အာဏာသိမ်း စစ်တပ် သံချပ်ကာယာဉ်နှစ်စီးအပါအဝင် စစ်ယာဉ်တန်းအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည့် ဟားခါး မြို့နယ်၊ ချွန်ကျုံးရွာအနီး တိုက်ပွဲ ဆက်လက် ပြင်းထန်လျက်ရှိရာ ယမန်နေ့ တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဘက်က ၁ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
သံချပ်ကာနှစ်စီးနှင့်အတူ စစ်ကြောင်းမှ ယာဉ်များအားလုံး ဖျက်ဆီးခံရပြီးနောက် ရှေ့ဆက်မသွားနိုင်ဘဲ ချွန်ကျုံးရွာတွင် မိုင်းများထောင်၍ ယာယီတပ်စွဲထားသည့် တပ်ဖွဲ့နှင့် ၎င်းတို့ထံသို့ ဟားခါးမြို့ဘက်မှ စစ်ကူလိုက်လာသည့် စစ်ကြောင်း အား ချင်းပူးပေါင်းတပ်များက ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဆလိုင်းထက်နီက “တိုက်ပွဲတွေကတော့ အဲဒီဂွင်ထဲမှာ ဆက်ဖြစ်နေပါတယ်။ ဖြစ်တဲ့ပုံစံက ဟားခါးကနေ ချွန်ကျုံး ဘက်ကို သွားကြိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ချွန်ကျုံးရွာအတွင်းမှာ နေရာယူတပ်ချထားတဲ့ တပ်ဖွဲ့ဝင်တွေ ကြားမှာ ကျနော်တို့နဲ့ တိုက်ပွဲက နှစ်နေရာပုံစံနဲ့ ဖြစ်နေတဲ့ အနေအထားပါ” ဟု ပြောသည်။
ယမန်နေ့က ဖြစ်ပွားသည့် ချွန်ကျုံးရွာတိုက်ပွဲ၌ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကြောင်းနှင့် ကျည်ဆန်များ သိမ်း ဆည်ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီ၏ သံချပ်ကား ယာဉ်နှစ်စီးနှင့်တွဲကား ၂၈ စီးခန့် ပါဝင်သော စစ်ကူနှင့်ရိက္ခာထောက်ပို့ ယာဉ်တန်းသည့် ကလေးမြို့ မှ မတ်လ ၇ ရက်မှစတင်ကာ ကလေး – ဖလမ်း – ဟားခါးလမ်းကြောင်းအတိုင်း တက်လာခြင်းဖြစ်ပြီး ဧပြီ ၁၃ ရက်နေ့က ဟားခါးမြို့သို့ ရောက်ရှိရန် ၁၀ မိုင်ခန့်ကွာဝေးသည့် ချွန်ကျုံးရွာအရောက်တွင် ယာဉ်များအားလုံး တိုက်ခိုက် ချေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တန်းတွင် စတင်ထွက်ခွာလာစဉ်က အင်အား ၂၀၀ ခန့်ပါဝင်ပြီး လမ်းတလျှောက်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ကျဆုံးမှုများပြားခဲ့ရာ လက်ရှိ ချွန်ကျုံးရွာတွင် လက်ကျန်အင်အား ၄၀ ခန့်နှင့် ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ခန့်ဖြင့်သာ ယာယီတပ်ချထားခြင်းဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေး တပ်များက ခန့်မှန်ထားသည်။
ယင်းပြင် ကလေး-ဟားခါးလမ်းတလျှောက် စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်မှုများတွင် ချင်းဒေသကာ ကွယ်ရေးပူးပေါင်းတပ်များဘက်ကလည်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိမှုရှိထား ကြောင်းလည်း သိရသည်။
ဆလိုင်းထက်နီက “အဓိက သံချပ်ကာ ကားကို ဒရုန်းနဲ့ ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်၊ တစီးကတော့ လုံးလုံးမီးလောင် သွားတာပေါ့။ တစီးကတော့ စက်ချွတ်ယွင်းပြီး လုံးဝ သုံးလို့မရအောင် လုပ်နိုင်ခဲ့တာပေါ့။ သံချပ်ကာတွေကတော့ သုံးစားမရနိုင်တော့ပါဘူး။ ကျနော်တို့ မြေပြင်ရှင်းလင်းမှုတော့ မလုပ်နိုင်သေးဘူး။ ချွန်ကျုံးမရောက်ခင် လမ်းမှာ ဖျက် ဆီးနိုင်ခဲ့တဲ့ ကားတွေလည်း သုံးမရတော့ လမ်းပေါ်မှာပဲ ထားခဲ့ရတယ်” ဟု ပြောသည်။
ယင်းသို့ ထိခိုက်သေဆုံးမှုများစွာဖြင့် ယာဉ်တန်း ချေမှုန်းခံရပြီးနောက် လက်ရှိတွင် ကလေးမြို့ဘက်မှ ချင်းပြည်နယ် အတွင်း စစ်ကား လေးစီးဖြင့် ထပ်မံတက်လာနေပြီး လက်ရှိတွင် ဖလမ်း- တီးတိန်လမ်းခွဲအနီး၊ သိုင်းငင်းကျေးရွာ ပတ်ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် CJDC အထွေထွေ အတွင်းရေးမှူး ဆလိုင်းတင်မီက ပြောသည်။
အဆိုပါ ကားလေးစီးယာဉ်တန်းတွင် တစီးလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ဖြင့် စုစုပေါင်း အင်အားတရာကျော် ပါဝင်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်များက ခန့်မှန်းထားပြီး ၎င်းစစ်ကြောင်းသည် ဟားခါးမြို့အထိ စစ်ကူတက် ရန်ဖြစ်နိုင်သကဲ့သို့ မကြာသေးမီက တိုက်ခိုက် သိမ်းပိုက်ခံလိုက်ရသည့် ဖလမ်းမြို့နယ်၊ ဗားရ်စခန်းသို့ အင်အားပြန် ဖြည့်ရန်လည်းဖြစ်နိုင်ကြောင်း ခန့်မှန်းကာ စောင့်ကြည့်လျက်ရှိနေကြသည်။
ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အင်အားပြန်လည် ဖြည့်ဆည်းလာတဲ့ အနေအထားလို့ သုံးသပ်တယ်၊ သူတို့ဘက်က တက်လာရင် တားဆီးနိုင်အောင် ပြင်ဆင်ထားတာတွေလည်း ရှိပါတယ်။ အဲဒီလမ်းကြောင်းမှာ တိုက်ပွဲ တွေ ထပ်ပြီးဖြစ်လာမယ့် အခြေအနေရှိပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည် ဧပြီ ၁၀ ရက်က ဖလမ်းမြို့မှ ၁၂ မိုင်ခန့်အကွာ ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတဦး အပါအဝင် ၁၄ ဦး သေဆုံးကာ ၁၁ ဦး အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက် ၂၀ ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်း နိုင်ခဲ့ကာ စခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဗားရ်စခန်း သိမ်းပိုက်ခံရမှုနှင့် စစ်ကူ ထောက်ပို့တက်လာစဉ် ကာလတလျှောက် အထိနာနေသည့် စစ်ကောင်စီဘက် ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြင်းထန်စွာ လုပ်ဆောင်ခဲ့ရာတွင် ပြည်သူများနေထိုင်သည့် ကျေးရွာ များပါ ဗုံးကြဲခဲ့သည့်အတွက် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။
ဆလိုင်းထက်နီက “မြေပြင်မှာ သူတို့ အင်အားချိနဲ့နေပြီဖြစ်လို့ ဝေဟင်နဲ့ အကြမ်းဖက်ပြီး တိုက်ခိုက်နေတာပါ၊ တိုက် ခိုက်တယ် ဆိုတာလည်း ကျနော်တို့ကို တိုက်ပါ။ အပြစ်မဲ့ပြည်သူတွေအပေါ် အဲဒီလို ဗုံးကြဲချတာတွေက တကယ့် စစ် ရာဇဝတ်မှုပေါ့၊ ပြည်သူကို ဦးတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုပါပဲ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် ဗားရ်စခန်း သိမ်းပိုက်ခံရသည့်နေ့တွင်ပင် ဖလမ်းမြို့နယ်အတွင်းရှိ ဝေလဘူလမြို့အား မြေပြင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် CDM ကျောင်းဆရာနှင့်ဇနီးအပါအဝင် အရပ်သား ၉ ဦး သေဆုံး ခဲ့ရပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် ရမ်ထလိုကျေးရွာကိုလည်း ဗုံး ၆ လုံးကြဲချခဲ့သည့်အတွက် နေအိမ်များ လည်း ပျက်စီးခဲ့ရသည်။
ယင်းပြင် မတ်လ ၃၀ ရက်ကလည်း ထန်တလန်မြို့နယ်၊ ခွါဖိုကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးဒဏ်ရာရခဲ့ကာ နေအိမ်အဆောက်အဦး ၁၃ လုံးလည်း ပျက်စီး ခဲ့ရသည်။
ထိုသို့ အရပ်သားများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး CJDC အထွေထွေ အတွင်းရေး မှူး ဆလိုင်းတင်မီကလည်း “လုံးဝ စစ်မဖြစ်တဲ့နေရာတွေကို သူတို့ရှုံးတဲ့အတွက် ပြည်သူတွေကို ပစ်မှတ်ထားပြီး တမင် တကာ ပစ်တယ်လို့ပြောလို့ရတယ်။ စစ်ကောင်စီရဲ့ ကောက်ကျစ်တဲ့အရာပေါ့နော်၊ တနိုင်ငံလုံး တိုက်ပွဲမဖြစ်တဲ့နေရာ တွေကို လေကြောင်းနဲ့ပစ်တယ်ဆိုတာ စစ်ကောင်စီရဲ့ ယုတ်မာကောက်ကျစ်မှုကို ပြလိုက်တာဖြစ်သလို ပြည်သူတွေ အပေါ်မှာလည်း ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ပုံစံလို့ပဲ ယူဆပါတယ်” ဟု ပြော သည်။
စစ်ကောင်စီတပ်များ ချီတက်ရာ လမ်းကြောင်းတလျှောက်တွင်လည်း ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြု လုပ်ခဲ့သည့်အတွက် လူနေအိမ်များနှင့် အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ရသည့်အပြင် လက်ရှိ၎င်းတို့ရောက်ရှိ တပ်စွဲထားသည့် ချွန်ကျုံးကျေးရွာအတွင်းမှ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။
စစ်ကောင်စီ သံချပ်ကာ နှစ်စီးဦးဆောင်ကာ ယာဉ်တန်းချီတက်ခဲ့သည် မိုင်ပေါင်း ၁၂၄ မိုင်ခန့်ကွာဝေးသော ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းသည် ပုံမှန်အားဖြင့် ကားဖြင့် တရက်ခရီးဖြစ်သော်လည်း သံချပ်ကာပါဝင်သော စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းသည် လမ်းတလျှောက်တွင် အကြိမ်ကြိမ် တိုက်ခိုက်ခံရမှုများကြောင့် တလကျော်ကြာသည်အထိ ဟားခါးမြို့သို့ မရောက်နိုင်တော့ဘဲ ချေမှုန်းခံလိုက်ရခြင်းလည်း ဖြစ်သည်။
နှစ်စဉ် မိုးရာသီကာလများတွင် မြေပြိုမှုများကြောင့် လမ်းပိုင်းပြတ်တောက် ပိတ်ဆို့မှုများဖြစ်လေ့ရှိသည့် ကလေး-ဟားခါးလမ်းပိုင်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်တွင် ကမာ္ဘ့ဘဏ်နှင့် JICA အကူအညီ ချေးငွေများဖြင့် နိုင်လွန်ကတ္တရာလမ်းခင်းကာ အဆင့်မြှင့်တင်ရန် လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီး နောက် ထိုလမ်းကြောင်းတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။
You may also like these stories:
စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ
ဖလမ်း-ဟားခါး ကားလမ်းတလျှောက် တိုက်ပွဲများဆက်ဖြစ်နေ
မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ