ကချင်လွတ်လပ်ရေး တပ်မတော် KIA က ၎င်းတို့ ထိန်းချုပ်ရာ ဗန်းမော်ခရိုင် မံစီမြို့နယ် ဒိန်းဆင်းပါဒေသ၌ မြေရှားသတ္တု များတူးဖော်နေမှုကို ရပ်ဆိုင်းတော့မည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်။
ဧပြီလ ၁၅ ရက်က မိုင်ဂျာယန်မြို့တွင် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် မံစီမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၁၀၀၀ ကျော်တို့ တွေ့ဆုံခဲ့ရာ လူထုတောင်းဆိုမှုကြောင့် မြေရှားသတ္တုတူးဖော်နေမှုများ ပိတ်သိမ်းတော့မည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားကြောင်း သိရသည်။
ကချင်အရပ်ဘက်အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးက “KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ၁၅ ရက်နေ့က အင်ဘာပါ၊ အင်ခေါင်းပါ စတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ ပိတ်သိမ်းပေးမယ်ဆိုတဲ့ အကြောင်းကို ဒေသခံတွေကနေတဆင့် ကျနော်တို့ကြားသိရတယ်။ ဒီအပေါ်မှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်” ဟု ဆိုသည်။
မံစီမြို့နယ်ထဲရှိ အင်ဘာပါ၊ အင်ခေါင်းပါ၊ ဒိန်ဆိန်းပါ စသည့် ရွာများတွင် တရုတ်နိုင်ငံသားများ၏ မြေရှားသတ္တုတူးဖော်မှုများ ရှိနေပြီး မြေရှားသတ္တုတူးဖော်မှုများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသဖြင့် ရပ်တန့်ပေးစေလိုကြောင်း ဒေသခံများက ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ဆန္ဒပြခဲ့သည်။
ထိုသို့ ဆန္ဒပြခဲ့သော်လည်း မြေရှားသတ္တုတူးဖော်မှုများ ရပ်တန့်ခြင်းမရှိသဖြင့် ဒေသခံ ၁၀၀၀ ကျော်က KIO ဥက္ကဌနှင့် တွေ့ဆုံကာ ရပ်တန့်ပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။
မြေရှားသတ္တုသည် စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ၊ကွန်ပျူတာ ( Hard Drive)များနှင့် အခြားအဆင့်မြင့် နည်းပညာ ပစ္စည်းများ ထုတ်လုပ်ရာတွင် မပါမဖြစ်လိုအပ်သည့် သတ္တုဒြပ်စင်ဖြစ်သည်။ထို့ပြင် စစ်ဘက်ဆိုင်ရာ ပစ္စည်းများဖြစ်သော အဝေးထိန်းကရိယာများ၊ လေဆာ၊ ရေဒါ စသည့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးတွင်လည်း အသုံးပြုကြသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ မံစီမြို့နယ်ထဲက မြေရှားသတ္တုတူးဖော် နေမှုများအား ရပ်တန့်ရမည်ဆိုသည့် အမိန့်ညွှန်ကြားချက် ၎င်းတို့ထံသို့ မရောက်ရှိသေးကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ကို တရားဝင်ညွှန်ကြားတာ၊ ပြောတာတော့ မရှိဘူး။ အစည်းအဝေးသွားလုပ်တဲ့ ခေါင်းဆောင်တွေလည်း လိုင်ဇာဌာနချုပ်ဘက်ကိုတော့ ပြန် မရောက်သေးပါဘူး။ မနက်ဖြန်၊ သန်ဘက်ခါတော့ ရောက်မယ်ထင်တယ်။ လိုင်းပေါ်မှာ ပြောတာနဲ့ ကြားတာပဲရှိပါတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ တရားဝင်ဖြေကြားဖို့ အဆင်မပြေပါဘူး” ဟု ဆိုသည်။
KIA ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတူးဖော်မှုမရှိဘဲ သတ္တုတူးနိုင်ရေး စမ်းသပ်မှုအချို့သာရှိကြောင်း၊ သဘာဝ ပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုများ မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
KIA နှင့် နီးစပ်သည့် ကချင်ပြည်နယ်အရေး လေ့လာသူတဦးက ကချင်ပြည်နယ်တွင် တရုတ်အစိုးရ၏ ကျောထောက် နောက်ခံဖြင့် တရုတ်လုပ်ငန်းရှင်များသည် KIA ခေါင်းဆောင်များနှင့် ပူးပေါင်းကာ မြေရှားသတ္တုတူးနေကြကြောင်း ပြောသည်။
၎င်းက “အခု အင်ဘာပါမှာ တူးနေတာတွေဆိုရင် ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ သားကိုယ်တိုင်ပါတယ်လို့ ဒေသခံတွေ ပြောတာရှိတယ်။ ဗိုလ်မှူးကြီးနော်ဘူပြောတဲ့ စမ်းသပ်တယ်ဆိုတာက စ စလုပ်ချိန်တုန်းက ပြောခဲ့ဖူးတဲ့စကားပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ စမ်းသပ်တာမဟုတ်ဘူး။ ယန္တရားတွေအများကြီးနဲ့ တကယ်ကို လုပ်ခဲ့တာပါ” ဟုဆိုသည်။
ဆက်လက်၍ မြေရှားသတ္တုတူးဖော်နေမှုကို ပိတ်သိမ်းမည်ဆိုသည့် ကိစ္စသည် ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှုတ်မိန့်သာ ရှိသေးသဖြင့် လက်တွေ့ ပိတ်သိမ်းမှု ရှိမရှိကို လေ့လာစောင့်ကြည့်ရန် လိုကြောင်း အဆိုပါ KIA နှင့် နီးစပ်သည့် ကချင်ပြည် နယ်အရေး လေ့လာသူကပြောသည်။
၎င်းက “ကျနော့်အမြင်မှာက KIA က ဒီလိုပြောတဲ့ အပေါ်မှာ ကျနော်တို့ စောင့်ကြည့်ရမယ်။ အဲဒီလို အလားတူပုံစံမျိုး ၂၀၁၅ တုန်းက ဝိုင်းမော်မြို့နယ် နန်ဇော်ယန် ကျေးရွာမှာ ငှက်ပျောခြံ ဧက ၉၀၀ ကို KIA တပ်မဟာ ၅ က တရုတ်တွေကို ချပေးခဲ့တာရှိတယ်။ အဲဒီတုန်းကလည်း အခုလို ပုံစံပဲ။ လူထုက လိုင်ဇာ၊ KIA တပ်မဟာ ၅ ဌာနချုပ်အထိသွားပြီး တရား ရုံးမှာ အမှုရင်ဆိုင်ပြီး နိုင်ခဲ့တယ်။ ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့ဖူးတယ်။ အဲဒီတုန်းက နှုတ်နဲ့တောင် မဟုတ်ဘူး။ စာနဲ့ ညွှန်ကြား တာပဲ။ အဲဒီငှက်ပျောခြံက အခုချိန်အထိ ဆက်သွားခဲ့တဲ့ သာဓကရှိတယ်။ ဒီကိစ္စမှာလည်း အရပ်ဘက်အဖွဲ့တွေရော၊ ကွင်းထဲကလူတွေရော၊ စနစ်တကျစောင့်ကြည့်ဖို့တော့လိုတယ်” ဟု ဆိုသည်။
ပြည်နယ်အရေးလေ့လာစောင့်ကြည့်နေသည့် ကချင်တိုင်းရင်းသားတဦးဖြစ်သူ ကိုဂျွန်ကလည်း ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်နေမှုများသည် တောင်ကို လိုဏ်ခေါင်းဖောက်၍ အက်ဆစ်လောင်းကာ ထုတ်ယူနေသဖြင့် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှု ဖြစ်ပေါ်နေသည်ကိုတွေ့ရကြောင်း ပြောသည်။
၎င်းက “တောင်ထဲကို အက်ဆစ်လောင်းထည့်လိုက်ရင် ဘာမှ စိုက်လို့ပျိုးလို့မရတော့ဘူး။ မိုးရွာချတဲ့အခါမှာ အဲဒီမိုးနဲ့အတူ တောင်ထဲက အက်ဆစ်တွေက ချောင်းထဲ၊ မြစ်တွေထဲ စီးဝင်ပြီး အဲဒီက ဇီဝမျိုးကွဲတွေပျက်စီးမယ်ပေါ့။ ကျနော်တို့ဆီမှာက လူကြီးတွေက ဒါကိုပဲ မသိတာလားပေါ့။ ဆက်ခွင့်ပြုထားတာ မြင်ရတယ်။ တကယ်က ဒီလိုမြေရှားတူးတဲ့ စနစ်မျိုးကတော့ လုံးဝ ခွင့်မပြုသင့်ဘူးလို့ မြင်ပါတယ်” ဟုဆိုသည်။
မြေရှားသတ္တုတူးဖော်ရန်အတွက် တောင်များကို တောင်ကတုံးဖြစ်သည်အထိ ခုတ်ထွင်ရှင်းလင်းရသောကြောင့် သစ်တော ပြုန်းတီးမှုများ ဖြစ်စေသလို ထုတ်လုပ်ရာတွင် အသုံးပြုရသည့် အမိုနီယမ်ဆာလဖိတ်နှင့် အခြားဓာတုပစ္စည်းများ ပျော်ဝင် နေသော စွန့်ပစ်ရေများကို မြစ်ချောင်းများအတွက် စွန့်ပစ်ခြင်းကြောင့် ရေအရင်းအမြစ်များ ထိခိုက်ပျက်စီးနိုင်သလို မြစ်ချောင်းနှင့် မြေပြင်များ အဆိပ်သင့်လာနိုင်ကြောင်းလည်း သိရသည်။
KIO ထိန်းချုပ်နယ်မြေရှိ မြေရှားသတ္တုတွင်း အရေအတွက်ကို အတိအကျမသိရသော်လည်း မံစီမြို့နယ် အင်ခေါင်ပါ စစ်ဘေးဒုက္ခသည်စခန်းအနီး၌ KIO ခွင့်ပြုချက်ဖြင့်လုပ်နေသည့် မြေရှားသတ္တုလုပ်ကွက် ၁၅ ကွက်ထက်မနည်းရှိကြောင်း ဒေသခံများ ကဆိုသည်။
ကချင်ပြည်နယ်၏ မြေရှားသတ္တုတူးဖော်မှုအများစုကို မြန်မာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တခုဖြစ်သော စခုန်တိန့်ယင်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) က ဦးစီးလုပ်နေခြင်းဖြစ်ကြောင်း ကချင်အရပ်ဘက်ဖွဲ့များ၏ အချက်အလက်များအရ သိရသည်။
ယင်း NDA-K သည် ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသတွင် မြေရှားသတ္တုတွင်း (၁၀၀) နှင့် ဇမ်နောဒေသတွင် မြေရှားသတ္တုတွင်း (၁၀) ခုထက်မနည်း ထိန်းချုပ်ထားကြောင်း ကချင်အရပ်ဘက်အဖွဲ့များ ကဆိုသည်။
မြန်မာနိုင်ငံမှ မြေရှားသတ္တုအများစုကို ကမာ္ဘပေါ်တွင် မြေရှားသတ္တု အများဆုံးသန့်စင်ထုတ်လုပ်သည့် တရုတ်နိုင်ငံသို့ တင်ပို့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်ထုတ် တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် ဂလိုဘယ်လ်တိုင်း(မ်) သတင်းစာပါအချက်အလက်အရ တရုတ်နိုင်ငံသို့ တင်ပို့သော မြေရှားသတ္တုရိုင်း ၇၄ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ လာကြောင်း သိရသည်။
You may also like these stories:
မိုင်းတွင်းများ UWSA ပိတ်မည်ဆိုသောကြောင့် ခဲမဖြူ ဈေးခုန်တက်
မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ
တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”