ကရင်ပြည်နယ်၊ မြဝတီမြို့အနောက်တောင်ဘက် မဲကနယ်ရွာဝန်းကျင်တွင် ကရင်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တို့အကြား ဧပြီ ၁၈ ရက်မှ ၂၁ ရက်တိုင်သည်အထိ တိုက်ပွဲ ပြင်းထန်နေသည်။
တိုက်ပွဲသည် မြဝတီမြို့နှင့် ၅ မိုင်ကျော်ကွာဝေးသည့် မဲကနယ်ရွာ အနီးရှိ ကျောက်မိုင်းဒေသ (အရပ်ခေါ် ကျောက်တောင်) တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မြဝတီမြို့ဒေသခံ အမျိုးသားတဦးက ဧရာဝတီကို ပြောသည်။
“တိုက်ပွဲက အခုကြားနေရတာပဲ။ လက်နက်ကြီးသံတွေ တဝုန်းဝုန်းနဲ့ ပစ်နေတာ။ မနက် ၆ နာရီကတည်းက ကြားရတာ။ နေ့ခင်း ၁ နာရီလောက်မှာဆိုရင်လည်း လေယာဉ်ပျံနဲ့ ဗုံးချတာလို့တော့ ပြောတာပဲ။ အသံက အိမ်တောင်တုန်ပါတယ်။ အခုဖုန်းပြောနေတဲ့အထိကို အသံတွေက ဒုန်းခနဲ ဒုန်းခနဲ ကြားနေရတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲအခြေအနေ ပိုမိုသိရှိနိုင်ရန် မဲကနယ်ရွာအနီးတွင် တိုက်ပွဲဝင်နေသော ကော်ဘရာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူအား ဧရာဝတီက အွန်လိုင်းမှ တဆင့် စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသည့် အချိန်အထိ တစုံတရာ အကြောင်းပြန်လာခြင်းမရှိပေ။
ကော်ဘရာစစ်ကြောင်း၏ Facebook စာမျက်နှာတွင်မူ ဧပြီလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ မဲကနယ်ရွာအနီးဖြစ်ပွားသော တိုက်ပွဲအခြေအနေကို သတင်းထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၇ ရက်ညတွင် ကျောက်မိုင်းဒေသသို့ လက်နက်ကြီးဖြင့် စုပြုံပစ်ခတ်ပြီးနောက် ဧပြီ ၁၈ ရက် နံနက် ၅ နာရီတွင် စစ်ကြောင်း စထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က ခလရ ၂၇၅၊ ခမရ ၃၅၅၊ ခလရ ၁၀၂၊ ခလရ ၂၀၇ ၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၁၀၁၉ တပ်ရင်းတို့ ပါဝင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်များဘက်က ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့ ၊ Golden Eagle နှင့် ရောင်နီစသော တပ်ဖွဲ့များ ပါဝင်ကြောင်း ကော်ဘရာက ဆိုသည်။
ဧပြီလ ၁၈ ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဘက်က ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ ၄၀ မမ ဗုံးပစ်လောင်ချာ (၁)လက်၊ အေကေ ရိုင်ဖယ် (၁)လက် အား ပူးပေါင်းတပ်များက သိမ်းဆည်းနိုင်ခဲ့သည်။ စစ်ကောင်စီတပ်သည် ဧပြီ ၁၉ ရက်နေ့ နံနက် ၆ နာရီတွင် လက်နက်ကြီးပစ်ကူ သုံးကာ ဒုတိယအကြိမ် စစ်ဆင်လာရာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ကော်ဘရာဘက်က ကြေညာထားသည်။
ဧပြီ ၁၉ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရကြောင်း စစ်ကောင်စီတပ်၏ ၅ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုကြောင်း ပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း ကော်ဘရာဘက်က ဆိုသည်။
၁၉ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ MA-1 ရိုင်ဖယ် (၁)လက်၊ MA-2 ရိုင်ဖယ် (၁)လက်၊ MA-3 ရိုင်ဖယ် (၁)လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁)ပြောင်း နှင့် အီနာဂါဗုံးသီး (၁၈) လုံးစသည့် လက်နက်ခဲယမ်းများအား ပူးပေါင်းတပ်များက ရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ ကြေညာချက်အရ သိရသည်။
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ ဧပြီလ ၁၉ ရက်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့သော်လည်း ပူးပေါင်းတပ်များက ကျောက်တောင်ပေါ်တွင် အခိုင်အမာနေရာယူထားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးပြီး ဆုတ်ခွာရကြောင်း ဝန်ခံထားသည်။

သို့သော်လည်း ကျဆုံးမှုများသည် ကော်ဘရာစစ်ကြောင်းက ကြေညာထားသလို များပြားမှုမရှိကြောင်း၊ စစ်ကောင်စီတပ်အနေနှင့် ကျောက်တောင်ပေါ်နေရာယူထားသည့် ပူးပေါင်းတပ်များကို မြေပြင်စစ်ကြောင်းထိုးမည့်အစား ထိရောက်မှုရှိသည့် ဗုံးအမျိုးအစားများသုံးသင့်ကြောင်း စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်များက ဆိုသည်။
စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်များဘက်က ထိခိုက်ကျဆုံးမှုများကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ မဲကနယ်ဒေသတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မဲကနယ်ရွာအပါအဝင် အနီးဝန်းကျင်မှ ဒေသခံ ၁၀၀၀ ကျော်သည် မြဝတီမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအချို့တွင် ယာယီခိုလှုံနေရကြောင်း မြဝတီမြို့ဒေသခံအချို့ ထံမှ သိရသည်။
မြဝတီမြို့ခံ အမျိုးသားတဦးကလည်း “အခုစစ်ရှောင်တွေက ရပ်ကွက် ၄ ထဲက ဟေမန်ဦး ဘုန်းကြီးကျောင်းမှာလည်း ရှိတယ်။ ရပ်ကွက် ၄ ထဲက တောရကျောင်းမှာလည်း ရှိတယ်။ ရွှေမြစန္ဒီ ရပ်ကွက်က ကွာရန်တိုင်း စင်တာမှာလည်း ရှိတယ်။ စားရေးနေရေးကတော့ တချို့လည်း လာလှူကြတာပေါ့။ ခါးဝတ်ခါးစားနဲ့ အိမ်ပေါ်ကနေ ဆင်းလာတာဆိုတော့ အဝတ်အစားလည်း လိုနေတယ်။ ဘုန်ကြီးကျောင်းတွေမှာက အိမ်သာကို ကိုယ့်လူနဲ့ ကိုယ် အံကိုက်လုပ်ထားတာ။ အခုက လူအများကြီးရောက်လာတော့ အိမ်သာလည်း လုံလောက်မယ် မထင်ဘူး။ ရေလည်း ခက်ခဲမယ် ထင်တယ်။ အကုန်လုံးကတော့ စုအိပ်စုစားနေရတာပေါ့” ဟုဆိုသည်။
BBC သတင်းဌာန၏ ရေးသားချက်အရ မြဝတီမြို့နယ်တွင် ဖြစ်နေသည့် လတ်တလော တိုက်ပွဲများကြောင့် ထိုင်းတော်ဝင်လေတပ်မှ F-16 တိုက်လေယာဉ် ၂ စီးသည် အသင့်အနေအထားပြင်ဆင်ထားကြောင်း၊ တိုက်ပွဲမှ ကျယ်လောင်သည့် အသံများကြောင့် ထိုင်းပြည်သူများ ထိတ်လန့်မှုမဖြစ်ကြရန်လည်း ထိုင်းအာဏာပိုင်များက သတိပေးထားကြောင်း သိရသည်။
မြဝတီမြို့နယ်ထဲတွင် တိုက်ပွဲများဖြစ်နေသော်လည်း မြဝတီမြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေး တံတား အမှတ် ၁ နှင့် ၂ ကိုမူ ဖွင့်ထားဆဲဖြစ်ကြောင်း မြဝတီမြို့ဒေသခံများ ထံမှသိရသည်။ အလားတူ မြဝတီမှ ကျုံဒိုးအထိ အာရှလမ်းမသည်လည်း ယဉ်အသွားအလာများ ရှိနေကြောင်း မြဝတီမြို့ဒေသခံအချို့က ဆိုသည်။
မြဝတီမြို့ခံ အမျိုးသားတဦးက “အာရှလမ်း ကားအသွားအလာက အရင်ကလောက်တော့ မများဘူး။ ကြဲသွားပြီ။ သွားတော့ သွားတယ်။ ကားခတွေကတော့ ဈေးတက်သွားတာပေါ့ဗျာ။ အရင်က မော်လမြိုင်အထိကို ၁ သောင်းခွဲလောက်ပဲ ရှိတာက အခုတော့ ကားခက ၅ သောင်း ၊ ၆ သောင်းလောက်ဖြစ်သွားတာပေါ့” ဟုဆိုသည်။
You may also like these stories:
တပ်မဟာ ၇ နယ်မြေ၌ ကော်သူးလေတပ်အား လှုပ်ရှားခွင့် မပြုကြောင်း KNU ထုတ်ပြန်
ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်
စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ
သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ
ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော