၂၀၂၃ ခုနှစ်သင်္ကြန်ကာလ နောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ စစ်သားများသည် တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက်ကာ ပြည်သူ့ဘက် ခိုလှုံလာသူ များလာကြောင်း သတင်း ရရှိသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက “သင်္ကြန်ကာ လမှာ စကစ ဘက်က ခွင့်ပေးတာတို့၊ အပြင် ထွက်ခွင့်ပေးတာတို့ ရတယ် ထင်ပါတယ်။ ရတာနဲ့တခါတည်းကို ထွက် လာကြတာ။ ကျနော်တို့ဆီမှာရှိတဲ့ စာရင်းတွေအရဆို ချင်း၊ ကရင်နီ (ကယား) ကို ရောက်တယ်၊ KNU တပ်မဟာ တွေဆီ ရောက်တယ်၊ မဲဆောက်ကို ရောက်တယ်။ စုစုပေါင်းက ၅၀ ကျော်လောက် ရှိပါတယ်” ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်မှ စွန့်ခွာလာသူများအနက် အချို့မှာ လွတ်မြောက်နယ်မြေသို့ မရောက်သေးသူများလည်း ရှိ နေကြောင်းလည်း ဦးမောင်မောင်ဆွေက ပြောသည်။
CDM လုပ်သူများအား ကူညီဆောင်ရွက်ပေးနေသော မေမေ့ရင်ခွင်အဖွဲ့မှ တာဝန်ရှိသူတဦးက “သင်္ကြန်တွင်း မှာပဲ ကျနော်တို့အဖွဲ့ကို ချိတ်ဆက်လာတာ ၁၂ ယောက်ရှိတယ်။ CDM လုပ်ဖို့ ချိတ်ဆက်လာတာ ဒီဘက်ကို မလာဘဲ ပြည်တွင်းမှာပဲ ထွက်ပြေးတဲ့လူတွေလည်း များတယ်” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်သည့် စစ်သားဦးရေ များလာသည့်အတွက် သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့ များရှိ စစ်ခေါင်းဆောင်များက စစ်သားများအား ခွင့်ယူခြင်းကို ခွင့်မပြုခြင်း၊ အပြင်ထွက်ခွင့် ကန့်သတ်ခြင်း၊ ဖုန်း အသုံး ပြုခွင့်နှင့် လူမှုကွန်ရက် အသုံးပြုခြင်းတို့ကို ကန့်သတ် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ် နောက်ပိုင်းမှစ၍ ပြည်သူ့ဘက် ခိုလှုံသူ ပြန်လည် နည်းပါးသွားခဲ့ကြောင်း သိရသည်။
CDM ဗိုလ်မှူးတဦးက “တချို့ကလည်း အရင်ကတည်းက ထွက်ချင်ပေမယ့် အခွင့်မသာလို့ ထင်တယ်။ နောက်တခု စစ်ရေး ဖိအားများ လာလို့ ထွက်လာတာလည်း ဖြစ်မယ်” ဟု ဆိုသည်။
သင်္ကြန်ပြီးနောက်ပိုင်း ပြည်သူ့ဘက် ရပ်တည်လာသူများအနက် ရှေ့တန်း စစ်မြေပြင်မှ စစ်သည်အချို့ ပါဝင်ပြီး လက် နက်များလည်း ယူဆောင်လာသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် နေရာချထားပေးထားကြောင်း မေမေ့ရင်ခွင်အဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အရာရှိစစ်သည်အချို့သည် ပြည်သူ့ဘက် ရပ်တည်ကာ CDM ပြုလုပ်လာခဲ့ပြီး၊ ၂ နှစ်ကျော်ကာလအတွင်း CDM ပြုလုပ်လာသည့် စစ်သားဦးရေ ၃၀၀၀ ကျော် လောက် ရှိကြောင်း သိရသည်။
ထိုကဲ့သို့ CDM ပြုလုပ်လာသူများအား NUG အစိုးရ၏ ပြည်သူ့ရင်ခွင်အဖွဲ့မှ ထောက်ပံ့ပေးလျက်ရှိပြီး ပြည်သူ့ပန်းတိုင် ပြည်သူ့စစ်သား ဇနီးများ အဖွဲ့မှလည်း မိသားစုဝင်များအား နေရာချထားပေးခြင်း၊ သားသမီးများကိုလည်း ကျောင်းထားပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ။
You may also like these stories:
ကျောက်ကြီးတွင် စစ်ကောင်စီတပ် အင်အားဖြည့်နေ
စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ