စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ၌ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူတရာခန့် သေဆုံး စေခဲ့သည့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ သလို စစ်ကောင်စီထံ လေယာဉ်ဆီတင်သွင်းမှု ချက်ချင်း ရပ်ရန် အရေးတကြီး လိုအပ်နေပြီဖြစ် ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောဆိုလိုက်သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က “လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနဲ့ မြန်မာလေတပ်ထံ တင်ပို့ ရောင်းချ မှုများ ကန့်သတ်ရန် စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံအားလုံးကို တောင်းဆိုပါတယ်၊ အဲဒီလောင်စာ ထောက်ပံ့ရေး ကွင်းဆက်ဟာ စစ်ရာဇဝတ်မှုတွေ အပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက် မှုများကို ဖြစ်ပေါ်စေပြီး အသက်တွေကို ကယ်တင်နိုင်ဖို့အတွက် အဲဒီအရာကို တားမြစ်ရမှာဖြစ်ပါတယ်” ဟု ပြောထား သည်။
ထိုကဲ့သို့ အရပ်သားများအား သတ်ဖြတ်မှုနှင့် အိုးအိမ်များအား ဖျက်ဆီးခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ ပြုလုပ် နေကျလုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအား ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေအား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်လည်း AI က တိုက်တွန်းထားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် သေဆုံးခံရသူများအတွက် အလေးအနက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသူများအား အရေးပေါ် ဆေးဝါးကုသခွင့်နှင့် အကူအညီများရရှိနိုင်စေရန် တောင်းဆိုထားပြီး အရပ်သားများအား ဦးစားပေးအနေဖြင့် အကာ အကွယ်ပေးရန် ပြောဆိုထားသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလည်း ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးရမှုများအပေါ် အထူး ဝမ်းနည်းကြေကွဲရကြောင်း ယမန်နေ့က ထုတ်ပြန်ပြောဆိုထားပြီး နိုင်ငံတကာ တရားဥပဒေများအရ အာဏာသိမ်းစစ်ခေါင်းဆောင်များ ကျူးလွန်သည့်ပြစ်မှုများအပေါ် အရေးယူနိုင်မည့် နေ့ရက် တခုကို ရောက်လာမည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုထားသည်။
ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ ရက် မနက်ပိုင်းက ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ အခမ်းအနားအား ဒေသခံပြည်သူများ နှင့် စုဝေးကျင်းပနေစဉ် စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့အနေဖြင့် လေ ကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းရာတွင် ရုံးဖွင့်ပွဲတွင် ခင်းကျင်းပြသထားသည့် လက်နက်/ခဲယမ်းများ ထပ်မံ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှု ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။
သို့သော် စစ်ကောင်စီသည် ၎င်းအား ဆန့်ကျင်ခုခံသူများအား ချေမှုန်းရေးဟုဆိုကာ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအား ဆက်တိုက်ဆိုသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအား ပြုလုပ်လျက်ရှိရာတွင် ဧပြီလ ၁၀ ရက်ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သေး သည်။
အဆိုပါ ဝေဘူလကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်မှုတွင် ကျောင်းဆရာတဦး အပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံး ခဲ့ရပြီး နေအိမ် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ရသည်။
ယင်းသို့ အကြမ်းဖက် တိုက်ခိုက်မှုများသည် စစ်အစိုးရက လူ့အသက်အပေါ် လျစ်လျူရှုထားခြင်းနှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဆိုးရွားသော နိုင်ငံရေးအခြေအနေနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများအတွက် စစ်အစိုးရ၏ တာဝန်ရှိမှုအား ပိုမိုထင်ရှားစေပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ချိုး ဖောက်မှုများအတွက် စစ်အစိုးရအား တာဝန်ခံစေရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်းလည်း အမေရိကန်အစိုးရ ထုတ်ပြန်ပြောဆိုထားသည်။
ကနေဒါနိုင်ငံအနေဖြင့်လည်း မြန်မာစစ်တပ်၏ အရပ်သားများအပေါ် ထပ်ဖန်တလဲလဲ၊ ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ် ပြန့်ပြန့်၊ လက်လွတ်စပယ် အတိုင်းအဆလွန်စွာ အင်အားသုံးခြင်းအား ရှုတ်ချကြောင်းနှင့် အကြမ်းဖက်မှုများအားလုံး ချက်ချင်ရပ်တန့်ရပ် ထပ်မံတောင်းဆိုကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။
၎င်းတို့က “အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုး ဖောက်ခြင်းဖြစ်သည်” ဟုလည်း ပြောထားသည်။
နိုင်ငံတကာအစိုးရများ အနေဖြင့်လည်း မြန်မာစစ်တပ်အား လက်နက်များနှင့် စစ်ဘက်သုံးပစ္စည်းများ၊ စစ်ဘက် အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်း၊ နည်းပညာဆိုင်ရာ အကူအညီပေးခြင်းများအား ချက်ချင်ရပ်တန့်ခြင်းဖြင့် မြန်မာပြည်သူများအား ကူညီပေးကြရန်လည်း ကနေဒါအစိုးရက တိုက်တွန်းထားသည်။
You may also like these stories:
ဗားရ်စခန်း အသိမ်းခံရပြီးနောက် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ဦးသေဆုံး
ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး