ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်းအတွင်းရှိ စစ်တပ်လေတပ်စခန်းသို့ ယမန်နေ့ည ၉ နာရီခန့်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားကာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း လေဆိပ်တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။
တိုက်ခိုက်မှုတွင် ပေါက်ကွဲသံများအပြင် လက်နက်ငယ်ပစ်ခတ်သံများလည်း အနီးအနားနေထိုင်သူများ ကြားခဲ့ရပြီး စစ်ကောင်စီက လေဆိပ်အား ညပိုင်းတွင် ယာယီပိတ်ခဲ့သည့်အပြင် လေဆိပ်အနီး လူနေရပ်ကွက်များကိုလည်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့မနက် ၅ နာရီခန့်မှ လေဆိပ်အားပြန်ဖွင့်ကာ ပုံမှန် လည်ပတ်လျက်ရှိကြောင်း လည်း သိရသည်။
ရန်ကုန်ပြည်တွင်း လေဆိပ်အပိုင်းတွင် တာဝန်ကျနေသည့် ဝန်ထမ်းတဦးက “အခုမနက် လေဆိပ်ကတော့ ပုံမှန် အတိုင်း ဖွင့်ထားတယ်။ မနေ့ညကလည်း ဖြစ်တဲ့အချိန် ၁ နာရီကျော်လောက် ပိတ်ထားလိုက်ပြီး ပြန်ဖွင့်ပေးထားတယ်။ အစစ်အဆေးကတော့ ပိုကြမ်းနေတာပေါ့။ တခြား ထိခိုက်ပျက်စီးမှုတွေတော့ မသိရသေးဘူး” ဟု ပြောသည်။
ယင်းပြင် ယနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရန်ကုန်လေဆိပ်မှ မန္တလေးသို့ထွက်ခွာမည့် လေကြောင်းခရီးစဉ်အား ပုံမှန်အတိုင်းပြေးဆွဲမည်ဖြစ်ပြီး လက်မှတ်များအားလုံး ရောင်းကုန်ထားပြီး ဖြစ်ကြောင်းလည်း မြန်မာအမျိုးသား လေ ကြောင်းလိုင်း(MNA) က သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ လေတပ်စခန်းအား ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးက ပြောသည်။
ယင်းပြင် တိုက်ခိုက်မှုကြောင့် လေယာဉ်ပြေးလမ်းကြောင်း၊ လေတပ်ရုံးဌာနချုပ်နှင့် တပ်တွင်းဆေးခန်းတို့အား ထိမှန် ပျက်စီးမှုရှိခဲ့ပြီ BOC ဓာတ်ဆီဆိုင်အနီးမှ ရေဒါနှစ်ခု မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်းလည်း ၎င်းတို့က ပြောဆိုထားသည်။

အဆိုပါ ထိခိုက်မှု အသေးစိတ်အချက်အလက်များအား ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း လေဆိပ်အနီးနေထိုင်သူတချို့က ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများကြားရပြီးနောက် လေဆိပ်ပြေးလမ်း ပတ်ဝန်းကျင်တွင် မီးလောင်မှုအချို့ ရှိခဲ့ကြောင်း ပြောကြသည်။
မင်္ဂလာဒုံမြို့နယ်အတွင်းမှ တည်းခိုခန်း ပိုင်ရှင်တဦးကလည်း “မနေ့ညဖြစ်တုန်းကတော့ ဗုံးပေါက်တဲ့အသံလို အသံကြီး တွေ ကြားရတယ်။ သေနတ်သံတွေ တောက်လျှောက်ကြားရတယ်” ဟု ပြောသည်။
စစ်ကောင်စီလေတပ်မှ တပ်ဖွဲ့ဝင်ဟောင်းတဦးက ယခုကဲ့သို့ တိုက်ခိုက်နိုင်မှုသည် စစ်ကောင်စီအပေါ် ခြိမ်းခြောက်နိုင်ခဲ့ ခြင်းဖြစ်ပြီး ပစ်ခတ်ခဲ့သည့် ၁၀၇ မမ ရှော့တိုက်ဒုံးများသည် ပစ်မှတ်ချိန်ကာ ပစ်ခတ်ရနိုင်သည့် အနေအထား မဟုတ် သည့်အတွက် ပစ်မှတ်ထိမှန်မှု ရှိမရှိ ပြောရန် ခက်ခဲကြောင်း ထောက်ပြသည်။
၎င်းက “လေယာဉ်ကွင်းက အကျယ်ကြီးပါ၊ နွေရာသီဆို မြက်ခြောက်တွေ မီးလောင်မှာစိုးလို့ မီးတားလမ်း အကြီးကြီး တွေ လုပ်ရတယ်။ ဆီကန်တွေဘက်ကို ကျည်ကျမကျတော့ မသိဘူး၊ မြက်ခြောက်တွေပေါ် ကျည်ကျရင်လည်း မီး လောင်တာမျိုးတော့ ရှိမယ်။ တခုရှိတာက ၁၀၇ မမ ရှော့တိုက်ဒုံးကလည်း ပစ်မှတ်ကို ချိန်ပစ်လို့ရနိုင်တာ မဟုတ် သလို အမြောက်တို့ တခြားလက်နက်ကြီးလိုလည်း အတိုးအလျော့လုပ်ပြီး ပစ်လို့ရတာ မဟုတ်တော့ အပျက်အစီး အတိအကျတော့ မသိဘူး” ဟု ပြောသည်။
အာဏာသိမ်းစစ် ကောင်စီအနေဖြင့် နိုင်ငံတဝန်းတွင် လေကြောင်းအသုံးပြုကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ကျေးရွာ များ၊ စစ်ရှောင်စခန်းများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိသည့် အခြေအနေတွင် တော်လှန်ရေးအင်အားစုများ ဘက်ကလည်း စစ်ကောင်စီ၏ အဓိက ထောက်တိုင်ဖြစ်သော လေတပ်စခန်းများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာ
အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု အမှန်တကယ် ထိရောက်ရဲ့လား
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ