လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၆၀ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြ်ို့နယ်၊ ပဇီကြီးကျေးရွာကို ယနေ့ နေ့လယ် ၂ နာရီ ၂၀ မိနစ်ကျော်က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း၊ ရွာအတွင်း လူမရှိသဖြင့် ထိခိုက်သေဆုံးမှု မရှိကြောင်း သတင်းရသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “၂ နာရီ ၂၇ မိနစ်မှာ တံတားဦးလေတပ်က တက်ခဲ့တဲ့ ဂျက်ဖိုက်တာ လေယာဉ်တစီး ဟာ ဗုံး ၂ လုံးကြဲပြီး စက်သေနတ်နဲ့ ပဇီကို ဝိုက်ပစ်သွားတယ်။ ဗုံး ၂ လုံးကြဲသွားပြီး မီးလောင်ပြီးတော့ မီးခိုးလုံးတွေပါ လိပ် တက်နေတယ်။ အရင်တခါကလည်း ပေါင် ၅၀၀ နဲ့ပဲ ပစ်သွားတယ်ဆိုတော့ အခုလည်း ပေါင် ၅၀၀ နဲ့ပဲ နေမှာပါ။ ၃ ပတ် ဝိုက်ပြီးတော့ ဗုံး ၂ လုံးကြဲတယ်။ ကြဲပြီးတော့ကျ စက်သေနတ်နဲ့ ဆက်ပစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ ရက် နံနက် ၈ နာရီဝန်းကျင်က အရပ်သားများ အပါအဝင် လူ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့သော အမျိုးသားညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပဇီးကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံး ဖွင့်ပွဲကို စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲပြီး ရဟတ်ယာဉ်ကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးနှင့် အမျိုးသမီးများ အပါအဝင် ၁၆၈ ဦး သေဆုံးခဲ့ရပြီး ဆေးကုသမှုခံယူနေရသူ ၁၀၂ ဦးအနက် ပြင်းထန်ဒဏ်ရာရသဖြင့် အကြီးစားကုသမှုပေးနေရသည့် ခွဲစိတ်လူနာ ၁၆ ဦး ရှိကြောင်း NUG ၏ ထုတ်ပြန်ထား ချက်အရ သိရသည်။
ဧပြီ ၁၉ ရက်ကလည်း အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပဇီကြီးကျေးရွာ ကို စစ်ကြောင်းထိုး လာသဖြင့် ပဇီကြီး အပါအဝင် ထန်းတော၊ လေးတွင်းစဉ်၊ ချောင်းရှည်၊ ချောင်းသာ၊ မယ်ဇတော၊ ချောင်းမကြီး စသည့် ကျေးရွာ ၇ ရွာမှ ဒေသခံ ၅၀၀၀ ကျော်ထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ လေကြောင်းတိုက် ခိုက်မှု ထပ်မံပြုလုပ်လာခြင်းလည်း ဖြစ်သည်။
အဆိုပါစစ်ကြောင်းမှာ ယနေ့ နေ့လယ်ပိုင်းထိ ပဇီကြီးကျေးရွာအနီး၌ ရှိနေပြီး စစ်ကြောင်းအနီးရှိ တောထဲတွင် ဒေသခံ စစ်ရှောင်များမှာ ပိတ်မိနေသည်ဟုသိရကြောင်း၊ ပဇီကြီးဘက်တွင် ဖုန်းလိုင်းမှာ လည်း သိပ်မမိကြောင်း ကျွန်လှမြို့နယ် မှ စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။
ကန့်ဘလူမြို့နယ်အတွင်း စစ်ဘေးရှောင်ကူညီနေသူတဦးကလည်း “စစ်ကြောင်းနှစ်ကြောင်း ညှပ်ထိုးပြီးတော့ မနေ့က ညနေ ၄ နာရီခွဲနောက်ပိုင်းမှာ ပဇီကြီးရွာနားကို စစ်ကြောင်းရောက်လာလို့ အရေးပေါ်စစ်ရှောင်ကြရတာ။ ပဇီကြီးရွာခံတွေ ကလည်း လေကြောင်းကနေ တိုက်ခိုက်ခံရပြီးကတည်းက ရွာလုံးကျွတ်နီးပါး ကိုယ့်ရွာထဲမှာမနေရဲကြတော့ဘဲ ရွာထဲပြန်ဝင် ဖို့ စိုးရိမ်နေကြတာကြောင့် ရွာအနီးက တောတိုက်တဲတွေမှာပဲနေကြတာ။ အခု စစ်ကြောင်းထိုးလာတော့ အဲဒီတောတိုက် တဲတွေကပါ ထပ်ပြီးရွှေ့ပြောင်းတိမ်းရှောင်ခဲ့ကြရတယ်” ဟု ဆိုသည်။
ပဇီကြီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ဧပြီ ၁၈ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ရှိ အမှတ်-၁၃ တပ် (တန်းမြှင့်လေ့ကျင့်ရေးကျောင်း)မှ ၁၂ ဘီးကားနှစ်စီး၊ ကားအသေးနှစ်စီးတို့ဖြင့် ထွက်ခွာလာပြီး ဧရာဝတီမြစ်ကမ်း ဘေးရှိ စပယ်နဂိုကျေးရွာသို့ ရောက်ရှိပြီးနောက် ညပိုင်းတွင် မော်တော်များအားချောဆွဲကာ မြစ်တဖက်ကမ်းရှိ မလည် ကျေးရွာသို့ ကူးလာခဲ့ကြောင်း၊ ထို့နောက် မလည်ပြည်သူ့ဆေးရုံတွင် ညအိပ်တပ်စွဲခဲ့ကာ ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် မလည်ကျေးရွာမှတဆင့် ၄ မိုင်ခန့်သာကွာဝေးသော ပဇီကြီးကျေးရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာ ခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စပယ်နဂိုကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ မလည်ကျေးရွာမှာ ဧရာဝတီ မြစ်ခြားလျက် အရှေ့ဘက်၊ အနောက်ဘက် ကပ်လျက်တည်ရှိသောကျေးရွာများ ဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စပယ်နဂိုကျေးရွာသို့ ရောက်ရှိစဉ် တိုက်ပွဲဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ပါက ပစ်ခတ်နိုင် ရန်အတွက် မြစ်အနောက်ခြမ်းဘက်သို့ချိန်ရွယ်၍ ကျေးရွာဘောလုံးကွင်းအတွင်း၌ ၁၂၀ မမ၊ ၈၀ မမ စသည့် လက်နက်ကြီး များ တပ်ဆင်ထားခဲ့သည်ဟုလည်း သပိတ်ကျင်းမြို့နယ်တော်လှန်ရေးအင်အားစုများက ဆိုသည်။
သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတဦးက “မြစ်အနောက်ဘက်က မလည်တို့၊ ပဇီကြီးတို့ က မြစ်ခြားနေလို့သာ အရမ်းကြီးဝေးတာမျိုးမဟုတ်ဘူး။ ပြီးတော့ ပဇီကြီးနဲ့မလည်ကလည်း ၄ မိုင်လောက်ပဲ ဝေးတာဆို တော့ စပယ်နဂိုကနေ လက်နက်ကြီးနဲ့ပစ်ရင် အေးအေးဆေးဆေးရောက်တယ်။ အရင်ကလည်း လက်နက်ကြီးတွေနဲ့ ထုတာမျိုးတွေ ရှိခဲ့ဖူးတယ်။ ဘာပဲဖြစ်ဖြစ် မြစ်အနောက်ဘက်ခြမ်းက ဒေသခံတွေအနေနဲ့တော့ သတိတော့ ရှိစေချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံတကာရောက် မြန်မာမိသားစုများနှင့် ပြည်တွင်းနေပြည်သူများ၏ ပံ့ပိုးမှုဖြင့် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်နစ်နာခဲ့သူများ၏ မိသားစုများအား အရေးပေါ်ကူညီစောင့်ရှောက်မှု များ ပြုလုပ်ပေးလျက်ရှိသော်လည်း ပဇီကြီးကျေးရွာအား ဦးတည်၍ စစ်ကြောင်းထိုးလာသည့်အတွက် ကူညီထောက်ပံ့မှု များ ခေတ္တရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။
ပဇီကြီးကျေးရွာသည် ရွှေဘို-မြစ်ကြီးနားကားလမ်းနှင့် ဧရာဝတီမြစ်ကြားရှိ အိမ်ခြေ ၂၇၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ခန့် နေထိုင်သော ကျေးရွာတရွာဖြစ်သည်။
ဧပြီ ၁၈ ရက် ညပိုင်း စစ်ကိုင်းတိုင်း မလည်မှ ပဇီကြီးအထိ စစ်ကြောင်းထိုးဝင်လာသည့် တပ်မှာ တပ်မ ၈၈ ဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိနေကြောင်း၊ ထို့ပြင် တကောင်း အနောက်ဘက်မှ မြေပြင်စစ်ကြောင်းအတိုင်း တက်လာသည့် ခြေမြန်တပ် ရင်း (ခမရ) ၃၅၁ တွင် အင်အား ၁၂၀ ကျော် ပါရှိလာပြီး လက်ရှိ ပဇီကြီးနှင့် ၁၅ မိုင်ခန့်အကွာထိ ရောက်ရှိချီတက်လာနေပြီ ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
You may also like these stories:
ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး
အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ
ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်ရှုတ်ချ