စစ်ကိုင်းတိုင်း မုံရွာမြို့မှ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချလိုက်ရာ ယခုဆိုလျှင် စုစုပေါင်း ၃၄ နှစ်ထိ ထောင်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် ကိုဝေမိုးနိုင်ကို ပုဒ်မ ၅ ခုအတွက် ထောင် နှစ် ၂၀ ကျခံစေရန် ယခုဧပြီ ၅ ရက်တွင် ထောင်တွင်းတရားရုံးက ချမှတ်လိုက်ခြင်းဖြစ်ပြီး ဆက်လက်ရင်ဆိုင်ရန် အမှု ၂ မှု ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
ကိုဝေမိုးနိုင်အား ဓားပြမှု ပုဒ်မ(၃၉၅)ဖြင့် ထောင်ဒဏ် ၂၀ နှစ်၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ(၃၉၇)ဖြင့် ၇ နှစ်၊ ဆူပူ ရန်လှုံ့ဆော်မှု ပုဒ်မ(၅၀၅-က) ၁ မှုအတွက် ၃ နှစ်၊ ရုန်းရင်းဆန်ခတ်မှုဖြစ်သည့် ပုဒ်မ(၁၄၈)ဖြင့် ၃ နှစ်နှင့် သာမန်နာ ကျင်စေမှု ပုဒ်မ(၃၂၃)ဖြင့် ၁ နှစ် စုစုပေါင်း ၃၄ နှစ် ချမှတ်ခဲ့ပြီး အဆိုပါ ၅ မှု၏ ပြစ်ဒဏ်များကို နှစ် ၂၀ တပေါင်းတည်း ကျခံစေရန် ချမှတ်ခံရခြင်း ဖြစ်သည်။
သေဒဏ်ကျနိုင်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ(၁၂၂)နှင့် မုံရွာမြို့ စက်မှုဇုန် ရပ်ကွက်တွင် ရဲ ၂ ဦး သတ်ခံရမှုဖြင့် စွပ်စွဲထားသော လူသတ်မှု ပုဒ်မ(၃၀၂)တို့ကို ရင်ဆိုင်ရန် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၂၀ ရက်တွင် ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ(၅၀၅-က)ဖြင့် ၂ နှစ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ(၂၅)ဖြင့် ၂ နှစ် စုစုပေါင်း ၄ နှစ် ချမှတ်ခဲ့ပြီး ဩဂုတ်လတွင် ၅၀၅-က အမှု ၅ ခုဖြင့် ထောင် ၁၀ နှစ် ချမှတ်ထားရာ ယခု ထပ်မံချလိုက်သည့် နှစ် ၂၀ အပါဆိုလျှင် ကိုဝေမိုးနိုင်အနေဖြင့် စုစုပေါင်း ထောင် ၃၄ နှစ် ချမှတ်ခံထားရပြီး ဖြစ်သည်။
ကိုဝေမိုးနိုင်၏အမှုများကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ၂ ဦးအနက် ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသလို ကျန် ၁ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားသည့်အတွက် ရုံးချိန်းများသို့ လာရောက်နိုင်ခြင်းမရှိရာ အမှု သည်ကိုယ်တိုင် တရားခွင်အတွင်း ထုချေမှုများ လုပ်ဆောင်ခဲ့ရကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၁၅ ရက်တွင် မုံရွာမြို့ပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုဝေမိုးနိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ကားဖြင့်တိုက်၍ ဖမ်းဆီးခဲ့ပြီးနောက် အဆိုပါပုဒ်မများဖြင့် စွပ်စွဲပြီး တရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မုံရွာအကျဉ်းထောင်တွင်း အကျဉ်းကျခံနေရသည့် ကိုဝေမိုးနိုင်သည် ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း ၎င်းနှင့်နီးစပ်သူတဦးက ဆိုသည်။
ကိုဝေမိုးနိုင်သည် စစ်ကောင်စီ အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့၌ပင် မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ပွဲများကို ဦးဆောင်ခဲ့ကာ ၎င်းဖမ်းဆီးခံရသည့် ဧပြီ ၁၅ ရက်ထိ သပိတ်များတွင် တရက်မပျက် ပါဝင်ခဲ့သူ ဖြစ်သည်။
ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်း မုံရွာတွင် ဆဲဗင်းဂျူလိုင်အခမ်းအနား ဦးဆောင်ကျင်းပသဖြင့်ဟုဆိုကာ ပုဒ်မ ၂ ခုဖြင့် အမူဖွင့်ခံခဲ့ရဖူးသလို ၂၀၁၃ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အမုန်းစကားဖြန့်ချိမှုများကို တန် ပြန်သောကမ်ပိန်းနှင့် လှုပ်ရှားမှုပွဲများတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။
ထို့ပြင် ကိုဝေမိုးနိုင်သည် မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂကို စတင်တည်ထောင်ခဲ့သူများထဲပါဝင်ပြီး မုံရွာသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ၁ နှစ်ကျော် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သည်။
You may also like these stories:
ကိုဝေမိုးနိုင်၏ ရှေ့နေများ ဝရမ်းထုတ်ဖမ်းဆီးခံရသဖြင့် အမှုများ ကိုယ်တိုင်ထုချေနေရ
နွေဦးတော်လှန်ရေးထဲက အကျဉ်းစံ ပန်ဒါ
ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက သေဒဏ်ပေးနိုင်သည့် ပုဒ်မ တပ်