တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်အကြား သံတမန်ခရီးစဉ်များအပြီး ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေးအတွက် တရုတ် ကျောထောက်နောက်ခံပြု ရှေ့ပြေးစီမံကိန်းသည် ယခုသီတင်းပတ်အတွင်း အရှိန်အဟုန်ရလာသည်။
သို့သော် မည်သည့် ပြန်လည်ပို့ဆောင်မှုမဆိုသည် မြန်မာတွင် ညီမျှသော လူ့အခွင့်အရေးများကို အာမခံပြီး ၎င်းတို့၏ မြေယာများကို ပြန်လည်ပေးအပ်ရမည်ဟု ရိုဟင်ဂျာခေါင်းဆောင်များက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မာဆတ် ဘင် မိုမင်သည် တရုတ်နှင့် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တွေဆုံရန် ဧပြီလ ၁၈ ရက်နေ့တွင် ကူမင်းသို့ သွားရောက်ပြီး တရုတ်၏ အာရှရေးရာ အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းကလည်း ဒါကာသို့ ဧပြီလ ၆ ရက်နေ့တွင် သွားရောက်လည်ပတ်ခဲ့သည်။
“ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးဟာ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အေကေ အဗ္ဗဒူ မိုမင်က ဧရာဝတီသတင်းဌာနသို့ ဧပြီလ ၂၀ ရက်နေ့တွင် ပြောသည်။ “ဒါပေမယ့် ခုချိန်အထိ ဘာရလဒ်မှ မတွေ့ရသေးဘူး။ ဒါကြောင့် ကျနော်တို့ ဘာလုပ်လို့ရမလဲ။ ကျနော်တို့ကတော့ အရမ်းကို မျှော်လင့်ထားပါတယ်” ဟု ၎င်းကပြောသည်။
ယခင်က ကြိုးစားအားထုတ်မှု နှစ်ကြိမ်တွင် ရိုဟင်ဂျာများကို နယ်စပ်သို့ ခေါ်သွားသော်လည်း မြန်မာမှ မည်သူမျှ ရောက်မလာကြောင်း ဝန်ကြီး မစ္စတာ မိုမင်က ပြောသည်။
“တရုတ်က ကျနော်တို့ကို အားပေးနေပေမယ့် ကျနော်တို့က မှားယွင်းတဲ့ မျှော်လင့်ချက်တခု တွေ့နေရတယ်၊ အနောက်နိုင်ငံတွေက ရခိုင်ပြည်နယ် အခြေအနေဟာ ပြဿနာရှိတယ်လို့ပြောပြီး ဒီကိစ္စကို စိတ်အားထက်သန်မှု မရှိဘူး။ ဒီမိုကရေစီ ပြန်လည်မထူထောင်ရသေးဘူး” ဟုလည်း ၎င်းကပြောသည်။
ဘင်္ဂလားဒေ့ရှ်သည် ၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်များက စစ်အုပ်ချုပ်ရေးအောက်တွင် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးများ လုပ်ခဲ့ဖူးကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပြီး ထိုသို့ ပြန်လည်ပို့ဆောင်နိုင်ပါက အမုန်းတရား လျှော့ချပေးနိုင်သည်ဟုလည်း ရှင်းပြသည်။
၂၀၁၂ ခုနှစ်က စစ်တွေမှ ထွက်ပြေးလာသူ ရိုဟင်ဂျာ ၁ သိန်း နေရပ်မပြန်နိုင်သေးကြောင်း မြန်မာရှိ ဘင်္ဂလားဒေ့ရှ်သံရုံးတွင် စစ်သံမှူးတာဝန် ထမ်းဆောင်ဖူးသူ အငြိမ်းစား ဗိုလ်ချုပ် ရှာဟီဒူလ် ဟက်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
သို့သော် မကြာသေးမီက တရုတ်ကြားဝင် ဆောင်ရွက်မှုသည် ထည့်သွင်းစဉ်းစားရမည့် အချက်သစ်တခု ဖြစ်ကြောင်း ၎င်းကပြောသည်။
ရိုဟင်ဂျာများ နေရပ်မပြန်နိုင်ဘဲ ၎င်းတို့အခွင့်အရေးများကို အာမ မခံနိုင်ပါက ထိုအစီအစဉ်သည် ၎င်းတို့အတွက် နောက်ထပ် လှောင်အိမ်တခုသာဖြစ်မည်ဟု ကောက်ဘဇားမှ ရိုဟင်ဂျာလူမှုအသိုက်အဝန်းခေါင်းဆောင် မောင်မောင်သိန်းက ပြောသည်။
ထိုအစီအစဉ်သည် လာမည့်လတွင် ပြုလုပ်မည့် သည်ဟိဂ်မှ နိုင်ငံတကာတရားရုံး (ICJ) ကြားနာမှုမတိုင်မီ မြန်မာစစ်ကောင်စီအတွက် ဖိအားလျှော့ချရန် ကြိုးစားမှုသာဖြစ်ကြောင်း ၎င်းကပြောသည်။
ဂမ်ဘီယာနိုင်ငံက စွဲဆိုသည့်စွဲချက်အပေါ် မြန်မာက ကန့်ကွက်ချက်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ထိုတရားရုံးက ပယ်ချခဲ့ပြီး ယခုဧပြီလတွင် လျှောက်လှဲချက်ပေးရန် ပြောခဲ့သည်။
ယခုလတွင် အထက်ပါ တရားရုံးက စစ်ကောင်စီကို တလအချိန် ပိုပေးပြီး လာမည့် ကြားနာမှုကို မေလ ၂၄ ရက်နေ့တွင် ချိန်းဆိုထားသည်။
ရိုဟင်ဂျာများ အန္တရာယ်ကျရောက်မည်ဟုပြောပြီး ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး ဆိုင်းငံ့ထားရန် ဘင်္ဂလားဒေ့ရှ်ကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က မတ်လ ၃၁ ရက်နေ့တွင် တောင်းဆိုသည်။
မြန်မာစစ်ကောင်စီသည် ကောက်ဘဇားမှ ရိုဟင်ဂျာ ၄၈၀ ခန့်ကို ပြန်လည်ပို့ဆောင်ရေး စီမံကိန်းအတွက် မတ်လအတွင်းက တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက လိမ်လည်နေ သို့မဟုတ် အတင်းအကျပ် လုပ်နေသည်ဟု နယူးယောက်အခြေစိုက် HRW အဖွဲ့က ပြောသည်။
ထိုသို့ တွေ့ဆုံမေးမြန်းမှုများ မတိုင်မီ တတိယနိုင်ငံတခုတွင် ပြန်လည်အခြေချရေး ဖြစ်နိုင်ခြေကို ဖော်ပြခဲ့ပြီး ရိုဟင်ဂျာများသည် စစ်တပ်အုပ်ချုပ်သည့် မြန်မာသို့ မပြန်လိုကြောင်း ထိုအဖွဲ့ကပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မတ်လတွင် “ရခိုင်ပြည်နယ်မှ အခြေအနေများသည် လတ်တလောတွင် ရိုဟင်ဂျာဒုက္ခသည်များ ရေရှည်နေရပ်ပြန်ရေးအတွက် အခြေအနေမပေးသေးပေ” ဟု ပြောကြားခဲ့ပြီး မည်သည့် ဒုက္ခသည်ကိုမှ အတင်းအကျပ် ပြန်မပို့သင့်ကြောင်း ပြောခဲ့သည်။
(ဒါကာမြို့အခြေစိုက် ဧရာဝတီသတင်းထောက် Muktadir Rashid မှ ပေးပို့သော China Hosts Myanmar Junta and Bangladesh to Discuss Rohingya Repatriations ကို ဘာသာပြန်သည်။)
You may also like these stories:
ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး သံသရာ တပတ်လည်
ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်
စစ်ကောင်စီ၏ ဖိတ်ခေါ်မှု ရိုဟင်ဂျာများ သံသယရှိ
ရိုဟင်ဂျာစခန်း မီးလောင်မှု ဘင်္ဂလားဒေ့ရှ် စုံစမ်းစစ်ဆေး
ရိုဟင်ဂျာဒုက္ခသည်များ ပြန်လက်ခံရေး စစ်ကောင်စီ စီစဉ်နေ
၂၀၂၂ သည် ပင်လယ်ပြင်တွင် ရိုဟင်ဂျာသေဆုံးမှု အများဆုံးနှစ်များတွင် ပါဝင်