ရက္ခိုင်စစ်တပ် (AA) နှင့် ပတ်သက်သည်ဆိုကာ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ဖမ်းဆီးခံထားရ ၁၀၀ ကျော်ရှိနေပြီး ၎င်းတို့အား တရားရုံးမှ အကြောင်းအမျိုးမျိုးကြောင့် အမှုမစစ်ဆေးနိုင်ဘဲ ကြန့်ကြာနေကြောင်း မိသားစုဝင်များက ပြောသည်။
စစ်ကောင်စီနှင့် AA အကြား ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားရာ ထိုကာလအတွင်း
AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ကျောက်တော်၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီး တောင်၊ မောင်တောအစရှိသည့်မြို့များမှ အရပ်သား ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး မတရားအသင်း အက် ဥပဒေ ပုဒ်မ ၁၇ (၁) ၊ (၂) ဖြင့် တရားစွဲခဲ့သည်။
ဖမ်းထားသူများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ရဲစခန်း အချုပ်၊ အကျဉ်းထောင်များ၌ ချုပ်ထားပြီး အမှုစစ်ဆေး ခြင်းမျိုး မရှိဘဲ အကြောင်းအမျိုးမျိုးဖြင့် ကြန့်ကြာနေကြောင်း ဖမ်းဆီးခံများ၏ မိသားစုဝင်များက ပြောဆို သည်။
မတရားအသင်း ဆက်သွယ်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာ အုပ်ချုပ် ရေးမှူး ဦးကျော်လှနှင့် မီးကျောင်းဈေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်းတို့အမှုမှာ တရားလို စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဗိုလ်ကြီး ရုံးချိန်း မရောက်လာသည့်အတွက် အမှု မစစ်ဆေးနိုင်သည်မှာ ၆ လ ခန့်ရှိသွားပြီဖြစ် ကြောင်း ဦးကျော်လှ၏ မိသားစုဝင်တဦးက ပြောသည်။
၎င်းက “တရားလို စရဖ ဗိုလ်ကြီးကို သက်သေခေါ်ထားတာ ၂၀၂၂ နိုင်ဝင်ဘာ ကတည်းက၊ သူမလာဘူး။ ခရီးလွန် နေတယ်ဆိုပြီးတော့ ရုံးချိန်းတွေ ပေးနေတာ အခုဆိုရင် ၆ လ ကျော်လောက်ရှိနေပြီ။ အဖမ်းခံထားရတဲ့ အုပ်ချုပ်ရေးမှူး တွေကလည်း အသက် ၆၀ ကျော် အရွယ်တွေဆိုတော့ ကျန်းမာရေးလည်း မကောင်းကြဘူး၊ ဒီလိုမျိုး အမှု ကြန့်ကြာ နေတော့ မိသားစုဝင်တွေအနေနဲ့ ၁ ရက်မှ စိတ်မချမ်းသာဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး ၂ ဦးသည် ပြီးခဲ့သော၂၀၂၂ ခုနှစ် စက်တင်ဘာအတွင်းက ဖမ်းဆီးခံရပြီး ဘူးသီးတောင် အခြေစိုက် စရဖရုံးမှ ဗိုလ်ကြီး နေလင်းဦးက တရားလိုလုပ်ကာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ပြီး တရားရင်ဆိုင်နေရသူ ၁၂ ဦး ရှိကြောင်းလည်း သိရသည်။
အလားတူ ကျောက်တော်မြို့နယ်အတွင်းတွင်လည်း AA နှင့် ပတ်သက်ဆက်နွယ်မှုဖြင့် ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေ ရသူ ၁၀ ဦးရှိပြီး ၎င်းတို့အမှုမှာလည်း ရုံးချိန်းဖြင့်သာ အချိန်ကုန်နေကြောင်း မိသားစုဝင်များက ပြောသည်။
ကျောက်တော်မြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း အပါအဝင် ဒေသခံ ၃ ဦးအမှုမှာလည်း ပြီးခဲ့သော မတ်လ ဆန်းကတည်း အပြီးသတ် အမိန့်ချရန် ရုံးချိန်းခဲ့သော်လည်း လက်ရှိအချိန်အထိ တစုံတရာအမိန့်မချသေးဘဲ ရုံးချိန်း သာ ထပ်ကာ ချိန်းဆိုနေကြောင်း ဖမ်းဆီးခံ မိသားစုဝင်တဦးက ပြောသည်။
၎င်းက “အချုပ်ထဲမှာ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေရတာများလာတော့ ကာယကံရှင်တွေကလည်း မခံစားနိုင်တော့ ဘူး၊ မိသားစုဝင်တွေလည်း စိတ်ပင်ပန်း လူပင်ပန်းလာကြတယ်။ အချုပ်ထဲမှာနေရသူတွေက ပေါက်ကွဲမယ်တကဲကဲ လုပ်နေတော့ နောက်ထပ် အမှုတခု တိုးမယ်ဆိုပြီး မိသားစုဝင်တွေက မနည်းချော့မော့ ပြောဆိုထားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ကျောက်တော်မြို့နယ်ရှိ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် ဒေသခံ ၁၀ ဦးအား ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးတရားစွဲဆိုခဲ့ပြီးနောက် အထက်က အမိန့်မချဘဲ အမှုအား ရပ်ဆိုင်းထားရန် နှုတ်ဖြင့် ညွှန်ကြားချက်ရှိသည်ဟုဆိုကာ ထိုသို့ ရုံးချိန်းပေးထားခြင်း ဖြစ်ကြောင်းလည်း မိသားစုဝင်များက ပြောသည်။
ယင်းပြင် တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့တွင်လည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေဖြင့် အရပ်သား ၅၀ ကျော် အထိ ဖမ်းဆီးတရားစွဲဆိုခံထားရပြီး အမှုအများစုမှာ တရားလို စစ်ကောင်စီတပ်အရာရှိများ ရုံးချိန်း မရောက်လာသည့် အတွက် အမှုများမှာ ဆက်ဆက် စစ်ဆေးနိုင်ခြင်း မရှိဘဲ ရပ်တန့်နေရကြောင်း သံတွဲခရိုင်မှ ရှေ့နေတဦးက ပြော သည်။
၎င်းက “မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ တရားစွဲတဲ့အမှုအများစုမှာ တရားလိုက စစ်တပ်အရာရှိတွေ များတယ်။ အခု ရုံးချိန်း မလာတာက တရားလို စစ်တပ်အရာရှိနဲ့ အမှုစစ်ရဲတွေ မရောက်တာ။ သူတို့ဘက်ကတော့ ခရီး လွန်နေ တယ်ဆိုပြီးတော့ အကြောင်းအမျိုးမျိုး ပြတာပေါ့။ လုံခြုံရေးကို စိုးရိမ်ပြီး မလာတာလည်း ဖြစ်မယ်။ အချိန်တွေ ကြန့်ကြာလာတော့ အမှုသည်နဲ့ မိသားစုဝင်တွေက မခံစားနိုင်ကြတဲ့အခါ သူတို့ ဒီလောက်ကြောက်တတ်ရင်လည်း ဘာလို့ တရားစွဲနေသေးလဲဆိုတာမျိုး ရုံးချိန်းမှာ ပြောဆိုသံတွေ ကြားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သော၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း တောင်ကုတ်မြို့နယ်နေ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ ကျော်သူရထွန်း အပါအဝင် အရပ်သား ၂၀ နီးပါးအား မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့သလို သံတွဲမြို့နယ်ရှိ ခရိုင်စာတိုက်မှူး ဦးထွန်းထွန်းဝင်း အပါအဝင် အရပ်သား ၃၀ ဦးထက် မနည်းကိုလည်း ဖမ်းဆီးခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင်လည်း ၂၀၂၂ ခုနှစ်အတွင်း၌ ခရိုင် ငါးလုပ်ငန်း ဦးစီးမှူး၊ ရဲတပ်ဖွဲ့ဝင်များနှင့် အောက်ခြေရပ် ကျေးရွာအုပ်ချုပ်ရေး၊ စသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအပါအဝင် လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးထားသည်။
ယင်းပြင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး အပါအဝင် အောက်ခြေအုပ်ချုပ်ရေးမှူး ၅ ဦးနှင့် ကျောက်တော်မြို့နယ်မှ အရပ်သား ၁၀ ဦး၊ မြောက်ဦးမြို့နယ်မှ အရပ်သား ၇ ဦး၊ မင်းပြားမြို့နယ်မှ ဒုမြို့နယ် ပညာရေး မှူးတို့ကိုလည်း AA ပတ်သက်ဆက်နွယ်မှုရှိသည် ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီတပ်နှင့် AA တို့သည်၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကုန်ဆုံးသည်အထိ ၃ နှစ်နီးပါး တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်ဆန်းပိုင်းတွင် နှစ်ဖက် ယာယီ အပစ်ခတ် ရပ်စဲခဲ့ကြသည်။
ထို့နောက်၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ် ပွားခဲ့ပြီး၂၀၂၂ နိုဝင်ဘာလ ၂၆ ရက်တွင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် မစ္စတာ ဆာ ဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဒုတိယအကြိမ် နှစ်ဖက် ယာယီ အပစ်ရပ်စဲခဲ့ကြသည်။
ယခုလို အပစ်ခတ်ရပ်စဲထားသည့်ကာလတွင်လည်း အဆိုပါ ဖမ်းဆီးခံရသူများအား အမှုရုပ်သိမ်း ပြန်လွှတ်ပေးခြင်းမျိုး မရှိသေးသလို၊ စစ်ကောင်စီ၏ လွတ်ငြိမ်းများဖြင့်လည်း ပြန်လည်လွှတ်ပေးခြင်းမျိုး မရှိသေးကြောင်း သိရသည်။
လက်ရှိအချိန်တွင် AA နှင့် စစ်ကောင်စီတပ်တို့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် သြဇာအာဏာလွှမ်းမိုးရေးကို ကြိုးပမ်းနေကြသည့်ကာလ ဖြစ်နေကြောင်း သိရသည်။
You may also like these stories:
AA နှင့် စစ်တပ် အပစ်ရပ်သော်လည်း တပ်မရုပ်
ရခိုင်တွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်
ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး
AA နှင့် ဆက်နွယ်သည့် ဗဟိုကော်မတီဝင်များ နုတ်ထွက်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဆုံးဖြတ်
ရခိုင်၌ စီးပွားရေးများ တိုးချဲ့ပေးမည်ဟု စစ်ခေါင်းဆောင် ပြောဆိုချက် ယုံကြည်ရန်ခက်