ထိုင်းနိုင်ငံ မဟာချိုင်တွင် ရွှေ့ပြောင်းလုပ်သားများ စုပေါင်း၍ မြန်မာ့ရိုးရာလမ်းလျှောက် သင်္ကြန်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားအများစု နေထိုင်သည့် မဟာချိုင်မြို့တွင် လာမည့် ဧပြီလ ၁၃ရက်နေ့ နှင့် ဧပြီ ၁၄ ရက်နေ့များတွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲကို ၂ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲစီစဉ်သူတဦးဖြစ်သည့် ကိုနောင်နောင်က “ကျနော်တို့ ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ထိုင်းနိုင်ငံမှာ ပထမဆုံး မြန်မာ့ရိုးရာသင်္ကြန်ပွဲကို ပြုလုပ်ကျင်းပချင်တယ်ပေါ့။ အဲဒါနဲ့ တပြိုင်နက်ထဲမှာပဲ ဒီကာလက တော်လှန်ရေးကာလလည်းဖြစ်နေတော့ ရန်ပုံငွေလည်းရအောင် ထိုင်းနိုင်ငံမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း ဖော်ကျူးနိုင်အောင် ဒီရည်ရွယ်ချက် ၂ခုကို ပေါင်းပြီးတော့ လုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးအနေဖြင့် တဦးလျှင် ဘတ် ၅၀ နှုန်းသတ်မှတ်ထားကြောင်း နှင့် မြန်မာအလုပ်သမား ၁သောင်းနီးပါးခန့် လာရောက်ကြမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပွဲအစီအစဉ်နှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များထံ တရားဝင်ခွင့်ပြုချက်တောင်းခံထားပြီးဖြစ်ကြောင်း သိရသည်။
ပွဲမှရရှိလာသည့် ရန်ပုံငွေများကို စစ်ကိုင်း ၊ မကွေး ၊ တနင်္သာရီ ၊ ကရင် ၊ ကယားပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုပွဲမလုပ်ရင်လည်း အလုပ်သမားတွေက သူတို့ဘာသာ စားကြသောက်ကြပျော်ကြပါးကြရင် ပိုက်ဆံတွေက အလေအလွင့်ဖြစ်သွားမယ်။ ဒါတွေကို စုပြီးလုပ်လိုက်မယ်ဆိုရင် ကူညီဖို့ ရန်ပုံငွေရသွားတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပေါ့။ အဓိကပြောချင်တာကတော့ ပျော်နေလို့လုပ်တာမဟုတ်ဘူး။ တော်လှန်ရေးကာလမှာ လူတွေအားလုံး စိတ်ပါဝင်စားလာအောင် နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်စည်းရုံးရတာပါ” ဟု ကိုနောင်နောင်က ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအနေဖြင့် ကိုဗစ်မတိုင်ခင် ယခင်နှစ်များတွင် ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာ သင်္ကြန်ကို ဖြတ်သန်းခဲ့ကြပြီး ယခုကဲ့သို့ မြန်မာ့ရိုးရာသင်္ကြန်ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် မြန်မာလုပ်သား သိန်းနှင့်ချီ၍ အလုပ်လုပ်ကိုင်လျက်ရှိသည်။
You may also like these stories:
သင်္ကြန်နီးပြီဖြစ်၍ ကုန်ဈေးနှုန်းတက်သည့်အပြင် ကုန်ပစ္စည်းတချို့ပါ ပြတ်လပ်နေ
စက်သုံးဆီ ပြတ်လပ်လာ၍ အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရနေ
မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်
ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်
ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်