ဆန်ဈေး အဆမတန် တက်လာခြင်းကို အကြောင်းပြကာ စစ်ကောင်စီက ပြည်ပဆန်တင်ပို့မှုကို ဝင်ရောက် ထိန်းချုပ် သဖြင့် ပြီးခဲ့သည့် မတ်လအတွင်း ပြည်ပသို့ ဆန်ပို့မှုမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက နယ်စပ်ကုန်သွယ်ရေးမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၅ သောင်း ၃ ထောင်ကျော် တင်ပို့နိုင် ခဲ့ရာ မတ်လတွင် ဆန်နှင့်ဆန်ကွဲ တန်ချိန်၂၇၀ သာ တင်ပို့နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုသည်လည်း ဖေဖော်ဝါရီလတွင် တန်ချိန် ၈ သောင်း ၄ ထောင်ကျော် တင်ပို့ရာမှ မတ်လတွင် တန်ချိန် ၇ သောင်း ၈ ထောင်ကျော် သာ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စာရင်းများတွင် ဖော်ပြထားသည်။
ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးမှ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် တန်ချိန် ၅ သောင်းကျော် ကျဆင်းသွားသလို ပင်လယ်ရေကြောင်းမှ တင်ပို့မှုသည်လည်း တန်ချိန် ၁ သောင်းနီးပါး ကျဆင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဆန်ကုန်သည်ကြီးတဦးက “ဆန်တင်ပို့မှု ကျတဲ့ကိစ္စတွေမှာတော့ ဆန်တင်ပို့တဲ့ လိုင်စင်ချထားရာမှာ ကုန်သည်ရဲ့ လက်ထဲမှာ ပို့မယ့်ပမာဏထက် ဆန်အိတ်ရေ တဝက်လောက်ရှိမှ ခွင့်ပေးတာပေါ့။ ဥပမာ တန် ၁ ထောင် တင်ပို့မယ်ဆိုရင် တန်ချိန် ၅၀၀ လောက် လက်ထဲရှိမှ ခွင့်ပြုပေးတာ ဖြစ်တယ်။ ပင်လယ်ရေကြောင်းလည်း ပါတယ်။ အဲဒီလို လိုင်စင်ကိုပါ တင်းကျပ်လိုက်တာကြောင့်ရောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း ဆန်စပါးဈေးနှုန်း မြင့်လာမှုကြောင့် ပြည်ပသို့ လစဉ် တလလျှင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးမှ ဆန်တန်ချိန် ၂ သိန်းနီးပါး တင်ပို့နေရာမှ ယခု ဘဏ္ဍာနှစ်တွင် စစ်ကောင်စီက လစဉ် တင်ပို့မှု တန်ချိန် ၅ သောင်းမှ ၁ သိန်း ဝန်းကျင် လျှော့ချရန် စီစဉ်နေကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
စစ်ကောင်စီအနေနှင့် တရားဝင် စာထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကန့်သတ်ချက်နှင့်တင်ပို့မှုများ လုပ်ဆောင်ရန် အတွက် ပြီးခဲ့သည့် မတ်လအတွင်းမှ စတင်ကာ နယ်စပ် ဆန်ပို့ရာတွင်လည်း တန်ချိန် အများအပြား လျှောက်ထားမှု ကို ခွင့်ပြုပေးခြင်း၊ ပင်လယ်ရေကြောင်း တင်ပို့မှုကိုလည်း စိစစ်ခြင်းများရှိလာကြောင်း ကုန်သည်များက ပြောသည်။
မတ်လ ၁ ရက်က သတ်မှတ်ခဲ့သည့် ပို့ကုန်မူဝါဒသစ်က ပို့ကုန်သမားများအတွက် အကျိုးအမြတ်နည်းသဖြင့် မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုနည်းလာသလို လိုင်စင်သစ်ချထားပေးမှု မရှိသဖြင့် တင်ပို့မှု ရပ်ဆိုင်း လုနီးဖြစ်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ ပို့ကုန် မူဝါဒသစ်အရ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှရရှိငွေ ၆၅ ရာခိုင်နှုန်းကို ၎င်းတို့ သတ်မှတ်သည့် ဒေါ် လာ/ ယွမ် ငွေဈေးနှင့် လဲလှယ်ပေးရမည် ဖြစ်သလို ကျန်သည့် ၃၅ ရာခိုင်နှုန်းကို တလအတွင်း ပြင်ပဈေးနှင့် လဲလှယ် ရမည်ဖြစ်သည်။
ထို့အတွက် မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံဘက်သို့ ယခင်က နေ့စဉ် ဆန်နှင့် ဆန်ကွဲ ကုန်ကားအစီးရေ ၅၀ မှ ၆၀ ဝန်းကျင်ခန့် တင်ပို့မှုများ ရှိနေသော်လည်း သင်္ကြန်ပိတ်ရက် မတိုင်မီကပင် ကုန်ကားအစီးရေမှာ လက်ချိုးရေ၍ရသည်အထိ တင်ပို့မှုနည်းပါးသွားကြောင်း မူဆယ်နယ်စပ် ဆန်ကုန် သည်တဦးက ပြောသည်။
ယင်းအချိန်မှာပင် ပြည်ပသို့ ဆန်တင်ပို့မှု လိုင်စင်ချထားပေးခြင်းကို စိစစ်ခြင်း၊ အသစ်ချပေးခြင်းများ ကို ရပ်ဆိုင်းထား ခြင်းနှင့် ပြည်ပဆန်တင်ပို့မှုကို လျှော့ချရန်အထိ စီစဉ်နေကြောင်းလည်း ဆန်ကုန်သည်များထံက စုံစမ်းသိရှိရသည်။
လက်ရှိအချိန်တွင်လည်း ပြည်တွင်း၌ ဆန်ဈေးမှာ သင်္ကြန်ကာလဖြစ်ခြင်းကြောင့် ဆန်ကုန်စည်ဒိုင်တွင် အမြင့်ဈေးဖြင့် ဈေးပိတ်ခဲ့သလို လက်လီဈေးကွက်တွင်လည်း ဆန် တပြည်လျှင် ပျမ်းမျှ ကျပ် ၃၀၀ မှ ကျပ် ၄၀၀ အထိ ဈေးတက်နေ ကြောင်း ဆန်ကုန်သည်များထံက သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း ရွှေဘိုပေါ်ဆန်းစပါးထွက်ရှိရာ ရွှေဘိုဒေသတွင် စစ်တပ် နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် စစ်တပ်၏ စစ်ကြောင်းထိုးခြင်း၊ လေ ကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း အစရှိသည်တို့ကြောင့် ထုတ်လုပ်နိုင်မှု နည်းသွားခဲ့ပြီး ဈေးနှုန်း များ မြင့်တက်ခဲ့ရသည်။
ထို့ပြင် စစ်ဖြစ်ပွားခြင်း မရှိသည့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ ဒေသများတွင်လည်း စစ်တပ်အာဏာ သိမ်းပြီးနောက် ကျပ်ငွေ တန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးမြင့်တက်မှုကြောင့် စိုက်ပျိုးရေးသုံး သွင်းကုန်ပစ္စည်းများမှာ ယခင်ကထက် အဆများစွာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး စပါးစိုက်ဧက နည်းပါးခဲ့သလို စိုက်ပျိုးသောနေရာများတွင်လည်း ဓာတ်မြေဩဇာ အပြည့်အဝ မကျွေးနိုင်သဖြင့် အထွက်နှုန်း လျော့ကျမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန်၂ ဒသမ ၂ သန်းကျော် တင်ပို့ရာမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ သန်းကျော် ရရှိခဲ့ပြီး ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်၂ ဒသမ ၅ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁,၀၀၀ ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သတင်း ထုတ်ထားသည်။
You may also like these stories:
နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပ ဆန်တင်ပို့မှု လျှော့ချရန် စစ်ကောင်စီ စီစဉ်နေ
စက်သုံးဆီ ပြတ်လပ်လာ၍ အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရနေ
သင်္ကြန်နီးပြီဖြစ်၍ ကုန်ဈေးနှုန်းတက်သည့်အပြင် ကုန်ပစ္စည်းတချို့ပါ ပြတ်လပ်နေ