စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ယခုနှစ် သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းမပြုဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းလိုက်သည်။
စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်နေသည့် တော်လှန်ရေး အင်အားစုများ၊ အခက်အခဲများစွာ ကြုံတွေ့နေရသည့် CDM များ စသည့်သူများအား စိတ်ဓာတ်ကျဆင်းသွားစေရန်နှင့် တိုင်းပြည်အတွင်း ပုံမှန်အတိုင်းဖြစ်နေသယောင် ဖော်ပြချင်သည့်အတွက် ယခုနှစ်သင်္ကြန်အား စိတ်ဓာတ်စစ်ဆင်ရေး အနေဖြင့် လက်နက်သဖွယ် အသုံးချမည် ဖြစ်ကြောင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်သော ဒေါက်တာ တေဇာဆန်းက ပြောသည်။
ဒေါက်တာ တေဇာဆန်းက “မြို့ကြီးပြကြီးတွေမှာ ပွဲတွေလုပ်နေခြင်းအားဖြင့် တော်လှန်ရေး ဘက်တော်သားတွေ စိတ်ဓာတ်ကျမယ်။ အားငယ်ကြမယ်။ ဝမ်းနည်းကြမယ်။ ဒေါသထွက်ကြမယ်ဆိုတဲ့ ပုံစံမျိုး ပြည်သူတွေ သွေးအေးသွားကြ ပြီလား၊ ပုံမှန်ဖြစ်သွားကြပြီ လားဆိုတာမျိုး စိတ်ဓာတ် စစ်ဆင်ရေးပေါ့ဗျာ။ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ လက်နက်သဖွယ် သင်္ကြန်ကို သုံးချင်တာပဲ။ ဒါကိုတော့ ပြည်သူတွေက လေးလေးနက်နက် သဘောပေါက်ထားပြီးသား ဖြစ်တယ်” ဟု ပြောသည်။
ယခင် စစ်ကောင်စီ အာဏာမသိမ်းခင်အချိန်က မြန်မာသင်္ကြန်သည် စည်ကားသည့် ပွဲတော်တခုဖြစ်ခဲ့ပြီး အာဏာ သိမ်းပြီးနောက်ပိုင်းတွင် တော်လှန်သင်္ကြန်အဖြစ် စစ်ကောင်စီ၏ ပျော်ပွဲရွှင်ပွဲများတွင် ပြည်သူအများစုက ပါဝင်ခဲ့ခြင်း မရှိကြပေ။
ဒေါက်တာ တေဇာဆန်းက “ပြည်သူ့ တော်လှန်ရေးကာလတခုလုံး အပျော်သင်္ကြန် လုံးဝ မလုပ်ခဲ့ကြဘူး။ တော်လှန်သင်္ကြန်အဖြစ် ဖြတ်သန်းခဲ့ကြတယ်။ ဒီနှစ် သင်္ကြန်လည်း အပျော်သင်္ကြန်မဟုတ် တော်လှန်သင်္ကြန်အဖြစ် ခံယူပြီး တော့ ဖြတ်သန်းကြဖို့ ဖြစ်တယ်။ စစ်အုပ်စုက လုပ်တဲ့ အခမ်းအနား ပွဲလမ်းသဘင်တွေကို လုံးဝ ဆန့်ကျင်မယ်။ မပူး ပေါင်းဘူး၊ မပါဝင်ဘူး။ သပိတ်မှောက်မယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ရိုးရာအစဉ်အလာလည်းမပျက် ကုသိုလ် တွေပြုတာ တော်လှန်ရေး အထောက်အပံ့ဖြစ်တဲ့ နည်းနာတွေနဲ့ ရိုးရာသင်္ကြန်ကို ဖြတ်သန်းကြဖို့ ဖြစ်ပါတယ်” ဟု ပြော သည်။
ထို့ပြင် စစ်ကောင်စီ ကျင်းပမည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ သင်္ကြန်ပွဲတော်များတွင် ပြည်သူများ မပါဝင်ကြရန်၊ ပြည်တွင်းနှင့် ပြည်ပရှိ DJ Artist များနှင့် အနုပညာရှင်များကိုလည်း မပါဝင်ကြရန်လည်း မြို့ပြပြောက်ကျား တပ်ဖွဲ့များ နှင့် တော်လှန်ရေး အင်အားစုများက သတိပေးထားသည်။
ယခုနှစ်တွင် ကျင်းပရန် စီစဉ်နေသည့် သင်္ကြန်ပွဲများတွင် အာဏာသိမ်းစကာလက ဌာနဆိုင်ရာဝန်ထမ်းများကို အာဏာဖီဆန်လှုပ်ရှားမှုတွင် ပါဝင်ကြရန် တိုက်တွန်းခဲ့သည့် အနုပညာရှင်များလည်းဖျော်ဖြေရန်ရှိနေသည်ကို ကြားသိရနေရကြောင်း လွတ်မြောက်နယ်မြေတွင် ရောက်ရှိလျက်ရှိသော လူရွှင်တော် တိုင်းကျော်က ပြောသည်။
လူရွှင်တော် တိုင်းကျော်က “အကြောင်းအမျိုးမျိုးကြောင့် မရုန်းသာရင်လည်း ငြိမ်ငြိမ်မနေဘဲနဲ့ စစ်ကောင်စီနဲ့ သွယ်ဝိုက်သော မဟုတ်ဘဲနဲ့ တိုက်ရိုက် စစ်ကောင်စီက ပုံမှန်ဖြစ်ကြောင်း ပြသချင်တဲ့ ပွဲတွေမှာ ဆိုနေတယ်ဆိုရင်လည်း ကျနော်တို့က ထွေထူးပြီး ပြောနေစရာ မလိုတော့ဘူး။ ပြည်သူက ပေးတဲ့ပြစ်ဒဏ်ကို ခံရမယ်။ ရှေ့မှာ အိမ့်ချစ်ကို စံနမူ နာယူဖို့ပဲ ပြောချင်တယ်။ အိမ့်ချစ်တွေ အများကြီး ပေါ်မလာဖို့ ဆုတောင်းတယ်။ ဒါကိုမှ ထပ်ပြီးတော့ မိုက်ကြဦးမယ်ဆိုရင်တော့ သူတို့ထိုက်နဲ့ သူတို့ကံပဲပေါ့” ဟု ပြောသည်။
ပြည်တွင်းရှိ စစ်ကောင်စီ လက်အောက်တွင်ရှိနေသည့် တချို့သော အနုပညာရှင်များအနေဖြင့် ဖိအားများကြားမှ တော်လှန်ရေးကို ထောက်ပံ့နေသည့် အနုပညာရှင်များလည်း များစွာရှိသကဲ့သို့ စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင် ရပ်တည်သည့် အနုပညာရှင်များကိုလည်း ယခုနှစ်တွင် ပြည်သူများမှ ပြစ်ဒဏ်ပေးကြဦးမည်ဖြစ်ကြောင်း တိုင်းကျော်က ဆိုသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေး အင်အားစုများဘက်မှ ယခုသင်္ကြန်ကာလအတွင်း စစ်တပ်နှင့် ဆက်နွယ် ပတ်သက်သည့် ကုန်ပစ္စည်းများ၊ ခရီးသည်တင်ယာဉ်လိုင်းများနှင့် ဟိုတယ်များကို အသုံးမပြုကြရန်လည်း တိုက်တွန်းထားကြသည်။
အဆိုပါစစ်တပ်၏ ထုတ်ကုန်များနှင့် စစ်တပ်နှင့် ဆက်နွှယ်နေသည့် လုပ်ငန်းများဖြစ်သည့် Andaman Gold၊ ဒဂုံ၊ မန္တလေး၊ Black Shield၊ မြန်မာ အစရှိသည့် ဘီယာများ ၊ Alpine ရေသန့် ၊ Red Ruby၊ Premiun Gold စီးကရက်များ၊ ရှမ်းမ လေး၊ ရွှေမန်းသူ၊ ပုသိမ်သူ၊ သန်မြန်သူ ယာဉ်လိုင်း များ၊ BOC၊ Denko ၊ ရွှေဗျိုင်းဖြူ ဆီဆိုင်များ၊ Azura Beach Hotel (ချောင်းသာ) ၊ Pullman Hotel (မန္တလေး) ၊ Lotte Hotel (ရန်ကုန်) ၊ Excel Trasure Hotel (ချောင်းသာ၊ ငွေဆောင်) ၊ Hotel Ace (ချောင်းသာ) ၊ Aureum Palace Hotels & Resorts (ပုဂံ၊ အင်းလေး၊ နေပြည်တော်၊ ငပလီ၊ ငွေဆောင်၊ ပြင်ဦးလွင်)၊ Amazing Hotels & Resorts (ချောင်းသာ၊ ငွေဆောင်၊ ငပလီ)၊ Malikha Lodge (ပူတာအို) ၊ စိမ်းလဲ့တင် (ကျိုက်ထို) ဟိုတယ်တို့ကိုလည်း အသုံးမပြုကြရန် ထုတ်ပြန်ထားသည်။
ဒေါက်တာ တေဇာဆန်းက “တော်လှန်ကာလ တလျှောက်လုံးမှာ အကြမ်းဖက်စစ်တပ်ပိုင်တဲ့ စစ်တပ်နဲ့ သက် ဆိုင်တဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ကို မဝယ်ယူဖို့ မသုံးစွဲဖို့ အားမပေးဖို့ ဆန့်ကျင်ကြဖို့ Boycott ဆိုတဲ့ လှုပ်ရှားမှုပေါ့။ အထူးသဖြင့် သင်္ကြန်ကာလမှာ ဂရုတစိုက် ဆန့်ကျင်ရမယ့်ကုန်စည်တွေ ဝန်ဆောင်မှုတွေရှိတယ်။ စစ်တပ်နဲ့ ပတ်သက် နေတဲ့ ယာဉ်လိုင်းတွေ ဒါတွေ အားလုံးကို မသုံးစွဲကြဖို့ အားမပေးကြဖို့ တိုက်တွန်းနှိုးဆော်လို ပါတယ်” ဟု ပြောသည်။
သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အာဏာသိမ်း စစ်ကောင်စီက မတ်လလယ်မှစပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ မြို့တော်ဝန်မဏ္ဍပ်များ တည်ဆောက်ခဲ့သလို အစိုးရဝန်ထမ်းများ သင်္ကြန်မဏ္ဍပ်များသို့ သွားရောက်လည်ပတ်ရန် ဖိအားပေး ပြောဆိုမှုများလည်း ရှိသည်။
၂၀၂၂ ခုနှစ်တွင်မူ အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို ပြန်လည်ကျင်းပခဲ့သော်လည်း ပြည်သူအများစုက ရေမကစားဘဲ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသခဲ့ကြရာ သင်္ကြန်၌ လည်ပတ်သူ မရှိသဖြင့် တပ်ထောက်ခံသူများနှင့် အစိုးရဝန်ထမ်းများကိုစုစည်းပြီး ကားဖြင့်တင်၍ သင်္ကြန်မဏ္ဍပ်များသို့ လိုက်လံ ပို့ဆောင်ခဲ့ရသည့် အခြေအနေ ဖြစ်ခဲ့သည်။
You may also like these stories:
ရခိုင်သင်္ကြန်ပွဲ စည်ကားစေရန် စစ်ကောင်စီ ညွှန်ကြား
သင်္ကြန်ပွဲတော်စည်ကားရေး ခရိုနီများကိုပါ စစ်ကောင်စီတွန်းအားပေး
လူထု မပါဝင်သော တော်လှန်သင်္ကြန် (သို့မဟုတ်) စစ်အုပ်စု၏ ကွက်ကျားမိုး သင်္ကြန်
မုံရွာသင်္ကြန်အတွက် လုံခြုံရေးအပြည့်ဖြင့် စစ်ကောင်စီပြင်ဆင်နေ
ထိုင်းကို ရောက်ရင် ဆောင်ရန်နဲ့ ရှောင်ရန်များ