အထူးဖွံ့ဖြိုးရေးအကူအညီ အစီအစဉ်အတွက် မြန်မာသို့ လှူဒါန်းထားသော ခရီးသည်တင် သင်္ဘောများကို စစ်ရေးအတွက် အသုံးပြုနေကြောင်း အတည်ပြုပြီးနောက် ဂျပန်အစိုးရက မြန်မာသို့ တရားဝင် ကန့်ကွက်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး အဆာဟိရှင်ဘွန်း သတင်းက ရေးသည်။
အထူးဖွံ့ဖြိုးရေးအစီအစဉ်ကို စစ်ရေးနှင့် မသက်ဆိုင်သော ကိစ္စများတွင်သာ အသုံးပြုရမည်ဖြစ်သောကြောင့် နောက်နောင် ထိုသို့မဖြစ်ပွားစေရန် ဂျပန်က မြန်မာကိုတောင်းဆိုလိုက်သည်ဟု သတင်းက ဆိုသည်။
ဂျပန်သည် မြန်မာသို့ ဖွံ့ဖြိုးရေးအကူအညီ အစီအစဉ်အရ သင်္ဘော ၃ စီးပေးပို့ခဲ့ရာ ကျောင်းသားများနှင့် အလုပ်သမားများ အသွားအပြန် ကိစ္စများတွင် သုံးရန် အသုံးပြုပြီး သင်္ဘော ၂ စီးကို ၂၀၁၇ ခုနှစ်နှင့် အသစ်တစီးကို ၂၀၁၉ ခုနှစ်တို့တွင် ပေးအပ်ခဲ့သည်။
ထိုသင်္ဘောများကို စစ်တပ်က အသုံးပြုနေဖွယ်ရှိကြောင်း ပြည်တွင်းသတင်းမီဒီယာများက စက်တင်ဘာလတွင် ဖေါ်ပြခဲ့ပြီးနောက် သင်္ဘော ၂ စီးကို နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စစ်သားများနှင့် လက်နက်များ သယ်ဆောင်ရာတွင် သုံးခဲ့ကြောင်း လွန်ခဲ့သောဆောင်းရာသီက နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုနိုင်ခဲ့သည်။ ထိုစဉ်က ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် လူမျိုးစုတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည်။
ထိုအစီအစဉ်၏ စည်းမျည်းများကို ထပ်မံ မချိုးဖေါက်ရန် မြန်မာက ဂျပန်ကို ကတိပေးကြောင်း သတင်းက ဆိုသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာစစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံသည် မြန်မာသို့ ဖွံ့ဖြိုးရေး အကူအညီအစီအစဉ်သစ်များ မပေးတော့ဘဲ ရပ်ဆိုင်းခဲ့သည်။ သို့သော် ဂျပန်သည် လက်ရှိပေးလက်စ ဖွံ့ဖြိုးရေး စီမံကိန်းများကိုမူ မရပ်ဆိုင်းခဲ့ပေ။
You may also like these stories:
ကန်ဂျီနာဂါအိ၏ နောက်ဆုံးဓာတ်ပုံများ ထုတ်ပြန်
ဂျပန်မှ စစ်ကောင်စီလော်ဘီ USDP ကို ထောက်ခံအရောဝင်
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့
ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်အကူအညီဖြင့် မြို့ပတ်အမြန်ရထား စဆွဲပြီ