စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုများနှင့် ထိုင်းတွင် ဖမ်းဆီး တရားဆွဲဆိုခံရသည့် မြန်မာလက်နက်ပွဲစား ထွန်းမင်းလတ် ပါဝင်ပတ်သက်သော အမှုမှ သူ၏ သမီးအမည်ကို ပယ်ဖျက်ပေးရန် ထိုင်းအာဏာပိုင်များကို ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့သည်။
လက်နက်ပွဲစား ထွန်းမင်းလတ်ကို လွန်ခဲ့သောစက်တင်ဘာလက ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ဘန်ကောက်တွင် ရဲကဖမ်းသည်။ ဘတ်သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၅.၄ သန်း) တန်သော မူးယစ်ဆေးဝါးများနှင့် အခြား တန်ဘိုးကြီး ပစ္စည်းများကို ထိုစီးနင်းမှုအတွင်း သိမ်းဆည်းခဲ့သည်။
ထို ဖမ်းဆီးမှုသည် ထွန်းမင်းလတ်၏ စီးပွားဘက်များဖြစ်သော ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီ ယတ်ကန်အတွက် ဖမ်းဝရမ်းထုတ်စေခဲ့သော်လည်း ထိုဝရမ်းကို အလျှင်အမြန် ရုတ်သိမ်းခဲ့သည်ဟု အစီအစဉ်တကျ ကျူးလွန်သော ရာဇဝတ်မှုများကို ဖော်ထုတ်ရေးသားသော သတင်းဌာန OCCRP နှင့် ထိုင်းသတင်းမီဒီယာ Prachatai တို့ကဖေါ်ပြခဲ့သည်။
ထွန်းမင်းလတ်နှင့် ထိုထိုင်းနိုင်ငံသား ၃ ဦးသည် ငွေကြေးခဝါချမှု၊ မူးယစ်မှောင်ခိုမှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအတွက် ဘန်ကောက်တရားရုံးတခုတွင် အမှုရင်ဆိုင်နေရသည်။
ထွန်းမင်းလတ်သည် မြန်မာလေတပ်အတွက် အစ္စရေးလုပ် ထောက်လှမ်းရေး ဒရုန်းများနှင့် လေယာဉ် အစိတ်အပိုင်းများ တင်သွင်း ပေးသည့် Star Sapphire Group of companies ကုမ္ပကီကို စီမံနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုများအတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် သားဖြစ်သူ အောင်ပြည့်စုံတို့၏ ဘဏ်စာရင်းများနှင့် အဆင့်မြင့် ကွန်ဒိုပိုင်ဆိုင်မှုများ တွေ့ရှိသောအခါ ထွန်းမင်းလတ်နှင့် မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မိသားစုအကြား နက်ရှိုင်းသော ဆက်ဆံရေးကို ဖေါ်ထုတ်နိုင်ခဲ့သည်။
မင်းအောင်လှိုင်၏သမီးသည် ယခုအခါ Royal Mawtaung Mining Company Limited ဟုခေါ်သည့် Star Thiri Investment Limited ကို တည်ထောင်သူများတွင် ပါဝင်သည်။
ထိုရှာဖွေဖမ်းဆီမှု နောက်ပိုင်းတွင် မင်းအောင်လှိုင်၏ သားနှင့်သမီးသည် ထွန်းမင်းလတ်အမှုတွင် ၎င်းတို့၏ အမည်များကို ပယ်ဖျက်ပေးရန် ထိုင်းအာဏာပိုင်များကိုပြောရန် ဘန်ကောက်သို့သွားခဲ့သည်ဟု ဧရာဝတီက သိရသည်။
ထိုနောက် မင်းအောင်လှိုင်သည် သူ့သမီးအမည်ကို အမှုမှ ဖယ်ထုတ်ပေးရန် ထိုင်းအာဏာပိုင်များကို သူ့အနေဖြင့် တောင်းဆိုသည်ဟု ထိုကိစ္စကို သိသော သတင်းရင်းမြစ်များက ဧရာဝတီကို ပြောသည်။
ထိုသို့အားထုတ်မှုကြောင့် မြန်မာစစ်ကောင်စီခေါင်းဆောင်သည် ထိုအမှုတွင် သူ့မိသားစု ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ရန် ကြိုးစားသည်ဆိုသည့် ပြောဆိုချက်များကို ဖြစ်စေသည်။
အထက်လွှတ်တော်အမတ် ဥပကစ်၏ ဖမ်းဝရမ်းကို အလျှင်အမြန် ပြန်လည်ရုတ်သိမ်းခြင်းကလည်း ထိုအထက်လွှတ်တော်အမတ်နှင့် မင်းအောင်လိုင်အကြား ထွန်းမင်းလတ်မှတဆင့် ဆက်ဆံရေးကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထို ထိုင်းအထက်လွှတ်တော်အမတ်သည် ခင်သီရိသက်မွန်နှင့် ဆက်စပ်မှုအပါအဝင် အရာရာကို ထုတ်ဖေါ်ပြောကြားပါက မင်းအောင်လှိုင်အတွက် အဖမ်းခံရသည့် ပြဿနာဖြစ်စေမည်ဟု သုတေသီအချို့ ပြောသည်။
ဥပကစ်က ထွန်းမင်းလတ်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိကြောင်း ငြင်းဆန်သော်လည်း အခြားထိုင်း လွှတ်တော်အမတ်တဦးက ဖေဖေါ်ဝါရီလ လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် ဥပကစ်သည် ထွန်းမင်းလတ် ငွေကြေးခဝါချသည့် ကုမ္ပဏီတခုတွင် ပါဝင်ပတ်သက်နေကြောင်း ပြောသည်ဟု ထိုင်းမီဒီယာများပြောသည်။
မင်းအောင်လှိုင်သည် သူ့သားအမည်ကိုပါ ထိုအမှုမှ ဖယ်ရှားပေးရန် တောင်းဆိုသည် သို့မဟုတ် မတောင်းဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။
မင်းအောင်လှိုင်နှင့် သူ၏သားသမီး၂ ဦးကို အမေရိကန်နှင့် ကနေဒါက ပိတ်ဆို့အရေးယူထားသည်။ အမေရိကန်က ထွန်းမင်းလတ်ကို ယခုနှစ်အတွင်း ပိတ်ဆို့အရေးယူထားသည်။
You may also like these stories:
ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ
ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို
အပြစ်မရှိကြောင်း ထိုင်းတရားရုံးတွင် ထွန်းမင်းလတ် ငြင်း
ထိုင်းအတိုက်အခံအမတ်ကို ဥပကစ် တရားစွဲ