ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသား တပ်မတော် (CNF/ CNA) ပူးပေါင်းတပ်ဖွဲ့ များကြား တိုက်ပွဲတောက်လျှောက် ဖြစ်နေသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်ကာ အခြေခံစားသောက်ကုန်ဈေးနှုန်း များ မြင့်တက်နေသလို လူမှုရေး စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် အကျပ်အတည်းဖြစ်လာနေကြောင်း သိရသည်။
ဟားခါးနှင့် အဓိက ဆက်သွယ်ထားသည့် ဟားခါး- ဂန့်ဂေါကားလမ်း၊ ဟားခါး- ကလေး ကားလမ်း၊ ဟားခါး- မတူပီ ကားလမ်းတို့မှာ တိုက်ပွဲကြောင့် အသုံးမပြုနိုင်သည်မှာ ၁ လ ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ဟားခါးမြို့ခံများက ပြောသည်။
ဟားခါးမြို့ခံတဦးက “ကားတစီးမှကို မထွက်တော့ ဘူး။ ကလေး၊ ဂန့်ဂေါ၊ မတူပီ အဲဒီလမ်း ၃ ခုလုံး ပိတ်သွားတာ။ ၁ လ ကျော်ပြီ၊ ဈေးတက်တာကတော့ စားကုန်တွေပေါ့။ ဆန်ဈေးက အဆိုးဆုံးပဲ။ ပုံမှန် ရိုးရိုးဆန် ၁ အိတ်ကို ၆ သောင်း က နေ အခု ၁၂၀၀၀၀ အထိ တက်နေတယ်။ အဲဒါတောင် လွယ်လွယ် ဝယ်မရဘူး။ ဒီကာလမှာ လူအများစုက ဝင်ငွေ မရှိကြတော့ ဈေးလည်း ပုံမှန် မသွားနိုင်ကြဘူး။ အိမ်နောက်ဘေးက ထွက်တဲ့ အသီးအရွက် ခူးပြီး ချက်စားကြတာ များတယ်” ဟု ဧရာဝတီသို့ ပြော သည်။
မတ်လ ၇ ရက်တွင် ကလေးမြို့မှနေ ဟားခါးဗျူဟာသို့ စစ်အင်အားနှင့် ရိက္ခာဖြည့်ရန်လာသော စစ်ကောင်စီယာဉ် တန်းအား CNA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ကလေး- ဖလမ်း- ဟားခါး ကားလမ်းတလျှောက် ကြားဖြတ် တိုက်ခိုက်မှု ကြောင့် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များဖြစ်ပွားကာ ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်နေခြင်း ဖြစ်သည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်း၌ သံချပ်ကာယာဉ်၂ စီးနှင့် မြေတူးစက်ကြီး ၁ စီး အပါအဝင် စုစုပေါင်း ကားအစီး ၃၀ ကျော် ပါဝင်ပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အနီးကပ် ခြုံခိုတိုက် ခိုက်မှုတို့ကြောင့် ဧပြီလ ၁၃ ရက်တွင် ဟားခါးမြို့သို့ မရောက်ခင် ၁၀ မိုင်ခန့်အလို ချွန်ကျုံးကျေးရွာအနီးအရောက် ယာဉ်တန်းတခုလုံး ချေမှုန်းခံလိုက်ရသည်။
စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် အသက်မသေဘဲ ကျန်ရှိနေသော စစ်ကောင်စီတပ်သား ၃၀ နီးပါးသည် ချွန်ကျုံး ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး စစ်ကူတောင်းခံသဖြင့် လေကြောင်းက လာရောက် တိုက်ခိုက်မှုများ ပြုလုပ်သည့်အ ပြင်၊ ဟားခါးဗျူဟာမှ စစ်ကူပေးရန် စစ်ကြောင်းတခု ဆင်းလာသလို ဂန့်ဂေါဘက်မှလည်း တက်လာသည့်စစ်ကူများနှင့် လမ်းကြောင်းတလျှောက် ဆက်လက် တိုက်ပွဲ ဖြစ်နေကြောင်းလည်း CNA ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြော သည်။
၎င်းက “ဟားခါးဗျူဟာက အင်အား ၅၀ နီးပါးကတော့ အခု ချွန်ကျုံးရွာကို ရောက်ပြီး တပ်ပေါင်းထားတယ်လို့ ပြော တယ်။ ဒါပေမယ့် သူတို့ ချွန်ကျုံးရွာထဲက မထွက်နိုင်သေးဘူးဗျ။ တိုက်ပွဲကတော့ နေ့စဉ်လိုလို ဖြစ်နေတယ်။ ဂန့်ဂေါ ဘက်ကနေ စစ်ကူလာတဲ့ စစ်ကြောင်းနဲ့လည်း လမ်းမှာတိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ပွဲတွေကတော့ ဆက်လက် ပြင်း ထန်လာနိုင်တဲ့ သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်ရှိန်မြင့်မားနေမှုကြောင့် ချွန်ကျုံးကျေးရွာအပါအဝင် ကားလမ်းပတ်ဝန်းကျင်ရှိ ကျေးရွာသားများမှာ ဟားခါးမြို့ ပေါ်သို့ ဝင်ရောက် ခိုလှုံနေသလို တချို့မှာလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကာ အဆိုပါ စစ်ဘေး ရှောင် ဒုက္ခသည်များအတွက် နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီပံ့ပိုးမှုများပေးရန် လိုအပ်နေကြောင်းလည်း ဆလိုင်းထက်နီက တောင်းဆိုသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တခုလုံးနီးပါးအား စစ်အုပ်ချုပ်ရေး ကြေညာထားသည့်အတွက် ဟားခါးမြို့နယ်အတွင်း ဒေသခံများအနေဖြင့်လည်း စစ်အုပ်ချုပ်ရေးအောက်တွင် ညမထွက်ရ အမိန့်များလည်း ရှိနေသည့်အတွက် ခက်ခဲနေ ကြောင်းလည်း ဒေသခံများက ပြောသည်။
ထိုပြင် ဟားခါးမြို့နယ်အတွင်း ကားလမ်းများ ပြတ်တောက်နေသည့်အတွက် ယခင်အခြေအနေများကဲ့သို့ ကျန်းမာရေး ကိစ္စများဖြစ်ပေါ်လာပါက မန္တလေး၊ ရန်ကုန် စသည့်မြို့များသို့ သွားရောက် ကုသနိုင်ခြင်းမရှိဘဲ ဟားခါးမြို့ပေါ်ရှိ ပြည်သူ့ ဆေးရုံကြီးတွင်သာ သွားရောက်၍ ဆေးဝါးကုသမှုများ လုပ်ဆောင်နေကြရကြောင်း သိရသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီသည် ဟားခါးမြို့အား ဆက်လက် စိုးမိုးနိုင်ရန် ဟားခါးအခြေစိုက် ခလရ ၂၆၆ တပ်ရင်းအပါအဝင် ပြည်မမှ တပ်ရင်းတပ်ဖွဲ့မှ ထုတ်နုတ်အင်အား၂၀၀ နီးပါးဖြင့် စစ်ဗျူဟာထိုင်ထားကာ လှုပ်ရှား စစ် ကြောင်းများ ထားရှိထားပြီး ယင်းတပ်ဖွဲ့ဝင်များအတွက် ရိက္ခာ၊ စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းရန် မိုးရာသီမတိုင်ခင် ကြိုးစားနေကြောင်းလည်း သိရသည်။
“သူတို့ ဟားခါးဗျူဟာကို ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ဖြည့်တင်းဖို့ အသဲအသန် ကြိုးစားနေတယ်။ အခုထိတော့ မြေပြင်က သူတို့ မပို့နိုင်သေးဘူး။ နောက်ပိုင်း မြေပြင်က မပို့နိုင်ရင် သူတို့ ရဟတ်ယာဉ်နဲ့ လာချနိုင်တယ်။ ဒါပေမယ့် အနည်းအကျဉ်းလောက်ပဲ ရမယ်။ နောက်ဆုံး သူတို့ ရိက္ခာပြတ်လာရင် ပြည်သူတွေက ဝယ်ယူလာနိုင်သလို ကုန် သည်တွေ ရိက္ခာတင်သွင်းခွင့်တွေ ပေးပြီးတော့ သူတို့ အဲဒါက ခွဲတမ်းသဘောမျိုးနဲ့ ယူလာနိုင်ခြေ ရှိတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
You may also like these stories:
ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်
စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ