KK Park ကဲ့သို့သော တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်သည်ဟု ယူဆရသူ ခေါင်းဆောင် ၅ ဦးကို စုံစမ်းအရေးယူမည် ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက အကြောင်းပြန်ကြားထားကြောင်း တပ်မဟာ-၅ ထိပ်ပိုင်းတာဝန်ရှိသူတဦး က အတည်ပြုသည်။
KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ကျင်းပနေစဉ်အတွင်း တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများအား ဦးစွာဖော်ထုတ်အရေးယူရန် တပ်မဟာ-၅(မူတြော်ခရိုင်) တာဝန်ရှိသူများ၏ အကြံပြုချက်များနှင့်ပတ်သက်၍ KNU က ထိုသို့ အကြောင်းပြန်ထားခြင်းဖြစ်သော်လည်း စုံစမ်းအရေးယူမည့် အချိန်အတိကျကိုမူ ဖော်ပြထားခြင်း မရှိပေ။
ကရင်ဘာသာဖြင့် ရေးသားထားသည့် ဧပြီ ၂၇ ရက်စွဲပါ ပြန်ကြားစာတွင် KNU အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ နှင့် မလွတ်ကင်းသော တရားမဝင်စီးပွားရေးလုပ်ငန်း၊ မူးယစ်ဆေးဝါး၊ လူမှောင်ခိုကုန်ကူး စသည့်လုပ်ငန်းများ၌ ပါဝင်ပတ် သက်သည်ဟု ယူဆရသည့် KNU ကာကွယ်ရေးဝန်ကြီး ပဒိုစောရော်ဂျာခင်၊ တပ်မဟာ-၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စော ဖောဒို၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏သား စောဒို့စိုး၊ တပ်မဟာ-၄ ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး စောတင်စိုး(ခ) ပဒို စောအယ်နာဒိုနှင့် ဗိုလ်မှူးကြီး စောဘချောတို့အား စုံစမ်းစစ်ဆေးပြီး ပတ်သက်မှုရှိကြောင်းထင်ရှားပါက KNU ၏ ဥပဒေနှင့်အညီ အရေးယူမည်ဟု ဖော်ပြထားသည်။
KNU ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပဒိုစောရော်ဂျာခင်သည် ဒေသတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အဓမ္မစေခိုင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုများဖြင့် နာမည်ဆိုးကျော်ကြားသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ ဆက်နွယ်နေသော KK Park စီမံကိန်း အုတ်မြစ်ချပွဲတွင် တက်ရောက်ခဲ့သူဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာ၌ ပေါက်ကြားလာသည့် စီမံကိန်းစာချုပ်တွင်လည်း ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိနေသည့် တရုတ်မြို့သစ်စီမံကိန်းများတွင် KNU ခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေမှုအပေါ် စုံစမ်းဖော်ထုတ်ကာ ကျူးလွန်သူများအား အပြစ်ပေးအရေးယူပြီးမှသာ ကရင်တမျိုးသားလုံး၏ သဘောထားရယူမည့် ကွန်ဂရက်ကျင်းပသင့်ကြောင်း တပ်မဟာ-၅(မူတြော်ခရိုင်) တာဝန်ရှိသူ များက KNU ဗဟိုထံ အကြံပြုပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ အကြံပြုချက်များအား တာဝန်ယူဖြေရှင်းခြင်းမရှိပါက ကွန်ဂရက်အတွင်း ရွေးကောက်ခံခြင်းနှင့် မဲပေးခြင်းတို့တွင် ပါဝင်သွားမည် မဟုတ်ကြောင်းလည်း တပ်မဟာ-၅ ဘက်က ဆိုထားသည်။
အဆိုပါအကြံပြုချက်နှင့်ပတ်သက်ပြီး KNU ဗဟိုက လူပုဂ္ဂိုလ် ၅ ဦး အမည်တပ်ကာ စုံစမ်းအရေးယူမည့်အကြောင်း ပြန် ကြားထားသော်လည်း လက်ရှိတွင် မည်သို့ဆောင်ရွက်လျက်ရှိသည်ကို ရှင်းလင်းစွာ အသိပေးချပြခြင်း မရှိသေးဘဲ KNU ကွန်ဂရက်အား ဆက်လက်ကျင်းပကာ ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို ယနေ့ ရွေးချယ်ခဲ့သည်။
KNU ဗဟို၏ အကြောင်းပြန်ကြားစာပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး ဧရာဝတီက KNU ဗဟိုတာဝန်ရှိသူအချို့ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
အဆိုပါအခြေအနေများနှင့်ပတ်သက်ပြီး ကရင်အရပ်ဘက်အဖွဲ့အစည်းများကြားတွင်လည်း ဝေဖန်မှုများရှိနေပြီး တရားမဝင် လုပ်ငန်းများနှင့် ပတ်သက်သည်ဟု ယူဆရသူများကိုယ်တိုင် ခေါင်းဆောင်သစ်များတွင် ပါဝင်လာပါက စုံစမ်းအရေးယူရန် အဆင်မပြေနိုင်တော့ကြောင်း ကရင့်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦးက ပြောသည်။
၎င်းက “ကွန်ဂရက်က သူတို့ကို အပြစ်ပေးအရေးယူတာမလုပ်ဘဲနဲ့ ကွန်ဂရက်ပြီးမှသာ တက်လာတဲ့ ခေါင်းဆောင်သစ်တွေ က နာမည်ထွက်လာတဲ့ ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးအရေးယူတာ လုပ်မယ်ပေါ့။ စုံစမ်းစစ်ဆေးလို့ ဆက်စပ်ရင် အရေးယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိတယ်။ သို့ပေမယ့် စုံစမ်းစစ်ဆေးရေးကိုဦးဆောင်မယ့် ဒီခေါင်းဆောင်တွေက နာမည် ထွက်နေတဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ သူတို့သာ ရာထူးကြီးပြန်ရမယ်ဆိုရင် ဒီစုံစမ်းစစ်ဆေးရေးက သူ ခိုးတဲ့ဟာ သူ့ကို ပြန်စုံစမ်းခိုင်းတော့ အမှုမှန်က ဘယ်မှာသွားပေါ်တော့မလဲပေါ့” ဟု ဝေဖန်ပြောဆိုသည်။
KNU ဗဟိုခေါင်းဆောင်များကိုရွေးချယ်သော ၁၇ ကြိမ်မြောက်ကွန်ဂရက်ကို ဧပြီ ၂၄ ရက်မှစတင်ပြီး KNU နယ်မြေတနေရာ တွင် ပြုလုပ်နေခြင်းဖြစ်ကာ မေလ ၁ ရက်၌ KNU ၏ အမြဲတမ်းဗဟိုကော်မတီဝင် ၄၅ ယောက်ကို ရွေးချယ်တင်မြှောက်ခဲ့ သလို ယနေ့(မေ ၂ ရက်)တွင်လည်း ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ကာ မနက်ဖြန်တွင် ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး (၁)၊ အထွေထွေအတွင်းရေးမှူး (၂)တို့ကို ရွေးချယ်မည်ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကဲ့သို့ တရုတ်ရာဇဝတ်ဂိုဏ်းများ ဆက်နွယ်နေ သည့် စီမံကိန်းများတွင် ပါဝင်ပတ်သက်နေသော KNU ထိပ်ပိုင်းခေါင်းဆောင်အချို့အား အရေးယူရန်ပျက်ကွက်နေသည့် အတွက် ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံး နုတ်ထွက်ပေးရန်အထိ ကမ္ဘာတဝှမ်းမှ ကရင်အရပ်ဘက်အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသည်။
You may also like these stories:
KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ပြန်လည်ကျင်းပ
BGF နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှု ကရင်အရပ်ဘက်အဖွဲ့များ ဝေဖန်
ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း
နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်