မန္တလေးမြို့တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံနေရသည်။
စည်ပင်သာယာရေးကော်မတီနယ်နမိတ် မြို့ပေါ်ရပ်ကွက်နေသူများမှာ စည်ပင်ပေးသည့် ရေကို အသုံးများပြီး လက်ရှိတွင် အချိန်ကန့်ချက်ဖြင့် ရေပေးနေသလို အဝီစိတွင်းရေကို အားထားနေသည့် ပုသိမ်ကြီးမြို့နယ် အပါအဝင် မြို့သစ်ပိုင်း နေသူများမှာလည်း မီးပျက်ချိန်များသဖြင့် ရေတင်မရသည့် အခက်အခဲနှင့် ကြုံနေရကြောင်း မြို့ခံများ ကပြောသည်။
မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်သူတဦးက “ရေကို မီးလာတဲ့အချိန်လေး အမိအရတင်နေရတာပေါ့။ ရေလှောင်ကန် ကသေးတော့ ရေပြတ်တာလည်း မြန်တယ်။ရေပြတ်ရင် ဘာမှကိုလုပ်မရတော့မှာမို့ ရေကိုချွေတာပြီးသုံးနေရတယ်။ အသင်းတွေကနေ ရေလာလှူနေလို့သာ ခံသာနေတာပါ။ အခုက လူတွေအကုန်လုံးနီးပါး မီးလာချိန်ကို သတိထားပြီး လုပ်စရာရှိတာတွေ အကုန်လုပ်နေရတော့ လူနေမှုပုံစံပါ ပြောင်းသွားတယ်လို့ ပြောရမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် မန္တလေးမြို့မှ သောက်သုံးရေပြတ်လပ်နေမှု ဖြစ်ပေါ်နေသည့် ရပ်ကွက်များကို လူမှုကူညီရေးအသင်းအဖွဲ့ ၁၂ ဖွဲ့ခန့်က ရေပေးဝေကူညီမှုများ ပြုလုပ်ပေးနေသလို မီးသတ်တပ်ဖွဲ့ကလည်း ကူညီပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)မှ တာဝန်ရှိသူတဦးက “ဒီလထဲမှာ လေပြင်းတွေတိုက်ပြီး ဓာတ်ကြိုးတွေ ပြတ်၊ ဓာတ်တိုင်တွေ လဲသွားပြီးနောက်မှာတော့ မန္တလေးမှာ ရေလိုအပ်ချက်က မြင့်တက်လာတာကြောင့် တရက်ကို ရေဂါလံ တသောင်းခွဲကနေ နှစ်သောင်းလောက်ထိ နေ့စဉ်နီးပါး လှူပေးနေရပါတယ်။ ကျနော်တို့ဆီကို ဆက်သွယ်ပြီး အကူညီတောင်းလာတဲ့နေရာတိုင်းကို လုပ်ပေးနေပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)အနေဖြင့် ရေဂါလံ ၃၄၀၀ ဆံ့ ရေသယ်ယာဉ်တစီး၊ ရေဂါလံ ၂၅၀ ဆံ့ ကန် ၄ ကန်တင်ထားသော ယာဉ်တစီး၊ ရေဂါလံ ၂၅၀ ဆံ့ ကန် ၂ ကန်တင်ထားသော ယာဉ်တစီးတို့ဖြင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ရပ်ကွက်များအား ကူညီပေးနေကြောင်း ၎င်းက ဆိုသည်။
ထိုသို့ အကူအညီပေးရာတွင် ရပ်ကွက်အလိုက်ဆိုပါက အခမဲ့ကူညီပေးနေပြီး တဦးတယောက်၊ တအိမ်တည်းအတွက်ဆိုပါ က စက်သုံးဆီဖိုး အလှူငွေကောက်ခံကြောင်း သိရသည်။

မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက “ဒီရက်ပိုင်းထဲမှာ တရက်ကို ရပ်ကွက် ၁၅ ခုလောက်ထိ ရေပေးနေရ တယ်။ မီးကပျက်၊ ရေကလည်းပြတ်ဆိုတော့ တော်တော်များများ ဒုက္ခရောက်ကြရတယ်။ နှစ်လပိုင်းကုန်လောက်ကစ ပြီး အချိန်နဲ့ပေးနေတဲ့ လျှပ်စစ်မီးကလည်း အခုရက်ပိုင်းထဲ တနေကုန်နီးပါး ပျက်နေတာဆိုတော့ ကျနော်တို့အသင်းတွေက ရေတွင်းတွေကနေ စက်နဲ့မောင်းတင်ပြီး ရေလှူပေးနေကြတာပါ” ဟု ပြောသည်။
ထို့သို့ သောက်သုံးရေအခက်အခဲအပြင် အပူချိန်မြင့်တက်နေခြင်းများကြောင့်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် မကျန်းမာသူများအနေဖြင့် အပူဒဏ်ကိုခံစားနေကြရသလို အချိန်ကြာမြင့်စွာ မီးပျက်ခြင်းတို့ကြောင့် လူမှုရေး၊ ကျန်းမာ ရေး၊ စီးပွားရေးပြဿနာများကိုပါ ရင်ဆိုင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၁ ရက် ညပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များလဲခြင်း၊ သစ်ပင်များပြိုလဲခြင်းကြောင့် ဓာတ်အားလိုင်း ပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းနှင့်အတူ အချိန်ပိုင်းဖြင့် ဓာတ်အားဖြန့်ဖြူး နေရသောကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရေပေးဝေရေးလုပ်ငန်းများ အဆင်မပြေဖြစ်ရသည့် အပေါ် မြို့နေလူထုအနေဖြင့် သည်းခံပေးကြရန်ဟု မန္တလေးတိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း-MESC က ထုတ်ပြန်ထားသည်။
ချမ်းမြသာစည်မြို့နယ်မှ လျှပ်စစ်ဝန်ထမ်းအငြိမ်းစားတဦးက “အခုက မီးလာတဲ့အချိန်ဆိုရင် အားလုံးနီးပါးက ရေတင်ကြ တော့ အချို့နေရာတွေမှာဆိုရင် ထရန်စဖော်မာကကို လိုင်းတွေပြုတ်ကုန်တာ ရှိတယ်။ မီးလာတဲ့အချိန်က မမှန်တော့လည်း မီးလာတဲ့အချိန်လေးမှာ ရေတင်၊ ဖုန်းအားသွင်း၊ အားသွင်းမီးလုံးတွေ အားသွင်းနဲ့ဆိုတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရ ဘူးလေ။ အကယ်၍များ ရပ်ကွက်တခုလုံးသုံးတဲ့ ထရန်စဖော်မာသာပျက်ရင် ငွေမပေးမချင်း EPC က လာလုပ်မပေးသလို အသစ်လဲပေးဖို့လည်း အပိုပစ္စည်းတွေမရှိဘူး” ဟု ပြောသည်။
လက်ရှိတွင် မန္တလေးမြို့၌ လျှပ်စစ်မီးပေးသည့်စနစ်မှာ ၃ နာရီလာ ၉ နာရီပျက် ပုံစံမျိုးဖြင့် ပေးနေခြင်းဖြစ်သော်လည်း ပုံမှန်မပေးနိုင်သလို ဝန်အားမနိုင်သည့် အခြေအနေများလည်း ကြုံနေရကြောင်း ချမ်းမြသာစည်မြို့နယ်မှ ကျောက်သွေး ကျောက်ဖြတ်လုပ်ငန်းရှင်တဦးက ဆိုသည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “လျှပ်စစ်မီးပျက်တဲ့ဒဏ်ကို ကျေးလက်ထက် မြို့ပြနေလူတွေက ပိုခံစားကြရတယ်။ နွေရာသီဆိုရင် ရေခမ်းပြီး ဓာတ်အားတွေလျော့တတ်တာ ထုံးစံလို ဖြစ်နေတာကြာပြီ။ နွေရာသီမှာ လျှပ်စစ်မီး ပိုလိုအပ် လာမယ်ဆိုတာသိရဲ့သားနဲ့ စစ်ကောင်စီက ကြိုတင်ပြင် ဆင်မှု လုံးဝမရှိခဲ့ဘူး။ စစ်ကောင်စီက ပြည်သူအပေါ်မှာ စေတနာ မရှိတာ သိသာတယ်။ တာဝါတိုင်တွေ၊ ဓာတ်အားခွဲရုံတွေ၊ ဓာတ်အားလိုင်းတွေကို တော်လှန်ရေးအုပ်စုတွေက မိုင်းမခွဲ လည်း သူတို့ လျှပ်စစ်မီးပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟုလည်း မှတ်ချက်ပြုသည်။
စစ်တပ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများအနက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှာ ပိုဆိုးလာနေပြီး ထိုသို့ မီးပျက်ရခြင်းမှာ နွေရာသီရောက်လာသဖြင့် ရေအားလျှပ်စစ်စက်ရုံများ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုလျော့ကျခြင်း၊ တော်လှန်ရေးအင်အားစုများက မဟာဓာတ်အားလိုင်းများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းတို့ ကြောင့်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိသည်။
You may also like these stories:
အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ
ကရင်နီစစ်ရှောင်များ ရေရှားမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံနေရ
ဒီးမော့ဆို စစ်ရှောင်စခန်းတွင် ကလေး ၃၀ ကျော် ရေကျောက်ရောဂါ ဖြစ်ပွားနေ