သူ၏စကားကို သက်သေပြသည့် အနေဖြင့် ဆေးခန်းပြင်ပသို့ထွက်ပြီး လူနာများစောင့်နေသော နေရာသို့ ခေါ်သွားသည်။ ထိုနေရာတွင် အမျိုးသမီးနှင့်ကလေး တဒါဇင်ခန့် ခုံတန်းရှည်တွင် ထိုင်စောင့်နေကြပြီး ငှက်ဖျားကူးစက်ခံရသူများ ပါ၊ မပါ မေးသည်။ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တဦးက လက်ထောင်ပြသည်။ သူသည် ငှက်ဖျားကူးစက်ခံရပြီး ဖျားနာခြင်းဖြစ်ကြောင်း ဓာတ်ခွဲခန်းကလည်း ယခုပင် အတည်ပြုထားသည်။
“တွေ့လား။ ကူးစက်မှုသစ်တွေကို ကျမတို့ နေ့တိုင်းအတည်ပြုနေရတယ်။ အဲဒါက စိတ်ပူစရာကောင်းတယ်” ဟု အဲမူးက ပြောသည်။
ကျွမ်းကျင်သူများကို အတုန်လှုပ်စေဆုံးသောဒေသမှာ မိုင်ရာဂဏန်း အနည်းငယ်ဝေးသည့် ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်တွင် ဖြစ်သည်။ ဖာပွန်မြို့နယ်တွင် ဒီဇင်ဘာလက ကူးစက်မှု ရုတ်တရက် မြင့်မားလာခြင်းသည် အန္တရာယ်ကြီးမားသည့် Plasmodium falciparum ငှက်ဖျား ကပ်ပါးပိုး ဖြစ်သည်။
ထိုပိုးသည် ဒေသတွင်းတွင် ကူးစက်မှုမြင့်မားသည့် Plasmodium vivax ထက် ပိုမိုပြင်းထန်သည့် ကူးစက်မှုများ ဖြစ်စေရုံသာမက အရေးပါသော ကုထုံးများကို ခံနိုင်ရည်တိုးတက်လွယ်သည်။
“Plasmodium vivax တောင် လူတွေက ကူးစက်မခံချင်ဘူး။ ဒါပေမယ့် အဲဒီပိုးက လူမသေဘူး။ အန္တရာယ် နည်းတယ်” ဟု SMRU ဒါရိုက်တာနှင့် အပူပိုင်းဒေသဆေးပညာ ပါမောက္ခ ဖရန်ဆွာ နော့စတင်က ပြောသည်။ “ကျနော်တို့ အရမ်းစိုးရိမ်နေတာက Plasmodium falciparum ပဲ။ သူက ပိုပြင်းထန်ပြီး ဆေးကိုလည်း အများကြီး ပိုမို ခံနိုင်တယ်။ အဲဒါက ပြဿနာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က တိုက်ဖျက်ချင်နေတာ” ဟု သူကပြောသည်။
မြန်မာတွင် နှစ်စဉ် ငှက်ဖျားကူးစက်မှု အထွတ်အထိပ်ရောက်သည့်ကာလ နှစ်ခုရှိသည်။ မိုးရာသီဖြစ်သည့် မေလမှ စက်တင်လာအထိ ကာလနှင့် ထို့ထက် ပိုမိုအပြင်းအထန် ကူးစက်သည့် ဆောင်းရာသီဖြစ်သော နိုဝင်ဘာနှင့် ဒီဇင်ဘာလ ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ကရင်ပြည်နယ် မြောက်ပိုင်းဒေသတခုမှ ကူးစက်မှု ၁,၄၃၁ ခုသည် Plasmodium falciparum ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ၈၃၃ ခုရှိသည်။ ထိုသို့တိုးလာခြင်းမှာ သိသိသာသာ တိုးလာခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ထိုပိုးကူးစက်မှု ၂၁၃ ခု၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၀၃ ခုနှင့် ၂၀၁၉ ခုနှစ်က ၃၉ ခုသာရှိသည်။
မကြာသေးမီက ဖြစ်ပွားသော ဖြစ်ရပ်များသည် အခန်းကဏ္ဍတခုမှ ပါဝင်နိုင်သော်လည်း ပြည်နယ်၏ ထိုအစိတ်အပိုင်းတွင် မည်သည့်အတွက် Plasmodium falciparum ကူးစက်မှု ပိုမိုကျယ်ပြန့်နေသည်ကို ရှင်းလင်းစွာ မသိရပေ။
ကိုဗစ်နိုင်တင်းကပ်ရောဂါအတွင်း ကိုဗစ်နိုင်တင်းပျံ့နှံ့မှုကို ထိန်းချုပ်ရန် အစီအမံများကြောင့် လူမှုအသိုက်အဝန်း အချို့သို့ သွားရောက်ရန် ခက်ခဲသလို ကုန်စည်ဖြန့်ချိရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု ကွင်းဆက်များ ပြတ်တောက်သွားသောကြောင့် ငှက်ဖျားကူးစက်မှု ပထမဆုံး ပြန်လည် မြင့်မားလာသည်။
ထို့နောက်တွင် မြန်မာမှ မရေရာသော လုံခြုံရေးအခြေအနေသည် ထိုသို့ ကူးစက်မှုတိုးလာခြင်းကို တုံ့ပြန်ရန် ပိုမို ခက်ခဲစေသလို နေရပ်စွန့်ခွာထွက်ပြေးရသူ အများအပြားသည် ခြင်ပေါသော သစ်တောများသို့ ထွက်ပြေးရသည်။
ကူးစက်မှုတိုးသည့်ရောဂါမှာ ငှက်ဖျားတခုတည်းသာမကပေ။ မဲဆောက်မြို့ပြင်တွင် ၁၉၈၉ ခုနှစ်မှစတင်ပြီး မြန်မာရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော မယ်တော်ဆေးခန်းမှ ကျန်းမာရေးလုပ်သားများက အသစ်ရောက်လာသူများအကြားတွင် တီဘီအဆုတ်ရောဂါ၊ ပြင်းထန်သော HIV နှင့် အာဟာရ ချို့တဲ့မှုစသည့် ရောဂါနှင့်အခြေနေများ တိုးလာနေကြောင်း ပြောသည်။
“ဝန်ဆောင်မှုတွေ ပြတ်တောက်နေလို့ အခြေအနေတခုလုံးကတော့ ပိုမိုဆိုးရွားလာနေတယ်။ မြန်မာ့ကျန်းမာရေးစနစ်က ပြိုလဲလုနီးပါးဖြစ်နေတာကို ကျမတို့ တွေ့နေရတယ်” ဟု ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းက မြန်မာ့နိုင်ငံရေး အုံကြွမှုကြောင့် မြန်မာမှ ထွက်ပြေးလာပြီး ထိုဆေးခန်းကို တည်ထောင်ခဲ့သူ ဒေါက်တာ စင်သီယာမောင်က ပြောသည်။
“ဒါကြောင့် ပိုမိုပြင်းထန်တဲ့ HIV ခံစားရတာတွေဖြစ်စေ၊ ကလေးတွေ အာဟာရချို့တဲ့တာတွေဖြစ်စေ အခြားမကူးစက်နိုင်တဲ့ရောဂါတွေကိုဖြစ်စေ ပိုမိုတွေ့လာရတယ်” ဟု ၎င်းကပြောသည်။
သို့သော် ငှက်ဖျားရောဂါကူးစက်မှု မြင့်မားလာခြင်း၊ အထူးသဖြင့် Plasmodium falciparum ကူးစက်မှု တိုးလာခြင်းက အထူးထိုးနှက်ချက်ဖြစ်သည်။
မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့ ပါဝင်သည့် မဲခေါင်ဒေသခွဲ တခုလုံးတွင် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ငှက်ဖျားကူးစက်မှု သိသိသာသာ ကျဆင်းလာပြီး ကျန်းမာရေးအရာရှိများ အကောင်းမြင်လာကာ ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားပပျောက်ရန် ရည်မှန်းချက် ချခဲ့ကြသည်။
၁၉၅၀ ပြည့်နှစ်များနောက်ပိုင်း ငှက်ဖျားဆေးဝါးများကို ကပ်ပါးပိုးက ခံနိုင်ရည်မြင့်လာခြင်းသည် မဟာမဲခေါင်ဒေသခွဲအတွင်း ဖြစ်ပေါ်နေသောပြီး နောက်ပိုင်းမှသာ အာဖရိက အပါအဝင် အခြားဒေသများသို့ ရောက်ရှိသောကြောင့် ထိုကိစ္စသည် အထူးအရေးပါသည်။
“ဒီဒေသမှာ Plasmodium falciparum ကို တိုက်ဖျက်ဖို့ ကျနော်တို့ ဘာကြောင့်လုပ်ခဲ့တာလဲ။ လူသားတွေကို မေတ္တာထားလို့ သက်သက် လုပ်နေတာမဟုတ်ဘူး။ ဒီဒေသက ကပ်ပါးပိုးက ဆေးဝါးဒဏ်အရမ်းခံနိုင်လို့” ဟု ပါမောက္ခ နော့စတင်က ပြောသည်။ “ဒီကပ်ပါးပိုးရဲ့ ဆေးဝါးခံနိုင်ရည်ကို တားဆီးဖို့ တခုတည်းသော နည်းလမ်းက သူ့ကို ပပျောက်သွားအောင် လုပ်ဖို့ပဲ။ ကျနော်တို့ အဲဒီလိုပဲ ဆက်လက်အာရုံစိုက်ဖို့ လိုတယ်လို့ ကျနော်တို့ထင်တယ်” ဟု ပြောသည်။
ကရင်ပြည်နယ်မြောက်ပိုင်းတွင် ငှက်ဖျား ရောဂါကို ပျံ့နှံ့စေသည့် ထိုကပ်ပါးပိုးများသည် အာတီမီစင်နင်ဆေး artemisinin ကို ခံနိုင်ရည် ရှိသော်လည်း အခြား ပိုမိုသစ်လွင်သောဆေးများ ထိရောက်မှုနည်းလာသည့် အထောက်အထား မတွေ့သေးကြောင်းလည်း ၎င်းက ပြောသည်။
သို့သော် ထိုအခြေအနေသည် အချိန်မရွေး ပြောင်းလဲသွားနိုင်ပြီး ဆက်လက်ကူးစက်မှု လျှော့ချရန်အတွက် ထိုရောဂါကို အလျင်အမြန် ရှာဖွေဖော်ထုတ်ကုသပေးရန် အရေးကြီးသည်။ ထိုဒေသမှ ခြင်များသည် နေ့ဘက်နှင့် ညအစောပိုင်းတွင် ကိုက်သောကြောင့် အလျင်အမြန် ရှာဖွေကုသခြင်းသည် ခြင်ထောင်များ အကူအညီ ပေးသည်ထက် ပိုမိုအရေးကြီးသည်။
“မြန်မာမှာ လူတိုင်းသုံးနေတဲ့ artemether-lumefantrine, ACT ငှက်ဖျားဆေးတွဲကို ပိုးကခံနိုင်ရည်ရှိနေနိုင်လို့ ကျနော်တို့ သတိထားရမယ်။ အကဲဖြတ်လေ့လာမှုလုပ်ရတာ ခက်ခဲတော့ ခံနိုင်ရည်ရှိတာကို သိဖို့ခက်တယ်။ ဒါကြောင့် သတိလက်လွတ် မနေသင့်ဘူး” ဟု ပါမောက္ခ နော့စတင်က ပြောသည်။
(The Telegraph ပါ Sarah Newey ၏ War-torn Myanmar hit by 1,000pc leap in malaria cases ကို ဘာသာပြန်သည်။)
You may also like these stories:
မတူပီမြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ဆေးဝါးလည်း ပြတ်လပ်နေ
ကိုယ့်သမိုင်း ကိုယ်ရေးချင်သူတွေကို ဖိတ်ခေါ်လိုက်တဲ့ ဒေါက်တာဇော်ဝေစိုး
စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်အပြင် ရာသီဥတုဘေးပါ ရင်ဆိုင်နေရ
အဆိုတော် ရေမွန် ငှက်ဖျားကြောင့် ဆုံးပါးတာ မဟုတ်ဟုဆို
ကရင်စစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် အသုံးအဆောင် အကူညီများ လိုအပ်နေ