ချင်းပြည်နယ်၊ ဖလမ်း-ဟားခါး ကားလမ်းတလျှောက် ချင်းအမျိုးသားတပ်မတော် (CNA)၊ ဒေသကာကွယ်ရေးတပ် ပူပေါင်းတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။
ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် ဧပြီ ၁၁ ရက် နံနက် ၁၁ နာရီခန့်ကလည်း စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းနှင့် ဟားခါးဗျူဟာမှ စစ်ကူထွက်လာသည့် စစ်ကောင်စီတပ်သားများအား ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက် ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများလည်း ပြုလုပ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး (CNF/CNA)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီကို ပြောသည်။
၎င်းက “မနေ့က ဖလမ်း-ဟားခါးလမ်းပေါ်မှာ ဖြစ်တဲ့တိုက်ပွဲက တော်တော်ပြင်းတယ်။ ကျနော်တို့ မြေပြင်အနီးကပ်လိုက်ပြီးတော့ တိုက်တာ။ ဟားခါးကိုတက်တဲ့ ထောက်ပို့ယာဉ်တန်းရယ်၊ ဟားခါးဘက်က အဲဒီယာဉ်တန်းကို လာကြိုတဲ့စစ်ကူအဖွဲ့ တွေကို ကြားဖြတ်အနီးကပ်အလွတ်မပေးဘဲ တိုက်ခိုက်တာ။ သူတို့ဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ Mi-35 ၂ စီးနဲ့ လာပြီး တော့ လေကြောင်း တိုက်ခိုက်ခဲ့တယ်။ ဒီနေ့မနက်ပိုင်းလည်း တိုက်ပွဲကရှိနေတုန်းပဲ။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းမှ တပ်ဖွဲ့ဝင် ၅ ဦးနှင့် ဟားခါးဗျူဟာမှ စစ်ကူဆင်း လာသည့်စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ချင်းအမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ ကြောင်း ဆလိုင်းထက်နီက ပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများနှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဆလိုင်းထက်နီက “ကျနော်တို့ အဲဒီထောက်ပို့ယာဉ်တန်းကို လမ်းတလျှောက် တိုက်ခိုက်လာတာ။ ထောက်ပို့ကား အစီး ၃၀ ကျော် တက်လာတဲ့အထဲမှာ အခုဆိုရင် ကားက ၁၂ စီးလောက်ပဲ ကျန်တော့တယ်။ မနေ့ကတိုက်ပွဲမှာလည်း သူတို့ဘက်က ထိခိုက်ပျက်စီးသွားတဲ့ ကား ၈ စီးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ထိခိုက်မှုများတော့ သူတို့ကားလမ်း အနီးကရွာတွေကို မီးရှို့တာတွေလုပ်နေတယ်” ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ချွန်ကျုံးကျေးရွာမှ နေအိမ် ၂၄ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပို့ယာဉ်တန်းသည် ပြီးခဲ့သည့် မတ် ၇ ရက်မှစတင်ကာ ကလေးမြို့မှဟားခါးဗျူဟာသို့ စစ်အင်အားဖြည့် တင်းရန် ထွက်ခွာလာခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ဟားခါးမြို့သို့ရောက်ရှိရန် ၁၀ မိုင်သာလိုတော့ကြောင်း၊ ယင်း ထောက်ပို့ယာဉ်တန်းအား လမ်းတလျှောက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုနှင့်အတူ ထောက်ပို့ကား ၃၀ ကျော်အနက် ၁၂ စီးသာ ကျန်ရှိတော့ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။
ဧပြီ ၅ ရက်ကလည်း ယင်းထောက်ပို့ယာဉ်တန်းအား ဖလမ်း-ဟားခါးကားလမ်းမ ရန်ထလိုကျေးရွာ အနီးတွင် ချင်းကာကွယ် ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးပြီး ကား ၇ စီး ပျက်စီးခဲ့ကြောင်း သိရ သည်။
ထို့ပြင် ဧပြီ ၁၀ ရက် နံနက်ပိုင်းကလည်း ဖလမ်းမြို့နယ်အတွင်း ဗားရ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတခုကို ချင်းအမျိုး သားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းတာဝန်ကျ တပ်သား ၂၅ ဦးအနက် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးကို အရှင်ဖမ်းမိခဲ့သော်လည်း ရရှိထားသောပြင်းထန်ဒဏ်ရာကြောင့် ဗိုလ်ကြီးတဦး အပါအဝင် ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ CNDF က ထုတ်ပြန် ထားသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်၊ အထက်ချင်းတွင်းဒေသ (CNO-UCR) ၏ သတင်းထုတ်ပြန်ချက်အရ တိုက်ပွဲပြင်းထန်ခဲ့သည့် အဆိုပါနေရာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ပေါ်ကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
ဗားရ်စခန်း အသိမ်းခံရပြီးနောက် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၈ဦးသေဆုံး
ကြားဖြတ်တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီယာဉ်တန်း ၅၀ ကျော်သေဆုံးဟု CDF ပြော
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ