နိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ခြင်းရပ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းပြီး ၂၄ နာရီမပြည့်မီ မြန်မာစစ်ကောင်စီသည် ရှမ်းပြည်တောင်ပိုင်းမှ ဆေးပေးခန်းတခုနှင့် စစ်ဘေးရှောင်စခန်းတခုကို ဗုံးကြဲတိုက်ခိုက်လိုက်သည်။
စစ်ကောင်စီ တိုက်လေယာဉ်တစီးက ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှ ဆောင်းဖွေး ကျေးရွာ ဆေးခန်းကို အင်္ဂါနေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် လေကြောင်းမှ တိုက်ခိုက်သောအခါ မီးဖွားထားသည့် မိခင်တဦးနှင့် ၁၅ နှစ်အရွယ် ယောင်္ကျားလေးတဦး အပါအဝင် အရပ်သားအနည်းဆုံး ၅ ဦး ဒဏ်ရာရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ကပြောသည်။
“စစ်ကောင်စီ ဂျက်ဖိုက်တာက ဆေးခန်းကို ၃ ကြိမ် ဗုံးကြဲလို့ အရပ်သား အနည်းဆုံး ၅ ဦး ဒဏ်ရာရတယ်။ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ ဆယ်ကျော်သက်ရွယ် ယောင်္ကျားလေး တယောက် ပါတယ်” ဟု KnHRG ပြောခွင့်ရသူတဦးပြောသည်။
မကြာသေးမီကမှ မီးဖွားထားသည့် မိခင်တဦး အပြင်းအထန် ဒဏ်ရာရသွားသည်။ ကံကောင်းသည်မှာ သူ၏ ၃ ရက်သားအရွယ် ကလေးငယ်သည် တိုက်ခိုက်မှုအတွင်း ဒဏ်ရာမရခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များ ပြောသည်။
“ဒဏ်ရာရသူတွေထဲက တယောက်က မီးဖွားစမိခင်ဖြစ်ပြီး ဦးခေါင်းမှာ အပြင်းအထန် ဒဏ်ရာရသွားလို့ အခြေအနေက စိုးရိမ်ရတယ်” ဟု ဒေသခံတဦးပြောသည်။
တနင်္လာနေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးသန်းဆွေနှင့် သမ္မတဟောင်းသိန်းစိန်တို့ကို မြို့တော် နေပြည်တော်တွင်တွေ့ဆုံသည်။ ဘန်ကီမွန်းသည် ငြိမ်းချမ်းရေးကိုအားပေးရန် နယ်လ်ဆင်မန်ဒဲလား တည်ထောင်ထားသည့် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ဖြစ်သော The Elders တွင် ဒုတိယ ဥက္ကဌတာဝန် ထမ်းဆောင်နေသည်။
ဘန်ကီမွန်းနှင့် စစ်ကောင်စီတွေ့ဆုံဆွေးနွေးနေစဉ် စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၆ စီးသည် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ပြုလုပ်သည်။
တချိန်တည်းတွင် စစ်သားများသည် ထိုမြို့နယ်တွင် စီးနင်းတိုက်ခိုက်မှု ၃ ကြိမ်နှင့် မီးရှို့တိုက်ခိုက်မှုများကိုလည်း လုပ်ခဲ့သောကြောင့် ကျေးရွာ ၆ ရွာမှ ဒေသခံတထောင်ကျော် နေအိမ်များကို စွန့်ခွာ ထွက်ပြေးရသည်။
ဘန်ကီမွန်းသည် တနင်္လာနေ့မွန်းလွဲချိန်တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာသွားသည်။
အင်္ဂါနေ့တွင် The Elders က ထုတ်ပြန်သည့်ကြေညာချက်တွင် ဘန်ကီမွန်းက စစ်ကောင်စီကို မြန်မာရင်ဆိုင်နေရသည့် အကျပ်အတည်းမှ ထွက်ရန် ပထမဆုံးခြေလှမ်း စ လှမ်းရန်နှင့် သက်ဆိုင်သူအားလုံးပါဝင်သည့် အပြုသဘော ဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
သို့သော် မြန်မာပြည်သူများအပေါ် ရန်လိုမှုရပ်ရန် ဘန်ကီမွန်းက ပြောသော်လည်း စစ်ကောင်စီသည် အရပ်သား ပစ်မှတ်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်နေသည်ဟု အရပ်သား အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ပြောခွင့်ရသူကပြောသည်။
“မစ္စတာဘန်ကီမွန်းရဲ့တောင်းဆိုချက်ကို စစ်ကောင်စီက အင်္ဂါနေ့မှာ ရှမ်းပြည်နယ်က ဆေးရုံတခုကို လေကြောင်းကနေတိုက်ပြီး တုံ့ပြန်လိုက်တယ်။ ဒါက ပထဆုံးခြေလှမ်းတွေလှမ်းဖို့ သူ့တောင်းဆိုမှုကို စစ်တပ်က တုံ့ပြန်မှုပဲ” ဟု NUG ပြောခွင့်ရသူ ဦးကျော်ဇော် ပြောသည်။
You may also like these stories:
“စစ်တပ်က ပထမ ခြေလှမ်း စ ရန်” ဘန်ကီမွန်း တိုက်တွန်း
နေပြည်တော်က မင်းအောင်လှိုင်ဘုရား ဘန်ကီမွန်း သွားဖူး
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၂)