ထိုင်းနိုင်ငံ၌ ရောက်နေကြသည့် မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစား အလည်အပတ်ပတ်စ်ပို့ (PV)နှင့် ပညာရေး ပတ်စ်ပို့(PE) ကိုင်ဆောင်သူများ အနေဖြင့် သက်တမ်းတိုးမည်ဆိုပါက ပြန်တမ်းဝင်အရာရှိတဦး၏ ထောက်ခံစာနှင့် အခြားထောက်ခံစာများ ပူးတွဲတင်ပြရမည်ဟု ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက အသိပေးထုတ်ပြန်လိုက်သည်။
ဧပြီ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် အသိပေးချက်တွင် PV (Passport for Visit)နှင့် PE (Passport for Education) တို့အတွက် သက်တမ်းတိုးရာ၌ မြန်မာနိုင်ငံ၌ နေထိုင်သည့်ဒေသမှ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ရုံး ထောက်ခံစာ၊ ပြန်တမ်းဝင်အရာရှိတဦး၏ ဝန်ထမ်းကတ်ပူးတွဲပါရှိသည့် ထောက်ခံစာတို့အပြင် မှတ်ပုံတင်ပူးတွဲပါရှိသော မိဘနှစ်ပါး၏ထောက်ခံစာ စသည့် စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် ကာယကံရှင်၏ ပြည်ပရောက်ရှိနေချိန် ဆောင်ရွက်မှုအသေးစိတ် ကိုယ်ရေးစာနှင့် ကျောင်းတက်ရောက်နေပါက ကျောင်းနှင့်ပတ်သက်သည့် အထောက်အထားများပါ တင်ပြရမည်ဖြစ်ပြီး ပတ်စ်ပို့သက်တမ်းကျန်ရှိမှု ၆ လဝန်းကျင် ကျန်ရှိရန်လိုအပ်၍ ကြိုတင်လျှောက်ထားရန်လည်း မြန်မာကောင်စစ်ဝန်ရုံးက ဆိုထားသည်။
ချင်းမိုင်မြို့တွင် PV ဖြင့် ရောက်ရှိနေသည့် အမျိုးသမီးတဦးက “ဒါကတော့ ရှင်းပါတယ်။ နင်တို့ဘယ်ပဲရောက်ရောက် ငါတို့ထိန်းချုပ်မှုအောက်မှာ ရှိနေတာကို ပြချင်တာပေါ့။ နိုင်ငံသားတယောက်အတွက် အရေးကြီးတဲ့ အထောက်အထား တခုကို သူတို့ကပဲ ထုတ်ပေးနိုင်တယ်။ အထောက်အထားရဖို့ဆို ငါတို့ပြောတဲ့အတိုင်းလုပ်ဆိုပြီး ဘယ်လိုမှမဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေတောင်းပြီးတော့ ပြည်ပမှာရောက်နေပြီး ပုံစံမျိုးစုံနဲ့တော်လှန်နေတဲ့သူတွေကို ရည်ရွယ်ပြီးလုပ် တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် မိဘနှစ်ပါး၏ထောက်ခံစာကို တောင်းယူခြင်းမှာ သက်ဆိုင်ရာမိဘများအား ဓားစာခံပြုလုပ်သည့်သဘော ဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။
ထိုကဲ့သို့ဖြစ်စဉ်မျိုး ယခင်ကမရှိခဲ့ဖူးဘဲ အာဏာသိမ်းစစ်အစိုးရဖြစ်သည့်အတွက် ညွှန်ကြားချက်များ ထင်သလိုထုတ် ပြန်နေခြင်းဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က သုံးသပ်ပြောဆိုသည်။
၎င်းက “မလိုလားတဲ့တင်းကျပ်မှုတွေကြောင့် မလိုလားအပ်တဲ့ဝန်ဆောင်မှုတွေ၊ ကုန်ကျစရိတ်တွေ ရှုပ်ထွေးကုန်မှာ တော့ အသေအချာပဲ။ တချိန်တခါကမှလည်း မကြားခဲ့ဖူးတဲ့ ထုတ်ပြန်ချက်တွေဆိုတော့ အင်မတန်မှ စိတ်အနှောင့် အယှက်ဖြစ်ရတဲ့ အခြေအနေပါ။ အဓိကပြောချင်တာကတော့ ဥပဒေနဲ့မညီညွတ်တဲ့၊ ကြိမ်ဖန်များစွာ အလျဉ်းသင့်သလို ထုတ်ပြန်တဲ့ အမိန့်အာဏာတွေကတော့ ပြည်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
အဆိုပါကောင်စီဝန်ရုံး၏ ဧပြီ ၁၇ ရက် ထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်း ပတ်စ်ပို့သက်တမ်းတိုးမည့်သူများအား ထုတ်ပြန်ချက်ပါ အချက်အလက်များ စတင်တောင်းခံနေပြီ ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်မှာ အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job)ဖြင့် လာရောက်ကြသူများအတွက် အကျုံးမဝင်သောကြောင့် တင်ပြစရာမလိုဟု သိရကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ဆိုသည်။
PV ကိုင်ဆောင်သူတဦးက “အခုလို တင်းကျပ်လိုက်တာက တော်တော်တော့ သက်ရောက်မှုကြီးတယ်။ လတ်တလော သက်တမ်းကုန်တော့မယ့်သူတွေ၊ သိပ်မကြာခင်ကာလမှာ သက်တမ်းကုန်တော့မယ့်သူတွေဆိုရင် တော်တော်စိတ်ပူရ တာပေါ့။ နိုင်ငံသားတယောက်ရဲ့ အထောက်အထား ဆုံးရှုံးနိုင်တဲ့အနေအထားတွေ ဖြစ်လာတယ်။ ပတ်စ်ပို့ကိစ္စကို မတိုးတော့ဘဲ တခြားနေထိုင်ခွင့်ကို စဉ်းစားကြတော့မှာတွေ ရှိလာတယ်” ဟု ပြောသည်။
ထိုင်းရောက်မြန်မာများအတွက် ပတ်စ်ပို့သက်တမ်းတိုးရာတွင် ထပ်တိုးတောင်းခံလာသည့် အချက်အလက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ချင်းမိုင်ကောင်စစ်ဝန်ရုံးနှင့် ဘန်ကောက်မြန်မာသံရုံးတို့ကို ဧရာဝတီက ဆက်သွယ်ခဲ့သော် လည်း ဖုန်းကိုင်ခြင်းမရှိပါ။
ထိုင်းနိုင်ငံတွင် လာမည့်မေလအတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့် အစိုးရအပြောင်းအလဲများကြောင့်လည်း လတ်တလောတွင် ပန်းရောင်ကတ်ဟုခေါ်သည့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားသည့်ကိစ္စရပ်များအား ရပ်တန့်ထားမည်ဖြစ်ရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအနေဖြင့် သတိထားနေထိုင်ကြရန်လည်း အလုပ် သမားရေးဆောင်ရွက်သူများက သတိပေးထားသည်။
You may also like these stories:
ပတ်စ်ပို့သက်တမ်းတိုးခြင်း ရပ်ဆိုင်းမှု ထိုင်းရောက်မြန်မာများ စိုးရိမ်နေ
Mobile Team ဖြင့် ပတ်စပို့စ်သက်တမ်းတိုးမည့်အစီအစဉ် အဆင်မပြေနိုင် ဟုဆို
ပတ်စ်ပို့တွေ ပိတ်တဲ့ နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက်ရှိနေလား