အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌ တာဝန်ကို ယခုနှစ်အတွင်း တာဝန်ယူပြီးကတည်းက အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကျပ်အတည်းအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းဆိုင်ရာ တိုးတက်မှုအချို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆိုဒီက ပြောကြားခဲ့သည်။
ဂျကာတာသည် သွေးထွက်သံယိုမှုများနှင့် အင်အားအသုံးပြုမှုကို အဆုံးသတ်ရန် ဆက်လက်တောင်းဆိုခဲ့ပြီး အရပ်သားသေဆုံးဒဏ်ရာရမှု တိုးပွားလာမှုအပေါ် စိုးရိမ်ကြောင်း သူမက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။
အာဆီယံကို ဦးဆောင်ပြီးကတည်းက အင်ဒိုနီးရှားသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး သက်ဆိုင်သူအသီးသီးနှင့် ဆက်သွယ်ညှိနှိုင်းမှုများ ပြန်လည်ဖွင့်လှစ်ရန် လွန်ခဲ့သည့် သုံးလအတွင်း လုပ်ဆောင်နေခဲ့ကြောင်း ရတ်နိုမာဆိုဒီက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် လိုအပ်နေသော လူမျိုးစု၊ ဘာသာရေး သို့မဟုတ် နိုင်ငံရေး ခံယူချက် မခွဲခြားဘဲ လိုအပ်နေသော အကူအညီများကို အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) မှ ကူညီပံ့ပိုးပေးမည်ဖြစ်သည်။
AHA Center မှတဆင့် အကူအညီပေးခြင်းသည် အာဆီယံနှင့် မြန်မာစစ်ကောင်စီတို့ကြား အချက်ငါးချက်ပါ ဘုံသဘောတူညီမှုတွင် ပါဝင်သည်။
“အင်ဒိုနီးရှားရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ AHA Center ဟာ အရင်က မလုပ်ဆောင်နိုင်ခဲ့တဲ့ သက်ဆိုင်သူအများအပြားနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ အောင်မြင်ခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
သို့သော်လည်း ဝန်ကြီးက အဆိုပါ သက်ဆိုင်သူများ မည်သူမည်ဝါဖြစ်သည်ကို မဖော်ပြပေ။
ယခုနှစ်အစောပိုင်းက ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူခဲ့စဉ်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးစိန်ခေါ်မှုများကို ဖြေရှင်းရန် အင်ဒိုနီးရှားသည် ကြီးမားသောတာဝန်ကို အမွေဆက်ခံခဲ့သည်။
ဂျကာတာသည် ယခင်ဥက္ကဋ္ဌများထက် မြန်မာစစ်ကောင်စီအား ပိုမိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆက်ဆံနိုင်မည်ဟု အကဲခတ်များက မျှော်လင့်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး အတိုက်အခံများအား နှိမ်နင်းရန် သေစေလောက်သည့် အင်အားကို အသုံးပြုပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် ပိုမိုပြင်းထန်လာခဲ့သည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရှိ နိုင်ငံသား ၅၅ သန်း၏ ၄၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်နေရပြီး လူပေါင်း ၁.၄ သန်းကျော် ပြည်တွင်း၌ အိုးအိမ်မဲ့ ရွှေ့ပြောင်းနေကြရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည်လည်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
မစ္စမာဆူဒီက ဂျကာတာသည် မြန်မာစစ်ခေါင်းဆောင်များ အပါအဝင် ဒေသတွင်းခေါင်းဆောင်များ အားလုံး သဘောတူညီထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ငါးရပ်ကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သေးသည်။
သဘောတူညီချက်တွင် အကြမ်းဖက်မှုများကို ချက်ခြင်းရပ်တန့်ရန်၊ ငြိမ်းချမ်းသောဖြေရှင်းမှုတရပ်ကို ရှာဖွေရန် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းစသည်များ ပါဝင်သည်။
အင်ဒိုနီးရှားသည် အာဆီယံဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပြီးခဲ့တဲ့လက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရှေ့တွင် တံခါးပိတ် တင်ပြခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဖော်ပြထားသော အခြား ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် အာဆီယံ၏ ရပ်တည်ချက် ခိုင်မာစေရေးနှင့် အားလုံးပါဝင်နိုင်သော အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေး ရည်မှန်းချက်ဖြင့် သက်ဆိုင်သူ အသီးသီးနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။
မစ္စမာဆူဒီက အာဆီယံ ဥက္ကဋ္ဌ အဖြစ် ပထမဆုံးအကြိမ် အင်ဒိုနီးရှားသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် မြန်မာနိုင်ငံနှင့် အခြားသော နိုင်ငံများမှ အထူးသံတမန်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြသည်။ မည်သည့်နိုင်ငံများဟု ဖော်ပြခြင်း မရှိပါ။
အကျပ်အတည်းအတွင်း ဂျကာတာသည် ဘက်ပေါင်းစုံမှ ဆက်ပြီး တံတားများ ထိုးနေသော်လည်း မြန်မာနိုင်ငံ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ပိုမိုလုပ်ဆောင်ရမည်ဟု သူမက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတွင်း အကျပ်အတည်းကို ကူညီဖြေရှင်းရန် မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံရှိ ပါတီအသီးသီးနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အချိန်ယူရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မတ်လအတွင်းပြုလုပ်သည့် အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။
“ကျနော်တို့က ဒါကို လုပ်နေတယ်။ အလုပ်တော်တော်များများက နောက်ကွယ်မှာ ရှိနေပေမယ့် လုပ်နေတဲ့အလုပ်တွေ ရှိတယ်” ဟု ဂျိုကိုဝီက ပြောသည်။ ဂျိုကိုဝီသည် သူ အများအားဖြင့် ရည်ညွှန်းသည့်အတိုင်း “တိတ်ဆိတ်သော သံတမန်ရေး” အရ လူသိများသည်။
သမ္မတ၏ တိုက်ရိုက်အမိန့်အရ စစ်ဘက်သံတမန်ဆက်ဆံရေးကို မစတင်နိုင်သေးကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မကြာသေးမီက ဖော်ပြခဲ့သည်။ မြန်မာ ပြည်တွင်းအကျပ်အတည်းကို ဖြေရှင်းရာတွင် ကူညီရေး ကြိုးပမ်းရာတွင် အင်ဒိုနီးရှားက စစ်ဗိုလ်ချုပ်တဦးကို စေလွှတ်မည်ဟု ကနဦးက ကြေညာခဲ့သည်။
“အခုထိ ကျနော်တို့ စစ်ဗိုလ်ချုပ်တွေ သံတမန်ရေးအရ ကြိုးပမ်းတာ မရှိသေးပါဘူး။ ဒါပေမယ့် အချိန်ကျလာရင်တော့ ထုတ်ပြန်ကြေညာပါမယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူးချုပ် ဆီဒါထို စူရယိုဒိပူရို Sidharto Suryodipuro က မတ်လ ၁၀ ရက်၊ သောကြာနေ့တွင် ပြုလုပ်သည့် မီဒီယာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဆီဒါထိုသည် မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် အင်ဒိုနီးရှား၏ ချဉ်းကပ်မှုနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက်ပေးရန် တွန့်ဆုတ်နေသည်။ တနည်းဆိုရသော် ဂျကာတာသည် ပိုမို “တိတ်ဆိတ်သော သံခင်းတမန်ခင်း”ကို လက်ခံကျင့်သုံးမည်ဖြစ်ကြောင်း အတည်ပြုခြင်းပင်။
“ဘာလို့လဲဆိုတော့ ဒီနည်းနဲ့သာ စေ့စပ်ညှိနှိုင်းရေးအခန်းတခု တည်ရှိနေတာကို ခင်ဗျားတို့သိနိုင်မှာပါ။ လူသိရှင်ကြား ထုတ်ဖော်လိုက်မယ်ဆိုရင် သံခင်းတမန်ခင်းအတွက် နေရာက အရမ်းကျဉ်းသွားပါတယ်” ဟု ဆီဒါထိုကပြောသည်။
ကိုးကား။ ။ CNA၊ The Straits Times နှင့် Tempo
You may also like these stories:
စစ်တပ်၏ ရွေးကောက်ပွဲသည် အလုပ်မဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးတခုမျှသာ
မြန်မာနိုင်ငံမှာ အရပ်ဘက်နိုင်ငံရေး ပျောက်ဆုံးသွားပြီ
NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့
မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်
ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်