စစ်ကိုင်းတိုင်း မြို့တော်မုံရွာ သင်္ကြန်ကို စည်ကားစွာကျင်းပနိုင်ရေး မတ်လကုန်ပိုင်းမှစ၍ စစ်တပ်၊ ရဲ လုံခြုံ ရေးအပြည့်ဖြင့် လမ်းများပိတ်ကာ မဏ္ဍပ်တည်ဆောက်ခြင်းနှင့် ပြင်ဆင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။
အာဏာမသိမ်းမီက ချင်းတွင်းမြစ်ဘေး၌ ချင်းတွင်းသင်္ကြန်ကို စည်ကားစွာကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ မုံရွာမြို့တွင်း ရှိ ကန်သာယာပတ်လည်တွင် ပြောင်းလဲကျင်းပမည်ဖြစ်သဖြင့် ဗဟိုမဏ္ဍပ် အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ် ၅ ခု တည် ဆောက်နေပြီး လမ်းလျှောက်သင်္ကြန်လည်း ထည့်သွင်းကျင်း ပရန် စီစဉ်ထားကြောင်း သိရသည်။
မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သတင်းရင်းမြစ်တဦးက “ဌာနဆိုင်ရာတွေကဖွဲ့ထားတဲ့ အကအဖွဲ့က ၁၄ ဖွဲ့ရှိမယ်။ တပင်တိုင်အက ၈ ဖွဲ့ပါမယ်။ မဏ္ဍပ် ၅ ခုမှာ လှည့်ကပြီး ပြိုင်ပွဲဝင်ကြမယ်။ အဲဒီကနေ ဆုပေးတာ တွေလုပ်မယ်။ ပြီးတော့ လမ်းလျှောက်သင်္ကြန်ပါမယ်။ အားလုံးကို ကန်သာယာပတ်လည်မှာပဲ လုပ်မှာပါ” ဟု ဧရာဝတီကို အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် မတ်လဒုတိယပတ်အတွင်းကလည်း မုံရွာသင်္ကြန်ကျင်းပနိုင်ရေး စစ်ကောင်စီ၏ အစိုးရအဖွဲ့က မြို့မိမြို့ဖ များနှင့် လုပ်ငန်းရှင်များကို အစည်းအဝေးခေါ် အသိပေးခဲ့ကြောင်း၊ သင်္ကြန်စည်ကားစေရေးနှင့် လုံခြုံရေးပိုင်းအတွက် မြို့လူထုက ပူးပေါင်းပါဝင်ပေးရန် အဓိကပြောခဲ့ပြီးဝ အလှူငွေထည့်ဝင်ရန် ဖိအားပေးကောက်ခံခြင်းမျိုး မရှိသော်လည်း တတ်နိုင်သမျှ ထည့်ပေးရန်ပြောခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တဦးက ပြောသည်။
မုံရွာမြို့ခံတဦးက “ကျမတို့က သင်္ကြန်ဖြစ်တာ မဟုတ်ဘူးနော်။ လက်ရှိအစိုးရက အတင်းလုပ်နေတာ။ လက်ရှိမှာကို ကန်သာယာပတ်လည်မှာ လုံခြုံရေးတွေနဲ့ပိတ်ထားတယ်။ အရင်ကလို သဲသောင်ပြင်မှာတော့မလုပ်ရဲပါဘူး။ အဲဒီမှာလုပ်ရင် အကုန်သေကုန်မှာလေ။ အရင်လို အလှပြကားတွေ၊ သံချပ်ကားတွေကတော့ မရှိပါဘူး။ အကအဖွဲ့တွေတော့ပါမယ်လို့ သိရ တယ်။ အခုကို လမ်းတွေပိတ်ပြီး စင်တွေဆောက်နေတာရယ်၊ စစ်သားတွေ၊ ရဲတွေက လုံခြုံရေးယူထားတော့ အတော်ကို သွားရလာရခက်ကုန်တယ်” ဟု ဆိုသည်။
မုံရွာမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန်စီစဉ်နေသော်လည်း မုံရွာမြို့နယ်နှင့်အနီးဆုံးဖြစ်သည့် ဆားလင်းကြီး၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဒီပဲယင်း စသည့်မြို့နယ်များတွင် နေ့စဉ်လိုလို တိုက်ပွဲများဖြစ်နေသောကြောင့် မုံရွာမြို့ခံအများစုက ပါဝင်ဆင်နွှဲကြမည် မဟုတ်ကြောင်း သိရသည်။
မုံရွာမြို့ခံတဦးက “မုံရွာပတ်ပတ်လည်မှာ တိုက်ပွဲတွေက နေ့စဉ်လိုလို ဖြစ်နေတဲ့အချိန် အခုလိုမျိုးလုပ်တဲ့အပေါ်မှာတော့ မြို့ခံတွေအနေနဲ့ ဘယ်သူမှ မနှစ်မြို့ကြပါဘူး။ တရာမှာ ကိုးဆယ်လောက်က မလိုလားကြဘူး။ ဒီနှစ်မှ လမ်းလျှောက်သင်္ကြန် ပါမယ်ဆိုပြီး ဆွဲဆောင်နေပေမယ့်လည်း မသွားကြဘူးလို့ ဆုံးဖြတ်ထားတာကို သိရတယ်။ အခုလို လုပ်ပေးတာက လည်း စစ်ကိုင်းတိုင်းမှာ အေးဆေးငြိမ်သက်စွာနဲ့ ပြည်သူတွေက ပျော်ပျော်ပါးပါး သင်္ကြန်ရေကစားနေကြပါတယ်ဆိုပြီး နိုင်ငံတကာကို ပြချင်တာမျိုးဖြစ်တယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်နှင့်မြို့နယ်များအလိုက် ၂၀၂၃ သင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေး လုပ်ဆောင်ကြရန် စစ်ကောင်စီက ဖိအားပေးညွှန်ကြားထားသဖြင့် မုံရွာ၊ ရွှေဘို၊ အရာတော်နှင့် စစ်ကိုင်းမြို့နယ်များတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအလိုက်ဗဟိုမဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းလည်း မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက “ဒီနှစ်သင်္ကြန်ကို စည်ကားအောင် လုပ်ဖို့ မတ်လဆန်းပိုင်းလောက်ကတည်းက စီစဉ်ခိုင်းတာ။ အဓိကတော့ ခရိုင်အဆင့်မြို့တွေမှာ ဗဟိုမဏ္ဍပ်တွေ ဆောက်ရ မယ်။ ယိမ်းပြိုင်ပွဲတွေ မဖြစ်မနေထည့်ပြီး ဆုပေးရမယ်ပေါ့။ မြို့နယ်လေးတွေမှာလည်း မဏ္ဍပ်တခုတော့ မဖြစ်မနေ ဆောက် ရမယ်လို့ ညွှန်ကြားထားတယ်။ ပြီးတော့ မဏ္ဍပ်တွေအတွက် လုံခြုံရေးကို အထူးစီစဉ်ဖို့အတွက်ပါ အထက်က တိုက်ရိုက် ညွှန်ကြားထားတယ်။ သင်္ကြန်ပွဲတော် စည်ကားအောင်လုပ်ဖို့ သက်ဆိုင်ရာအဆင့်အလိုက် ဘတ်ဂျက်တွေလည်း ချပေးထား တယ်” ဟု ပြောသည်။
ထို့အတူ ရွှေဘိုမြို့တွင်လည်း ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ် ၄ ခုအပြင် လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်း ကျင်းပရန် စီစဉ်ထားသလို စစ်ကိုင်းမြို့တွင်လည်း မဏ္ဍပ် ၂ ခု တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အရာတော်မြို့တွင်လည်း မြို့မရဲစခန်းအနီး မဏ္ဍပ်တည်ဆောက်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အရာတော်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များထံ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးရန်ပုံငွေ လိုက်လံကောက်ခံမှုများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်(ပကဖ) တဦးက စစ်ကောင်စီနှင့်မကင်းသည့် ဆက်ကြေးပေးနေရသော လောင်းကစားဒိုင်များနှင့် ၎င်းတို့နှင့်နီးစပ်သူများဆီမှ ကောက်ခံခြင်းမျိုးဖြစ်ပြီး တချို့မှာ မထည့်ချင်ကြသည့်အတွက် ခြိမ်း ခြောက်ပြီး ကောက်ခံနေရကြောင်း၊ မြို့ခံအချို့ကမူ အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်သည်ကိုတွေ့ရပြီး စစ်ကောင်စီအနေ ဖြင့် အလှူငွေကောက်ခံသော်လည်း ၎င်းတို့ မျှော်မှန်းသလောက်မရခဲ့ကြောင်း သိရသည်ဟု ဆိုသည်။
၂၀၂၁ စစ်အာဏာမသိမ်းခင်က အရာတော်နယ်သူနယ်သားများသည် အရာတော်မြို့ပေါ်နှင့် ကျေးရွာကြီးများ၌ မဏ္ဍပ်များ ထိုး၍ သင်္ကြန်ပွဲတော်ဆင်နွှဲလေ့ရှိပြီး ရေကစားခြင်း၊ သီချင်းများ၊ ယိမ်းအကများဖြင့် ဖျော်ဖြေခြင်းနှင့် စတုဒိသာကျွေးခြင်းတို့ နှစ်စဉ်ပြုလုပ်လေ့ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်သင်္ကြန်အဖြစ်သာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့အညာဒေသက စစ်ရဲ့ဒဏ်ကို အလူးအလဲခံနေကြရတယ်။ အပြစ်မဲ့ ပြည်သူတွေ နေ့စဉ်လိုလို အသတ်ခံနေရတယ်။ အိုးမဲ့အိမ်မဲ့တွေ ဖြစ်နေရတယ်။ ပြီးတော့ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီက ကျနော်တို့ရဲ့ အညာဒေသဖြစ်တဲ့ မုံရွာမြို့အပါအဝင် စစ်ကိုင်းတိုင်းတခုလုံး တည်ငြိမ် ပါတယ်၊ အေးချမ်းပါတယ်ဆိုတဲ့ပုံရိပ်ကို ပြချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်တာမျိုးဖြစ်တယ်” ဟု ဆိုသည်။
အာဏာသိမ်းမှုကို လက်မခံဘဲ လက်နက်ကိုင်တော်လှန်မှု အားကောင်းရာဒေသတခုဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းက ပြည်သူများသည် စစ်ကောင်စီ၏ တရားမဲ့ဖမ်းဆီးသတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများကို နေ့စဉ်နှင့်အမျှ ဆိုးရွားစွာခံစားနေရချိန်တွင် စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပရန်စီစဉ်နေခြင်းမှာ တည်ငြိမ်နေသယောင် ဟန်ပြသက်သက်သာသာ လုပ်ပြသည့်ပွဲဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက မှတ်ချက်ပြုသည်။
“လက်ရှိသင်္ကြန်ဟာ ပျော်စရာကောင်းတဲ့ပွဲတခု မဟုတ်ပါဘူး။ ကျနော်တို့အညာဒေသမှာ ကျခဲ့ရတဲ့သွေးတွေက အခုထိ မခြောက်သေးပါဘူး။ စစ်ကောင်စီက ပြုလုပ်တဲ့သင်္ကြန်မှာ ပါဝင်ဆင်နွှဲစရာ ဘာအကြောင်းမှမရှိသလို ပြည်သူတွေအနေနဲ့ လည်း မပါဝင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေကလည်း မေတ္တာရပ်ခံထားပြီးသားဖြစ်တယ်။ ကျနော်တို့အနေနဲ့လည်း ပြည်သူ ကို ပြောချင်တာက ဒီအချိန်က ပျော်ရမယ့်အချိန်လည်း မဟုတ်သေးဘူး။ တော်လှန်ရေးကာလဖြစ်တဲ့အတွက် စစ်ကောင်စီ ပြုလုပ်တဲ့သင်္ကြန်ပွဲမှာ မပါဝင်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟုလည်း Chindwin Attack Force တပ်ရင်း ၂ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၃ ဖေဖော်ဝါရီ ၂၈ ရက်ထိ အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှ ၄၇,၇၇၈ လုံးဖြင့် အများဆုံးပျက်စီးဆုံးရှုံးခဲ့ရသလို မကွေးတိုင်းမှ ၉,၀၁၉ လုံး၊ ချင်းပြည်နယ်မှ ၁,၄၈၅ လုံးနှင့် ကျန်ပြည်နယ်နှင့် တိုင်းများမှ ၂,၁၇၇ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)၏ အချက်အလက်များအရလည်း စစ်ကိုင်း တိုင်းအတွင်း ၃၇ မြို့နယ်ရှိသည့်အနက် ၁၁ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာထားပြီး အာဏာသိမ်းမှု နှစ်နှစ်အတွင်း စစ်ကိုင်းတိုင်း၌ တိုက်ပွဲပေါင်း ၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
You may also like these stories :
ရခိုင်သင်္ကြန်ပွဲ စည်ကားစေရန် စစ်ကောင်စီ ညွှန်ကြား
သင်္ကြန်ပွဲတော် စည်ကားစေရန် စစ်ကောင်စီ ကြိုးပမ်းနေ
သင်္ကြန်ပွဲတော်စည်ကားရေး ခရိုနီများကိုပါ စစ်ကောင်စီတွန်းအားပေး
အာဏာသိမ်း စစ်ကောင်စီ သင်္ကြန် ရီဗျူး