ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၏ စစ်ရေးချုပ်ဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဗိုလ်ချုပ်စောအယ်ခူသည် ဧပြီလ ၁၁ ရက်တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း KNLA-PC ကပြောသည်။
ဗိုလ်ချုပ်စောအယ်ခူ ယခုလို အဆုံးစီရင်သွားခဲ့ခြင်းသည် လက်ရှိနိုင်ငံရေးအကျပ်အတည်းကြား KNU/KNLA-PC ဗဟိုကော်မတီ၏ ရပ်တည်ချက်များနှင့် သဘောထားအမြင်မတူညီခြင်း အပါအဝင် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိအားများ ကြောင့်ဖြစ်ကြောင်း KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့် က ဧရာဝတီကို ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ တိုက်ပွဲ (ရွှေကုက္ကိုလ်) မှာဆိုရင်လည်း နယ်မြေဆက်စပ်မှုအရ သူက (ဗိုလ်ချုပ်စောအယ်ခူ) ကြားထဲရောက်တဲ့ အနေအထားဖြစ်ခဲ့တယ်။ သူ့အနေနဲ့ အကောင်းဆုံး ညှိနှိုင်းဖျန်ဖြေကြိုးစားခဲ့ပေမဲ့ တခြားနှစ်ဖက်က ဖိအားပေးမှုတွေလည်း အမျိုးမျိုးခံခဲ့ရတာတွေရှိတယ်။ ဒါပေမဲ့ သူအခုလို အဆုံးစီရင်ရတဲ့အထိ သူ့စိတ်ထဲ ဘယ်လောက်ခံစားရလဲဆိုတာ ကိုတော့ ကျနော်တို့လည်း သေချာမသိနိုင်ဘူး” ဟု ဆိုသည်။
မြေပြင်သတင်းများတွင် ဗိုလ်ချုပ်စောအယ်ခူသည် အာဏာသိမ်း စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ၏ ဗိုလ်မှူးစောမောင်ဝင်း ဦးဆောင်သည့် အမှတ် ၁၀၁၈ တပ်ဖွဲ့ဝင်များက လက်နက်များဖြုတ်သိမ်းရန် ဝင်ရောက် ဖိအားပေးခံရပြီးနောက် ယင်းသို့ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ကရင်သတင်းဌာန (KIC) က ထုတ်ပြန်ထားသည့် ဗိုလ်ချုပ် စောအယ်ခူ မသေဆုံးမီက ပြောဆိုခဲ့သည့် အသံဖိုင်ထဲတွင် BGF က လက်နက်ချရန် ဖိအားပေးခဲ့ပြီး သောင်ရင်းမြစ်ဘေးရှိ ၎င်းတို့စခန်းမှ အဖွဲ့ဝင် ၈ ဦးထံမှ လက်နက်များသိမ်းယူသွားခဲ့ကြောင်း သို့သော်လည်း ၎င်းအနေဖြင့် လုံးဝ လက်နက်ချမှာ မဟုတ်ကြောင်း ပြောထားသည်။
၎င်းကိုယ်တိုင် ပြောထားသည့် အသံဖိုင်ထဲတွင် “ကျနော်ကတော့ ငြိမ်းချမ်းရေးပဲလုပ်တယ်။ ဘယ်သူနဲ့မှ ပြဿနာမရှိခဲ့ဖူးဘူး။ BGF က ကျနော်တို့ နေရာကိုဝင်လာတယ်။ လက်နက်တွေစုခိုင်းတယ်။ စကားအနည်းငယ်များခဲ့တယ်။ ဒါကြောင့် ပဋိပက္ခဖြစ်လာတယ်။ နိုင်ငံအသီးသီးက ကျနော်တို့ ကရင်လူမျိုးတွေ သိစေဖို့ ၊ ကျနော်တို့ ကရင်လူမျိုးအချင်းချင်း ပြဿနာမရှိစေဖို့အတွက် ကျနော်တို့ ဘယ်သူနဲ့မှ ပစ်ခတ်တာတွေ မလုပ်ဘူး။ အဲဒါကြောင့် ကျနော်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက်ကြောင့် လက်နက်လုံးဝချမှာမဟုတ်ဘူးဆိုတာကို ကျနော်တို့ကရင်လူမျိုးတွေ အားလုံးကို အသိပေးချင်ပါတယ်” ဟုပြောထားသည်။
KNLA-PC နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကမူ ဗိုလ်ချုပ် စောအယ်ခူ သေဆုံးမှုတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းမဟုတ်ဘဲ အနီးကပ်လုပ်ကြံခံရမှုဖြစ်ကြောင်း အောက်ခြေမှ လာသည့် သတင်းများကြောင့် သီးခြားစုံစမ်းမှုများ ပြုလုပ်နေလျှက်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ယုံကြည်ရခက်နေတုန်းပါပဲ။ သူ့မှာ ပစ္စတိုရှိရက်နဲ့ ဘာလို့ လက်ပစ်ဗုံးခွဲပြီး သေတယ်လို့ ဖြစ်ခဲ့ရတာလဲ။ သူက ကျနော်တို့ KNU က မခွဲထွက်ခင် ကတည်းက အထူးကွန်မန်ဒိုတယောက်ဗျ။ သူ့လို ခေါင်းဆောင်တယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး အလေးနက်ထား မထုတ်ပြန်ရဲကြတာဘာလို့လဲ” ဟု ပြောသည်။
KNU တပ်မဟာ-၇ နယ်မြေဖြစ်သည့် မြဝတီမြို့မြောက်ဘက်ခြမ်းဒေသ သင်္ဃန်းညီနောင်၊ ရွှေကုက္ကိုလ် အနီးပတ်ဝန်းကျင်ကို ဗိုလ်အယ်ဆေးဝါး ဦးဆောင်သည့် Lion Battalion စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၅ ရက်တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ထို့နောက် Lion Battalion စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့၍ ပူးပေါင်းတပ်ဖွဲ့များဘက်မှ အကျအဆုံးရှိခဲ့သလို တခြားတပ်ဖွဲ့ဝင် အများအပြားလည်း ယင်းနယ်မြေအတွင်း ပိတ်မိခဲ့သည်။
ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်စောအယ်ခူက ကြားဝင်ညှိနှိုင်းမှုများ လုပ်ဆောင်ပေးခဲ့ သေးကြောင်းသိရသည်။
BGF စစ်ကြောင်းများ၏ ဝိုင်းဝန်းပိတ်ဆို့ခံရသော တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းများကို ကူညီပေးမှုကြောင့် အဆုံးစီရင်မှုမဖြစ်ပွားမီ ရှေ့တရက်ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် ဗိုလ်ချုပ် စောအယ်ခူ ရုံးထိုင်သော သောင်းရင်းမြစ်ဘေးရှိ ထလော့ဂိတ်ကို BGF က ဝိုင်းဝန်းပိတ်ဆို့ကာ လက်နက်ချခိုင်းခဲ့ကြောင်းလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ သတင်းရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက “ထလော့ရုံးကို BGF က PDF တွေကို ဖွက်ပေးထားတယ်ဆိုပြီး အတင်းဝင်ရှာတာ။ အဲဒါကို သူက (ဗိုလ်ချုပ်စောအယ်ခူ) တော်တော်လေး မကျေမနပ်ဖြစ်ခဲ့တယ်။ အခြေအနေကလည်း တော်တော်လေးတင်းမာခဲ့တယ်။ လက်နက်ကိုင်ထားသူအချင်းချင်း သူ့ကို စော်ကားသလိုဖြစ်တာပေ့ါ။ အဲဒီတော့ သူ့ဂုဏ်သိက္ခာအတွက် အခုလိုလုပ်သွား တာလို့ ပြောလို့ရတယ်” ဟု ဆိုသည်။
ထို့ပြင် KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ လက်မှတ်ထိုးထားသည့် စစ်ဗျူဟာ (၂) ဗျူဟာမှူး ဗိုလ်မှူးကြီးစော လက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောကျော်ဂရောင်းတို့ကို တပ်မှထုတ်ပယ်လိုက်သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး KNLA-PC ဗဟိုနှင့် ဗိုလ်ချုပ်စောအယ်ခူကြား သဘောထားတင်းမာမှုများရှိခဲ့ကြောင်းလည်း အထက်ပါ KNDO သတင်းရင်းမြစ်က ဆိုသည်။
BGF က ထလော့ဂိတ်ကို ဝိုင်းဝန်းပိတ်ဆို့ကာ လက်နက်ချခိုင်းခဲ့သည်ဆိုသော ဖြစ်ရပ်နှင့်ပတ်သက်၍ KNU/KNLA-PC ဘက်က ငြင်းဆိုခြင်းမရှိသလို KNU တပ်မဟာ-၇ နယ်မြေသည် KNU၊ BGF၊ KNU/KNLA-PC တို့ ကရင်လက်နက်ကိုင်တပ် ဖွဲ့ ၃ ဖွဲ့လုံး လှုပ်ရှားသည့်နယ်မြေဖြစ်ကြောင်း KNU/KNLA-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။
၎င်းက “ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း ကြားပါတယ်။ ကျနော်တို့က ဖြစ်စဉ်ဖြစ်တဲ့နေရာကို ရောက်ရှိတာ မရှိတော့ သေချာမပြောနိုင်ဘူး။ ကျနော်တို့က ပြဿနာတခုကို တဖက်ကကြည့်တာထက်စာရင် နှစ်ဖက်စလုံးဘက်က ကြည့်ပြီးတော့လုပ်မှ မျှမျှတတနဲ့ လက်တွေ့ကျနိုင်ပါလိမ့်မယ်” ဟု ပြောသည်။
ဗိုလ်ချုပ်စောအယ်ခူသည် KNU/KNLA-PC ၏ စစ်ရေးချုပ်တာဝန်ယူထားသည်မှာ နှစ်နှစ်နီးပါးသာရှိသေးပြီး လွန်ခဲ့သော ၁ နှစ်ဝန်းကျင်မှစတင်ကာ ကျန်းမာရေးအခြေအနေအရ ဗဟိုကော်မတီ၏အစည်းအဝေးများကို တက်ရောက်နိုင်ခြင်း မရှိခဲ့ ကြောင်း KNU/KNLA-PC ထံမှ သိရသည်။
ကရင်အမျိုးသားအစည်းရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) သည် အာဏာသိမ်းစစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သလို အာဏာသိမ်းပြီးနောက်ပြုလုပ်သော စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်နေသည့်အဖွဲ့လည်း ဖြစ်သည်။
You may also like these stories:
ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော
ကရင်ငြိမ်းချမ်းရေးကောင်စီက ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့ကို ထုတ်ပယ်
မယ်ခါးထာ့တပ်စခန်းကို KNLA တပ်တွေ ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ