ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း ဦးဆောင်သည့်အဖွဲ့သည် ဧပြီလ၂၃ ရက် ညနေပိုင်း၌ နေပြည်တော်သို့ ရုတ်တရက် ရောက်ရှိလာပြီး ယနေ့မနက်ပိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံတကာတွင် လူလေးစားသော ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ၊ လူသိထင်ရှားသူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့ထားသည့် The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌအနေဖြင့် လာရောက်ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ကြားခြင်းဖြစ်ကြောင်း စစ်ကောင်စီက တရားဝင်ကြေညာခဲ့သည်။
ယနေ့နံနက်ပိုင်း နေပြည်တော်၌ တွေ့ဆုံရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ဒု ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်သည်။
စစ်ခေါင်းဆောင်နှင့် မစ္စတာ ဘန်ကီမွန်းတို့တွေ့ဆုံစဉ် “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေ”ကို ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီမြန်မာပိုင်း သတင်းဌာနသို့ ဖြေကြားထားသော်လည်း အသေးစိတ် မသိရှိရပေ။
မစ္စတာ ဘန်ကီမွန်းသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း BBC သတင်းအရ သိရသည်။
မစ္စတာ ဘန်ကီမွန်းမှာ မြန်မာနိုင်ငံသို့ မည်သည့်အကြောင်းကြောင့် ရောက်ရှိလာသည်ဆိုသည်ကို The Elders အဖွဲ့က လတ်တလော၌ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဘန်ကီမွန်း၏ ၂ ရက်တာ မြန်မာခရီးစဉ်သည် တောင်ကိုရီးယားအစိုးရနှင့် မသက်ဆိုင်ကြောင်း ဘန်ကောက်ရှိ သံရုံးကို ကိုးကားပြီး အေပီသတင်းဌာနက ရေးသည်။
မစ္စတာ ဘန်ကီမွန်းသည် ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူနေစဉ်က မြန်မာနိုင်ငံကို ၂ ကြိမ် လာရောက်ခဲ့သည်။
နာဂစ်မုန်တိုင်းတိုက်ခတ်မှု ဖြစ်စဉ်အပြီး၂၀၀၈ ခုနှစ် မေလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ. ဖ) အစိုးရကနေ နိုင်ငံတကာ အကူအညီများကို ခွင့်ပြုပေးရန် လာရောက် တောင်းဆိုခဲ့ပြီး၊၂၀၀၉ ခုနှစ် ဇူလိုင်လ၌ ထပ်မံ လာရောက်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း ပြည်ထောင်စု လွှတ်တော်၌ မြန်မာ့နိုင်ငံရေးအပြောင်း အလဲနှင့် ပတ်သက်၍ မိန့်ခွန်းပြောခဲ့ဖူးသလို၊၂၀၁၅ ခုနှစ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးစဉ်ကလည်း ကုလသမဂ္ဂ၏ အသိသက်သေအဖြစ် ပါဝင် လက်မှတ်ထိုးခဲ့သူ ဖြစ်သည်။
သို့သော် ယခုလို တိုးတိုးတိတ်တိတ် ဘန်ကီမွန်း ရုတ်တရက် ရောက်လာခြင်းသည် အာဆီယံအသင်း၏ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားက နောက်ကွယ်က သံတမန်ရေးအရ တွန်းအားပေးနေပုံ ရသည်။

ဘန်ကီမွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံသားများလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်အချို့က ဆိုသည်။ ဘန်ကီမွန်းနှင့် အတူပါလာသူများမှာ အင်ဒိုနီးရှားအစိုးရတို့ကြား ဆက်စပ်မှု ရှိ မရှိ အတည်ပြုနိုင်ရန် ဧရာဝတီအနေဖြင့် စုံစမ်းဆဲ ဖြစ်သည်။
ဘန်ကီမွန်း၏ နေပြည်တော်ခရီးစဉ်အတွင်း ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရနိုင်ဖွယ်ရှိကြောင်း မျှော်လင့်ချက်များ ဖြစ်လာစေခဲ့သော်လည်း ယခုခရီးစဉ်တွင် တွေ့ဆုံခြင်း မရှိခဲ့ပေ။
စင်ကာပူ အမျိုးသားတက္ကသိုလ်မှ သုတေသီတဦးဖြစ်သူ ကိုကြည်စင်က မစ္စတာ ဘန်ကီမွန်းအနေနှင့် စစ်ကောင်စီကို ဆွဲဆောင်နိုင်သည့် ကတိကဝတ်တစုံတရာ မပေးနိုင်ပါက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် မဖြစ်နိုင်ကြောင်း ပြောသည်။
“ဘန်ကီမွန်းက ကတိကဝတ် တစုံတရာ ယူလာတာမဟုတ်ရင် သူတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမှာ မဟုတ်ဘူး။ အကယ်၍ ဘန်ကီမွန်းက နိုင်ငံတကာအသိုင်းအဝိုင်းကနေ စစ်ကောင်စီကို ဆွဲဆောင်နိုင်တဲ့ မက်လုံးတစုံတရာ ပေးလာမယ်ဆိုရင် စစ်ကောင်စီက ဘန်ကီမွန်းနဲ့ ပေးတွေ့တာမျိုး ဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ကိုကြည်စင်က ဘန်ကီမွန်းသည် နိုင်ငံကြီးအချို့ထံမှ သတင်းစကားများ ယူဆောင်လာနိုင်ကြောင်းလည်း ပြောဆိုသည်။

၎င်းက “သူက သာမန်အရပ်သားတယောက် နိုင်ငံတကာမှာ သံတမန်လောကမှာ အရေးပါတဲ့ လူ တယောက်အနေနဲ့ လာတယ်လို့ပဲ ယူဆလို့ ရတာပေါ့။ တဖက်ကကျတော့လည်း မြန်မာနိုင်ငံမှာ မျက်နှာပြလို့ မကောင်းတဲ့ နိုင်ငံကြီးတွေက သူ့ဆီကနေတဆင့် တွေ့ဆုံဖို့ ကြိုးစားတာမျိုးလို့လည်း တဖက်က ယူဆရင်လည်း ရတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကလည်း သေသေချာချာ ထုတ်ဖော်ပြောတာ မရှိတော့ ဘယ်ဟာမှန်တယ်ဆိုတာ ပြောရတာတော့ ခက်တယ်” ဟု ဆိုသည်။
မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါလက အာဏာသိမ်းမှုဖြစ်စဉ်အတွင်း အရပ်သားများအပေါ် စစ်ကောင်စီက သေ စေနိုင်သည့် အင်အားသုံးမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးထားမှုတို့ကို ရှုတ်ချခဲ့သည်။
ဘန်ကီမွန်းသည် လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် အား မြန်မာစစ်တပ်နှင့် တိုက်ရိုက်ဆွေးနွေးရန် တိုက်တွန်းခဲ့သလို၊၂၀၂၁ ဧပြီလတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် မြန်မာစစ်ကောင်စီဘက်က လက်မခံသဖြင့် မြန်မာနိုင်ငံသို့ မလာနိုင်ခဲ့ပေ။
ဘန်ကီမွန်း၏ ခရီးစဉ်သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပင်ရှုဘင်း၏ ဧပြီလ ၁၆ ရက်မှ ၁၉ ရက်အထိ ခရီးစဉ်နှင့် ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမွတ်ဝီနိုင်း၏ ဧပြီလ ၂၁ ရက် ခရီးစဉ်တို့အပြီး ဖြစ်လာခြင်း ဖြစ်သည်။
You may also like these stories:
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
မြန်မာအကျပ်အတည်း လူသားချင်း စာနာကူညီရေးတွင် အာဆီယံ အလုပ်ဖြစ်ဟု အင်ဒိုနီးရှား ပြော