ရုရှားနိုင်ငံသည် ရေနံစိမ်းစည်ပေါင်း ၃ သန်းကို တနေ့လျှင် စည်ပေါင်း တသိန်းနှုန်းဖြင့် တရုတ်သို့ မြန်မာပိုက်လိုင်းမှ တဆင့် ဖေဖေါ်ဝါရီလမှ စတင် တင်ပို့နေသည်ဟု ဗြိတိန်နိုင်ငံအခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် ကမ္ဘာ့စွမ်းအင်သတင်းအချက်အလက် ဆိုင်ရာ ထိပ်တန်း အဖွဲ့အစည်းဖြစ်သော Energy Intelligence ကဖေါ်ပြသည်။
ရုရှားသည် ၎င်း၏ရေနံစိမ်းများကို မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် မဒေးကျွန်းရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းရှိ PetroChina ပိုင် ရေနံချက်စက်ရုံသို့ ကီလိုမီတာ ၇၇၀ ရှည်သောပိုက်လိုင်းဖြင့် တင်ပို့နေကြောင်း သီးခြားလွတ်လပ်သော သင်္ဘောတင်ပို့မှု ဆိပ်ကမ်းအချက်အလက်များကို အခြေခံပြီး Energy Intelligence က ဖေါ်ပြသည်။
တရုတ်သို့ မြန်မာပိုက်လိုင်းမှတဆင့် ရုရှားရေနံတင်ပို့ခြင်းသည် ရုရှားရေနံ တင်ပို့သူများက အာရှတွင် လမ်းကြောင်းသစ် စမ်းသပ်ခြင်းဖြစ်သည်ဟု Energy Intelligence ကဖေါ်ပြသည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ရုရှားရေနံစိမ်းကို ဥရောပသမဂ္ဂက ပိတ်ပင်ပြီးနောက် အာရှသည် ရုရှားမှ ရေနံစိမ်းအများအပြား တင်သွင်းနေသည်။
ဧပြီလအစောပိုင်းတွင် ဒူဘိုင်းအခြေစိုက် Sun Ship Management က ပိုင်ဆိုင်သည့် လီယွန်နစ်လိုဇာ ရေနံတင် သင်္ဘောသည် ရေနံစိမ်း စည်ပေါင်း တသန်းကို ကျောက်ဖြူတွင် ချထားခဲ့ကြောင်း သိရသည်။ ထိုရေနံတင်သင်္ဘောသည် ရုရှားနိုင်ငံပင်လယ်နက်ဆိပ်ကမ်း နိုဗိုရော့ဆီယစ်မှ ရေနံများကို တင်ဆောင်လာခြင်းဖြစ်ကြောင်း Energy Intelligence ကဖေါ်ပြသည်။
ထိုဆိပ်ကမ်းမှပင် အလားတူပမာဏရှိသော ရေနံစိမ်းများ တင်ဆောင်လာသည့် ပနာမားအလံတင်ရေနံတင် သင်္ဘော Fjord Seal မြန်မာသို့ ဦးတည်ခုတ်မောင်းနေကြောင်း Energy Intelligence က ဖေါ်ပြသည်။
ရုရှားသည် ၎င်း၏ရေနံစိမ်းများအတွက် အာရှမှ ဝယ်လက်သစ်များရှာနေပြီး အိန္ဒိယနှင့် တရုတ်သည် ရုရှားမှ ရေနံစိမ်း အများအပြား ဝယ်ယူနေပြီးဖြစ်သည်ဟု Energy Intelligence က ဧပြီလအစောပိုင်းတွင် ဖေါ်ပြသည်။
လွန်ခဲ့သောလအတွင်း မြန်မာသည် ရုရှားရေနံများကို မကြာခဏ ရရှိနေသည်။ မြန်မာစစ်ကောင်စီက ရုရှားရေနံများကို မည်သို့ ပေးချေသည်ကို ရှင်းလင်းစွာ မသိရကြောင်း Energy Intelligence က ဖေါ်ပြသည်။
တရုတ်သို့ ရေနံစိမ်းတင်ပို့နေသည့် ပိုက်လိုင်းကို PetroChina ၏ မိခင်ကုမ္ပဏီဖြစ်သော တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်းက ၅၀ ဒသမ ၉ ရာခိုင်နှုန်းပိုင်ဆိုင် စီမံခန့်ခွဲသည်။ ကျန်ရှယ်ယာများကို မြန်မာစစ်ကောင်စီပိုင် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ပိုင်ဆိုင်သည်။
လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ဥရောပသမဂ္ဂသည် စစ်ကောင်စီအရာရှိများ၊ စစ်ကောင်စီနှင့် ပတ်သက်သော ခရိုနီများနှင့် MOGE အပါအဝင် စစ်ကောင်စီထိန်းချုပ်သည့် လုပ်ငန်းများကို အရေးယူပိတ်ဆို့ခဲ့သည်။
MOGE သည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းများကို အကြီးမားဆုံး ငွေကြေးထောက်ပံ့နေသည့် ဝင်ငွေရင်းမြစ်ဖြစ်သည်။
မြန်မာဓာတ်ငွေ့လုပ်ငန်းတွင် ဗြိတိန်ကုမ္ပဏီများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို ကိုးကားပြီး Burma Campaign UK ကလည်း MOGE ကို အရေးယူရန် ဗြိတိန်အစိုးရကိုတောင်းဆိုနေသည်။
MOGE ကို ပိတ်ဆို့အရေးယူရန် စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်နေသည့် Justice For Myanmar (JFM) ကလည်း အမေရိကန်နှင့် ဂျပန်အပါအဝင် အစိုးရများကို တောင်းဆိုသည်။
“MOGE အပေါ် အရေးယူပိတ်ဆို့မှုက အရပ်သားတွေကို ပိုမိုအကြမ်းဖက်တိုက်ခိုက်ဖို့ စစ်ကောင်စီအတွက် ဝင်ငွေ မရသွားစေရာမှာ အရေးကြီးတယ်။ အရပ်သားတွေကို အခုလို တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်” ဟု JFM ပြောခွင့်ရသူ မရတနာမောင်ပြောသည်။
You may also like these stories:
လူ့အခွင့်အရေး စိုးရိမ်မှုများကြောင့် ဥရောပ ဆည်လုပ်ငန်း ပညာရှင်များ မြန်မာမှ ထွက်ခွာ
မိုင်းတွင်းများ UWSA ပိတ်မည်ဆိုသောကြောင့် ခဲမဖြူ ဈေးခုန်တက်
ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်
ဗြိတိန်က ပိတ်ဆို့အရေးယူသည့် ဒေါ်ကျောက်ကြားရွှေ ဘယ်သူလဲ