ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းသည် ယခုအပတ်အတွင်း အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်သောအခါ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တည်ထားသည့် ဗုဒ္ဓဆင်းတုကို သွားရောက်ကြည်ညိုရသည်။
စစ်ကောင်စီသည် တနိုင်ငံလုံးတွင် ပြည်သူများကို အကြမ်းဖက်မှုများ ကျူးလွန်နေစဉ် မစ္စတာ ဘန်ကီမွန်းသည် စစ်ကောင်စီ၏ ဖိတ်ကြားမှုကြောင့် ဧပြီလ ၂၃ ရက်နေ့တွင် နေပြည်တော်သို့ ရောက်လာသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း၏ ယခုနောက်ဆုံးခရီးစဉ်ကြောင့် ၂၀၀၈ ခုနှစ်က လူအသေအပျောက်များသည့် နာဂစ်ဆိုင်ကလုန်းအပြီး ထိုစဉ်က စစ်အုပ်စုခေါင်းဆောင်များနှင့် တွေ့ဆုံရန် မြန်မာသို့ မစ္စတာ ဘန်ကီမွန်းလာရောက်ခဲ့သည့် ခရီးစဉ်ကို မြန်မာပြည်သူများ ပြန်လည်အမှတ်ရကြသည်။
ထိုခရီးစဉ်အတွင်း ထိုစဉ်က အာဏာရှင် သန်းရွှေနှင့် မတွေ့ဆုံမီ မစ္စတာ ဘန်ကီမွန်းကို စစ်အုပ်စုအရာရှိများက ရွှေတိဂုံစေတီတော်မှ ကျောက်စိမ်းဆင်းတုတော်သို့ ခေါ်သွားခဲ့သည်။ ထိုကျောက်စိမ်းဆင်းတု၏ မျက်နှာတော်ကို စစ်အာရှင်ဟောင်း သန်းရွှေနှင့်တူအောင် ထုလုပ်ထားသည်။
ထိုသန်းရွှေမျက်နှာနှင့် ဘုရားဆင်းတုတော်ကို သွားရောက်ဦးညွှတ်ရန် စီစဉ်ခံရသည့်သူများတွင် မစ္စတာ ဘန်ကီမွန်းသည် တဦးတည်းသော သံတမန်မဟုတ်ပေ။ ယခင်စစ်အုပ်စုသည် ကုလသမဂ္ဂ အထူးသံတမန်ဟောင်း မစ္စတာ ဂမ်ဘာရီကိုလည်း အလားတူ လုပ်ခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်လည်း ၂၀၀၉ ခုနှစ်တွင် ဒုတိယသမ္မတအနေဖြင့် မြန်မာသို့ လာရောက် လည်ပတ်သောအခါ ထိုကျောက်စိမ်းဆင်းတုတော်သို့ ခေါ်ဆောင်သွားခံရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ဆရာသမားကို အတုခိုးပြီး သူ၏အရာရှိများအား မစ္စတာ ဘန်ကီမွန်းကို သူတည်ဆောက်နေသည့် ကမ္ဘာ့အကြီးမားဆုံး ထိုင်တော်မူဗုဒ္ဓဆင်းတုဟု ဆိုသည့် စကျင်ကျောက်ဆင်းတုသို့ ဧပြီလ ၂၄ ရက်နေ့က ခေါ်ဆောင်သွားစေသည်။
သူ၏ တရက်တာခရီးစဉ်အတွင်း မစ္စတာ ဘန်ကီမွန်းသည် စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်လည်း သီးခြားဆွေးနွေးပွဲများ ကျင်းပသည်။ ထိုအစည်းအဝေး အသေးစိတ်များကို စစ်ကောင်စီမီဒီယာက ထုတ်ပြန်ခြင်းမပြုဘဲ မြန်မာနိုင်ငံမှ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ပွင့်လင်းစွာ အမြင်ချင်းဖလှယ်သည်ဟုသာ ဖော်ပြထားသည်။
မစ္စတာ ဘန်ကီမွန်းသည် ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ သက်တမ်းရှိသော အရပ်သားအစိုးရအတု သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း သီးခြားတွေ့သည်။ ဆွေးနွေးမှု အသေးစိတ်များကို မသိရပေ။
သူသည် ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ဆုံခဲ့ပေ။
မစ္စတာ ဘန်ကီမွန်း၏ နေပြည်တော်ခရီးစဉ်တွင် တောင်ကိုရီးယား ပါဝင်ပတ်သက်သည်ဆိုသည့်အချက်ကို တောင်ကိုရီးယားသံရုံးက ငြင်းဆန်ကြောင်းနှင့် ထိုခရီးစဉ်သည် The Elders ကသာ လုံးဝစီစဉ်သည့် ခရီးစဉ်ဖြစ်ကြောင်း ပြောသည်ဟု AFP သတင်းဌာနက ဖော်ပြသည်။ ငြိမ်းချမ်းရေးမြှင့်တင်ပြီး ပဋိပက္ခလျှော့ချရန် နယ်လ်ဆင်မန်ဒဲလားက ကမ္ဘာ့ခေါင်းဆောင်များဖြင့် ထူထောင်ထာင်းသည့် The Elders အဖွဲ့တွင် မစ္စတာ ဘန်ကီမွန်းသည် ဒုဥက္ကဋ္ဌ ဖြစ်သည်။
ဧပြီလ ၁၂ ရက်နေ့တွင် The Elders က ကြေညာချက်တစောင် ထုတ်ပြန်ပြီး မစ္စတာ ဘန်ကီမွန်းက သူ့ခရီးစဉ်၏ ရည်မှန်းချက်မှာ အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေး အကောင်အထည်ဖော်ရန်၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် အပြုသဘော ဆွေးနွေးပွဲများ ကျင်းပရန်၊ စစ်ကောင်စီအနေဖြင့် ကနဦးခြေလှမ်းများလှမ်းရေး တိုက်တွန်းရန်ဖြစ်ကြောင်း ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ban Ki-moon Worships Myanmar Junta Chief’s Buddha Statue During Visit ကို ဘာသာပြန်သည်။)
You may also like these stories:
“စစ်တပ်က ပထမ ခြေလှမ်း စ ရန်” ဘန်ကီမွန်း တိုက်တွန်း
ရုတ်တရက် ရောက်လာတဲ့ ဘန်ကီမွန်းကို စစ်ခေါင်းဆောင် တွေ့ဆုံ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ