မကွေးတိုင်း မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို ယမန်နေ့က လေကြောင်းမှနေ၍ စစ်တပ်က ဝင်ရောက်စီးနင်းရာ ၁၃နှစ် သား ကလေးတဦး အသတ်ခံခဲ့ရသလို ရွာသား ၁၉ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။
ဧပြီ ၁၈ ရက် နံနက် ၁၁ နာရီခန့်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးမှ မန်ကျည်းကန်ရွာကို ဝေဟင်မှပစ်ခတ်ပြီး Mi-17 သယ်ပို့ရဟတ်ယာဉ်နှစ်စီးက စစ်သားများနှင့် ပျူစောထီးများကို ချပေးကာ ရွာသို့ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRS)မှ ဗိုလ်ဒေါင်းမင်းက “၁၃ အရွယ်လောက် ကလေးတ ယောက်ကို ထန်းလျှော်စောင်းနဲ့ လည်လှီးပြီး သတ်ဖြတ်သွားတယ်။ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း အမျိုးသား ၁၉ ယောက်ကို ဖမ်းသွားကြ တယ်။ ပြီးတော့ ဆေးဝန်ထမ်း ဆရာဝန်တယောက်နဲ့ ဆရာမတယောက်လည်း အဖမ်းခံလိုက်ရတယ်။ မန်ကျည်းကန် ဆေးခန်းနဲ့ ပတ်ဝန်းကျင်က အိမ်တွေကိုလည်း မီးရှို့သွားကြတယ်” ဟု ဧရာဝတီကို ပြောသည်။
၁၃နှစ်သားကလေး အသတ်ခံရမှုနှင့် ပတ်သက်၍ မန်ကျည်းကန်ဒေသခံတဦးကလည်း အတည်ပြုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များ ဝင်မစီးခင် လေယာဉ်လာချိန် ယင်းကလေးမှာ ကြောက်လန့်ပြီးထွက်ပြေးရာ လေယာဉ်ပေါ်မှဆင်းလာသည့် စစ်သား များရှိသည့်ဘက် ပြေးမိရာမှ အသတ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။
လေကြောင်းမှ တိုက်ခိုက်ပြီးနောက် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာအတွင်းရှိ ကျေးလက်ဆေးရုံကို ဝင်စီးကာ ပြေးလွှားနိုင်ခြင်းမရှိသော လူနာများနှင့် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်း မှုကြောင့် မကျည်းကန် အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း သိရသည်။
မန်ကျည်းကန်ဒေသခံတဦးက “သူတို့က ဝင်လာကတည်းက ဆေးရုံတခုတည်းကိုပဲ ဦးတည်ပြီးတော့ လုပ်သွားကြတာ။ လက်နက်ငယ်တွေရော၊ လက်နက်ကြီးတွေနဲ့ပါ အလွန်အကျွံပစ်ပြီး လုပ်သွားကြတာ။ စဖမ်းခံရတာတုန်းကတော့ ရွာသား ပြည်သူတွေရော၊ လူနာတွေရော အားလုံးပေါင်း ၁၀၀ ကျော်လောက်ထိ ဖမ်းခံရတာ။ ဒီနေ့ ပြန်ဆုတ်သွားတဲ့အချိန်မှာ သန်သန်မာမာ ယောက်ျားလေး ၁၉ ယောက်ကို သူတို့ပစ္စည်းတွေထမ်းဖို့အတွက် ဖမ်းခေါ်သွားကြတယ်” ဟု ပြောသည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဆေးခန်းနှင့်အိမ် ၄ လုံး ပျက်စီးခဲ့ပြီး ကား ၂ စီး မီးလောင်ခဲ့ကြောင်း၊ ယင်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယနေ့ ညနေ ၃ နာရီကျော်တွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတဦးကလည်း “စစ်ကြောင်းက နေ့လယ် ၃ နာရီလောက်ကမှ ပြန်ထွက်သွားကြတာ။ သူတို့ထွက်သွားမှ ကျနော်တို့ ရွာကိုဝင်ပြီး ရှင်းလင်းရေးလုပ်တာမှာ အလောင်းတလောင်း တွေ့ထား ပါတယ်။ ဆေးရုံကတော့ ဂျပန်ကလှူထားတဲ့အဆောင်က လုံးဝကို ပျက်စီးသွားပြီ။ အခြားအဆောင်တွေကတော့ ထိခိုက်မှု နည်းပါတယ်။ ပတ်ဝန်းကျင်က အိမ် ၄ လုံးနဲ့ ကား ၂ စီးလည်း မီးရှို့ခံထားရတယ်။ ဘုန်းကြီးကျောင်းလည်း လက်နက်ကြီး နှစ်ချက်မှန်ထားတယ်” ဟု ပြောသည်။
ထို့ပြင် ယနေ့ နံနက်ပိုင်းကလည်း မန်ကျည်းကန်ကျေးရွာအား လေကြောင်းပစ်ခတ်မှု ထပ်မံပြုလုပ်ခဲ့ပြီး Mi-17 တစီးဖြင့် ကျေးရွာအတွင်းရှိ ၎င်းတို့၏တပ်ဖွဲ့ဝင်အချို့ကို လာရောက်ခေါ်ယူသွားကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အဲဒီ ရဟတ်ယာဉ်တွေကို မထိရောက်မှန်းသိပေမယ့် ကျနော်တို့မှာရှိတဲ့ လက်နက်ငယ်လေးတွေနဲ့ ဝိုင်းပြီးပစ်ခတ်တာတွေ လုပ်ခဲ့သေးတယ်။ အဲဒါကြောင့်ထင်တယ် နောက်ထပ် ထပ်ပြီးမလာတော့ဘူး။ တိုက်ပွဲကတော့ ကြီးကြီးမားမားတော့ မရှိပါဘူး” ဟု ပြောသည်။
မန်ကျည်းကန်ကျေးရွာတွင် လူဦးရေ ၁၅၀၀ ရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ကျေးလက်ကျန်းမာရေးဌာနကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားသည့် ဆရာဝန်များ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်း များဖြင့် လည်ပတ်ခဲ့ပြီး လူနာများကို လက်ခံကုသပေးနေခြင်းဖြစ်ကြောင်း ဧရာဝတီက မေးမြန်းသည့် သတင်းရင်းမြစ်များ က ဆိုသည်။
ယနေ့ ညနေ ၃ နာရီတွင် မန်ကျည်းကန်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားသော အဆိုပါစစ်ကြောင်းသည် ဒေသခံ ၁၉ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မန်ကျည်းကန်ရွာ အရှေ့တောင်ဘက်ရှိ ကန်နီပျူစောထီးကျေးရွာဘက်သို့ ထွက်ခွာသွား ကြောင်း သိရသည်။
မန်ကျည်းကန်ရွာကို စီးနင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်လာသည်ဟု သိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။
You may also like these stories:
အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ
ရွှေကူအရှေ့ခြမ်း စစ်ရှောင် တသောင်းကျော် အကူအညီများ လိုအပ်နေ
အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ
ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ