အာဏာသိမ်း စစ်ကောင်စီလက်အောက် အချိန်အကန့်အသတ်မရှိ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်နေသဖြင့် မန္တလေးရှိ တပိုင်တနိုင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ လည်ပတ်ရန် အဆင်မပြေ၍ ရပ်နားလာရကြောင်း မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူးရေးဌာနက အချိန်ကန့်သတ်ချက်ဖြင့် လျှပ်စစ်မီးပေးမည်ဟု ကြေညာထားသော်လည်း သတ်မှတ်ချိန်များ၌ပင် မီးမလာခြင်းနှင့် မီးလာသော်လည်း ဓာတ်အားပြည့်မီမှုမရှိခြင်းများ ကြုံတွေ့နေရသည်ဟု လည်း ဆိုသည်။
ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်သူတဦးက “လျှပ်စစ်မီးကို အချိန်ကန့်သတ်ချက်နဲ့ပေးမယ်လို့ ကြေညာထားပေမယ့် သူတို့ပြောတဲ့အတိုင်းမရတာကြောင့် အကုန်အခက်အခဲတွေ ဖြစ်ကုန်ရတာ။ ကျမတို့ဘက်ဆိုရင် ၆ နာရီလာ ၆ နာရီပျက် ပုံစံမျိုးနဲ့ပေးနေရာကနေ နှစ်လပိုင်း ကုန်လောက် ကတည်းက ပျက်ချင်တဲ့အချိန်ပျက်တယ်။ လာချင်တဲ့အချိန်လာတယ်။ အခုကတော့ လာချိန်ထက် ပျက်ချိန်က ပိုများလာတယ်။ တမင်ကို ဖြတ်နေသလိုမျိုးပဲ” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ လျှပ်စစ်မီးမရရှိမှုကြောင့် တတ်နိုင်သည့်လုပ်ငန်းရှင်များက မီးစက်များအသုံးပြု၍ လုပ်ငန်းဆက်လက်လည်ပတ်နိုင် သော်လည်း တနိုင်တပိုင်အိမ်တွင်းလုပ်ငန်းတချို့မှာ စက်သုံးဆီဈေးမြင့်တက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် ဝင်ငွေ ထွက်ငွေမျှတမှု မရှိတော့သဖြင့် လုပ်ငန်းများ ရပ်နားလာကြခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်မှ လောင်စာတောင့်လုပ်ငန်း လုပ်ကိုင်သူတဦးက “ဘာအကြောင်းမှန်းမသိရဘဲ နေ့တိုင်းလိုလို ပျက်နေတာ။ လာပြန်ရင်လည်းခဏပဲ။ အချိန်သတ်မှတ်ချက်ရယ်လို့မရှိတော့ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ သူများတွေလို မီးစက်မဝယ်နိုင်တော့ ပိုဆိုးတယ်။ မိသားစုအကုန်လုံးနီးပါး ဒီအလုပ်တခုတည်းမှာဆိုတော့ အလုပ်ကို နားထားရတယ်။ ကျနော်က မီးလာတဲ့အချိန်လေးစောင့်လုပ်။ ကျန်တဲ့မိသားစုဝင်တွေကိုလည်း လူခွဲပြီး သူများဆီမှာ နေ့စားလိုက်လုပ်ခိုင်းနေရတယ်” ဟု ဧရာဝတီကို ပြောသည်။
လျှပ်စစ်မီး အချိန်ကြာမြင့်စွာပျက်ခြင်းကြောင့် တနိုင်တပိုင်အိမ်တွင်းလုပ်ငန်းများအပြင် အလတ်စားစက်မှုလုပ်ငန်းရှင်များပါ ထိခိုက်နေသလို လျှပ်စစ်မီး ဖြတ်ချင်သည့်အချိန်ဖြတ်၊ လာချင်သည့်အချိန်လာ အခြေအနေများကြောင့် စက်မှုလုပ်ငန်းသုံး နှင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများကိုလည်း ကြုံနေရသည်ဟု ၎င်းက ဆိုသည်။
မဟာအောင်မြေမြို့နယ်မှ ကျောက်ဖြတ်ကျောက်သွေး လုပ်ငန်းရှင်တဦးကလည်း “ကျနော်က ကျောက်ဖြတ်ကျောက်သွေး လုပ်တာဆိုတော့ လျှပ်စစ်မီးကို အားကိုးနေရတာလေ။ မီးကမမှန်တော့ အလုပ်တွေကြန့်ကြာကုန်တယ်။ အပ်ထည်တွေ အချိန်မီမပြီးတော့ ဝင်ငွေပါ ထိခိုက်လာတယ်” ဟု ပြောသည်။
ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်များကြောင့် အထိနာခဲ့ရသော အသေးစား၊ အလတ်စား (SME) လုပ်ငန်းများသည် လျှပ်စစ်မီးမမှန်ခြင်းအပြင် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်ကာ လိုသလောက် ဝယ်ယူ၍ မရရှိခြင်း၊ ဒေါ်လာဈေးနှုန်းမတည်ငြိမ်ခြင်း၊ စက်သုံးဆီ ဈေးမြင့်တက်လာခြင်းတို့ကြောင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်နိုင်ရန် အခက်အခဲများရှိနေသလို လည်ပတ်နေသည့် လုပ်ငန်းတချို့မှာလည်း အလုပ်သမားများ ပုံမှန်လေးထမင်းစားရုံ၊ လောက်ငရုံ အတွက် ထိန်းပြီးလုပ်နေရကြောင်း စက်မှုဇုန်အတွင်းရှိသံအရည်ကြိုစက်ရုံတခုမှ ကိုကျော်စွာလင်းက ဆိုသည်။
ယခုအခါ စက်မှုလက်မှုလုပ်ငန်းအချို့ ရပ်နားထားခြင်းများရှိလာသဖြင့် အလုပ်သမားများမှာ အဆင်ပြေရာ ကျပန်းအလုပ် များ လုပ်နေကြရသကဲ့သို့ အချို့လုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်းများလည်းရှိလာရာ SME လုပ်ငန်းများတွင် လုပ်သားရှားပါးမှုပြဿနာကိုပါ ရင်ဆိုင်လာကြရကြောင်း သိရသည်။
မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “အခုက အချိန်နဲ့ပေးမယ်ပြောပြီး လာမယ့်အချိန်မှာတောင် ပျက်နေ တာ။ မီးလာတာသာမမှန်ဘဲ အချိန်ပြည့်နီးပါး ပျက်နေတာ။ မီတာခကျတော့ တလနဲ့တလ ကောက်ချင်သလို ကောက်နေ ကြတာ။ ပြီးတော့ မီတာဆောင်တာ ရက်ကျော်ရင် ဒဏ်ကြေးဆိုတာလည်းပါသေး။ အကြွေးကျန်တွေကို သတ်မှတ်ထားတဲ့ အတိုင်းမဆောင်ရင် မီတာဖြုတ်တာတွေလည်း အခုထိလုပ်နေတုန်း။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ပြည်သူတွေက နာပြီးရင်းနာနေရဦးမှာပဲ” ဟု ဆိုသည်။
မန္တလေးတိုင်းအတွင်း ရာနှုန်းပြည့် လျှပ်စစ်မီးရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အကုန်တွင် တိုင်းအတွင်း ကျေးရွာပေါင်း ၄,၇၉၉ ရွာ ရှိသည့်အနက် ၄,၂၇၇ ရွာထိ လျှပ်စစ်မီးရရှိရေး ဆောင် ရွက်နိုင်ခဲ့ပြီး ခရိုင်အတွင်း ကျေးရွာပေါင်း ၃၁၀ ရှိသည့်အနက် ပုသိမ်ကြီးမြို့နယ်ရှိ ဧရာဝတီမြစ်လယ်ကျွန်းပေါ်ကျေးရွာ ၉ ရွာနှင့်တောင်ပေါ်ကျေးရွာ ၃ ရွာမှအပ ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလကုန်၌ ခရိုင်တခုလုံး ရာနှုန်းပြည့်လျှပ်စစ်မီးရရှိရန် ဆောင် ရွက်ခဲ့ကြောင်း မန္တလေးခရိုင် လျှပ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သတင်းထုတ်ပြန်ချက် မှတ်တမ်းများအရ သိရသည်။
ထို့ပြင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အကုန်တွင် မဟာဓာတ်အားလိုင်းစနစ် မရောက်ရှိနိုင်သည့် ကျေးရွာ ၆၂ ရွာအား ဆိုလာ (သို့မဟုတ်) ဒီဇယ်အင်ဂျင်ဖြင့် မီးပေးနိုင်ရေး ဆောင်ရွက်ပေးရန် စီစဉ်ထားမှုသည် ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး နောက် ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။
You may also like these stories:
မီးပျက်ချိန် များသဖြင့် မန္တလေးရှိ အသေးစားလုပ်ငန်းအချို့ ရပ်နား
မန္တလေးတွင် ဆိုလာသုံး ဆက်စပ်ပစ္စည်းများ ရောင်းအားသွက်လာ
လျှပ်စစ်မီး မကြာခဏပျက်သဖြင့် မန္တလေးစက်မှုလုပ်ငန်းများ လည်ပတ်ရန် ခက်လာ
စစ်ကောင်စီ လျှပ်စစ်မီး မပေးနိုင်တော့