အမည်ဆိုးကျော်ကြားသည့် ခရိုနီနှင့် လက်နက်ပွဲစား ဦးတေဇသည် လူမြင်ကွင်းမှ နှစ်နှင့်ချီ ပျောက်ကွယ်နေပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်း ဘာသာရေးခရီးစဉ်တခုတွင် မိုင်းဖုန်းဆရာတော်နှင့်အတူ ပြန်ပေါ်လာသည်။
အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားသည့် ခရိုနီဦးတေဇသည် မြန်မာတွင် မိုင်းဖုန်းဆရာတော် (ဦးဉာဏသံဝရ) ဟု လူသိများသည့် ထိုင်းဘွဲ့အမည် ဖရာ ခူဝ ဘွန်ချွမ် အတွက် ဧပြီလ ၁၃ ရက်နေ့တွင် မန္တလေးမှ ကချင်ပြည်နယ် ပူတာအိုသို့ ပုဂ္ဂလိက လေကြောင်းခရီးတခု စီစဉ်ပေးသည်။ ဦးတေဇသည် ထိုခရီးတွင် မိုင်းဖုန်းဆရာတော်နှင့်အတူ လိုက်ပါခဲ့ကြောင်း ခရီးစဉ်တွင် လိုက်ပါခဲ့သည့် အခြားသူများက ပြောသည်။
ပူတာအိုသည် မြန်မာနိုင်ငံမြောက်ဘက် အစွန်ဆုံးမြို့နယ်ဖြစ်ပြီး မြန်မာမှ ဟိမဝန္တာတောင်တန်းပတ်ဝန်းကျင် ရှုခင်းများကြောင့် ကျော်ကြားသည်။
ထိုခရီးစဉ်အတွင်း မိုင်းဖုန်းဆရာတော်သည် နှင်းများဖုံးနေသည် တောင်ခြေတခုမှ ဝေးကွာသော ကျေးရွာတခုတွင် ရက်အတန်ကြာ တရားထိုင်သောကြောင့် ဆရာတော်က ထိုကျေးရွာတွင် ဘုရားတည်မည်ကို ဒေသခံ ခရစ်ယာန် အများစုအကြား စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။
၎င်းတို့သည် ဧပြီလ ၁၆ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ပြန်လာကြသည်။ ဦးတေဇသည် ၂၀၁၀ ပြည့်နှစ်များ အစောပိုင်းက ထိုဒေသတွင် ရဟတ်ယာဉ် ပျက်ကျသော်လည်း အသက်ဘေးမှ လွတ်မြောက်လာသူ ဖြစ်သည်။
မိုင်းဖုန်းဆရာတော်နှင့်အတူ ထိုခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) က သူ၏ Facebook တွင် ဦးတေဇသည် နီပေါရဟတ်ယာဉ်မှူးတဦးကို တနေ့လျှင် အမေရိကန်ဒေါ်လာ ၁,၂၀၀ ပေး ငှားရမ်းခဲ့ကြောင်း ရေးသားခဲ့ပြီး ဦးတေဇကို ‘ဦးမဟာတေဇ’ ဟု ချီးကျူးသည်။ နီပေါရဟတ်ယာဉ်မှူးသည် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရတ်တောင်ထိပ်တွင် အောင်မြင်စွာ ဆင်းသက်ခဲ့ဖူးကြောင်း ဦးသုခမိန္ဒက ရေးသားသည်။
မိုင်းဖုန်းဆရာတော်သည် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ပူတာအိုမြို့ပြင်မှ ဦးတေဇ၏ မလိခ ဧည့်ဂေဟာတွင် တည်းခိုသည်။ ထိုဧည့်ဂေဟာသည် ဗိုလ်ချုပ်များ၊ သမ္မတများနှင့် ခရိုနီများ ပူတာအိုသို့ ရောက်လျှင် တည်းခိုသောနေရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုဧည့်ဂေဟာတွင် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် တည်းခိုဖူးသည်။
အခြားခရိုနီတဦးဖြစ်သော CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးသည်လည်း ဦးတေဇ၊ မိုင်းဖုန်း ဆရာတော်တို့နှင့်အတူ ထိုခရီးတွင် လိုက်ပါသွားခဲ့သည်။
မိုင်းဖုန်းဆရာတော်
မိုင်းဖုန်းဆရာတော်သည် ထိုင်းနိုင်ငံမြောက်ပိုင်းမှဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာမှ ထင်ရှားသော ခေါင်းဆောင်အများအပြားနှင့် သိသည်။
တသက်လုံး သတ်သတ်လွတ်စားသည့် ဆရာတော်သည် ထိုင်း၊ ဘူတန်နှင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ ဂူများတွင် ကာလကြာမြင့်စွာ တရားထိုင်သောကြောင့် လူသိများပြီး မိုင်းဖုန်းဆရာတော်ဟု အမည်တွင်ခြင်းမှာ သက်တော် ၁၆ နှစ်အရွယ်က တောထဲတွင် တပါးတည်း သီတင်းသုံးခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မိုင်းဖုန်းကျေးရွာအမည်ကို အစွဲပြုခေါ်ဝေါ်ခြင်း ဖြစ်သည်။
မြင့်မားသော သီလဂုဏ်ကြောင့် လေးစားကြည်ညိုခံရသော မိုင်းဖုန်းဆရာတော်တွင် မြန်မာ၊ ထိုင်းနှင့် လာအိုမှ ကိုးကွယ်ကြည်ညိုသူ အများအပြားရှိသည်။ ဆရာတော်သည် သစ်သီးနှင့် ဘီစကစ်များကို ဘုဉ်းပေးသုံးဆောင်ပြီး မည်သည့်ရာသီတွင်ဖြစ်စေ လမ်းခရီးကြွလျှင် ဖိနပ်မစီးပေ။ ဆရာတော်တွင် စိတ်တန်ခိုးရှိသည်ဟု ကိုးကွယ်သူများက ယုံကြည်ကြသည်။
၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်း ရေလွှမ်းမိုးနေသော ဂူထဲတွင် လူငယ်ဘောလုံးအသင်းတသင်း နည်းပြနှင့်အတူ ပျောက်ဆုံးနေစဉ် မိုင်းဖုန်းဆရာတော်က ဘောလုံးအသင်းကို အသက်ရှင်လျက် ပြန်တွေ့မည်ဖြစ်ကြောင်း မိန့်ခဲ့သည်။ ပြောဆိုချက်သည် မှန်ကန်သောကြောင့် ထိုင်းတွင် ဆရာတော်ကို ကိုးကွယ်သူ ပိုမိုများပြားလာခဲ့သည်။
မြန်မာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဗိုလ်ချုပ်အများအပြားသည် လောကီအကျိုးစီးပွားအတွက် ဆရာတော်ကို ဆည်းကပ်ကြသည်။
ဆရာတော်ကို ကိုးကွယ်သူများတွင် အမည်ဆိုးကျော်ကြားသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း ပါဝင်သည်။ အာဏာမစွန့်လွှတ်ရမီက ဦးခင်ညွန့်သည် မိုင်းဖုန်းဆရာတော်ကို ငွေအမြောက်အမြား လှူဖူးသည်။ ၂၀၁၈ ခုနှစ်က မိုင်းဖုန်းဆရာတော်သည် ဖျားနာနေသော ယခင်စစ်အုပ်စု ဒုခေါင်းဆောင်ဟောင်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးထံသို့လည်း ကြွရောက်ခဲ့ဖူးသည်။
ဦးတေဇ
ထူးအုပ်စုကို တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဦးတေဇသည် စင်ကာပူတွင် နေထိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး မြန်မာမှ လက်ရှိနှင့်လက်ဟောင်း စစ်အုပ်စုများနှင့် ခိုင်မာသော အချိတ်အဆက်ရှိသည်။
ယခင်စစ်အုပ်စုခေတ် ၂၀၀၀ ပြည့်နှစ်များတွင် ထူးအုပ်စုသည် သစ်၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေတည်ဆောက်ရေး၊ စားအုန်းဆီ ထုတ်လုပ်ရေးနှင့် မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်မှုများ လုပ်ကိုင်သည်။
ဦးတေဇသည် သစ်လုပ်ငန်းဖြင့် ချမ်းသာလာပြီနောက် သူ၏ Myanmar Avia Export မှတဆင့် စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ကာ ထိုစဉ်က နအဖ စစ်အုပ်စုနှင့် အဆက်အသွယ် တိုးချဲ့သည်။ ထိုကုမ္ပဏီသည် ရုရှားမှ Export Military Industrial Group နှင့် ရုရှားရဟတ်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Rostvertol တို့၏ မြန်မာဆိုင်ရာ တဦးတည်း ကိုယ်စားလှယ်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရသောအခါ သူသည် ခပ်လျှိုလျှိုနေထိုင်ပြီးနောက် ၂၀၂၁ ခုနှစ် အာဏာသိမ်းသောအခါ ပြန်ပေါ်လာသည်။ ထိုစဉ် ၂၀၂၂ ခုနှစ်၊ မေလက သူသည် လက်နက်နှင့် စစ်ပစ္စည်းများ ဝယ်ယူရန် အဆင့်မြင့်စစ်အရာရှိများနှင့်အတူ မော်စကိုသို့ သွားရောက်ခဲ့သည်။
လတ်တလောတွင် စစ်ကောင်စီသည် ဦးတေဇ၏ ထူးအုပ်စုကို မြန်မာသို့ တလလျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း တန်သည့် စားအုန်းဆီများ တင်သွင်းခွင့်ပြုထားသည်။
မြန်မာစစ်တပ်အတွက် လက်နက်များ ထောက်ပံ့သောကြောင့် ဦးတေဇကို အမေရိကန်က လွန်ခဲ့သောနှစ်တွင် ပိတ်ဆို့အရေးယူခဲ့သည်။ လတ်တလောတွင် ထူးအုပ်စုကို သူ၏သားများဖြစ်သော ကိုပြည့်ဖြိုးတေဇနှင့် ကိုထူးထက်တေဇ တို့က ဦးဆောင်နေပြီး ၎င်းတို့ကိုလည်း အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားသည်။
သူ၏သမီး မထူးထွေးတေဇ ခေါ် ရေချယ်တေဇကိုလည်း အမေရိကန် ပြည်ထောင်စုက ယခုနှစ် ဇန်နဝါရီလတွင် အရေးယူပိတ်ဆို့ထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Notorious Myanmar Junta Crony U Tay Za Reemerges After Year-Long Public Absence ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ဗိုလ်ချုပ်များနှင့် လက်နက်ပွဲစားများကို အီးယူ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့
စစ်ကောင်စီ လွတ်လပ်ရေးနေ့ပါတီပွဲသို့ ခရိုနီများတက်ရောက်
ခရိုနီ ဦးတေဇကို စစ်ကောင်စီက စားအုန်းဆီ တင်သွင်းခွင့်ပေး
မိုင်းဖုန်းဆရာတော် ဂူထွက်တဲ့နေ့
ထမ့်လုံလိုဏ်ဂူ မရဏလမ်းမှ လွတ်မြောက်ခဲ့သူများ
ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ