ထိပ်တန်း ထိုင်းဝန်ကြီးချုပ်လောင်း ပေတောင်တန် ရှင်နာဝပ်သည် ရွေးကောက်ပွဲမတိုင်မီ ၂ ပတ်အလိုတွင် သားယောင်္ကျားလေးတဦးဖွားမြင်သည်။
အတိုက်အခံဖွေထိုင်းပါတီကို ဦးဆောင်သည့် ပေတောင်တန် ရှင်နာဝပ်က ဖရီသာဆင် ဆပ်ဆာဝပ်ကို ဖွားမြင်ကြောင်း အင်စတာဂရမ်တွင် ဆေးရုံမှ ဓာတ်ပုံတခုဖြင့် ကြေညာသည်။
“ထောက်ခံမှုအားလုံးအတွက် ကျေးဇူးတင်ပါတယ်” ဟု အသက် ၃၆ နှစ်ရှိပြီဖြစ်သော ပေတောင်တန် ရှင်နာဝပ်က ထောက်ခံသူသန်းထက်ဝက်ရှိသော သူ၏အင်စတာဂရမ် စာမျက်နှာတွင်ရေးသားသည်။ “မေမေ ခွန်အားပြန်လည်ပြည့်လာအောင် အချိန်အရင်ပေး ပြီးမှ သတင်းမီဒီယာနဲ့တွေ့ဆုံမယ်” ဟုလည်း သူရေးသားသည်။
ယခု ဖွားမြင်သည့် ကလေးသည် ပေတောင်တန်၏ ဒုတိယကလေးဖြစ်သည်။ ဓာတ်ပုံတွင် ထိုကလေးကို အဝါဖျော့ရောင်အနှီး ဝတ်ဆင်ထားပေးပြီး ဖခင်ဖြစ်သူက ပွေ့ပိုက်ထားသည့်ပုံကို ဖေါ်ပြသည်။
ပေတောင်တန်သည် မဲဆွယ်ပွဲ စတင်ပြီးနောက် မဲဆန္ဒရှင်များ၏ ပထမ သို့မဟုတ် ဒုတိယ ထောက်ခံမှု အများဆုံး ဝန်ကြီးချုပ်လောင်း ဖြစ်နေသည်။ သူသည် လူထုသဘောထားစစ်တမ်းများတွင် တိုးတက်သော Move Forward Party မှ ပီတ လင်ဂျာရိုရန်ရက်နှင့် တလှည့်စီ ထိပ်ဆုံးမှ ပြေးနေသည်။
မကြာသေးမီက စစ်တမ်းများတွင် အတိုက်အခံပါတီများသည် မေလ ၁၄ ရက်နေ့ရွေးကောက်ပွဲအတွက် အပြတ်အသတ် အားသာနေသည်။ ထိုရွေးကောက်ပွဲသည် ပေတောင်တန်၏ အဒေါ် ယင်လပ်ရှင်နာဝပ်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချသူ စစ်တပ်အကြီးအကဲမှ အာဏာရလာသူ ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာအတွက် ပြဿနာရှိမည့် ရွေးကောက်ပွဲဖြစ်နိုင်သည်။
ပေတောင်တန်၏ဖခင် ယင်လပ်၏အကို ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်ရှင်နာဝပ်သည်လည်း ၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှုတွင် ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။ သက်ဆင်နှင့် ယင်လပ် နှစ်ဦးလုံးသည် ထောင်ဒဏ်ချမှတ်ခံထားရသောကြောင့် ပြည်ပတွင် သွားရောက်နေထိုင်ရသည်။ ထိုအမှုများသည် ၎င်းတို့ နိုင်ငံရေးလောကသို့ ပြန်ဝင်မရအောင် လုပ်ကြံထားသည့်အမှုများဖြစ်ကြောင်း ၎င်းတို့၏မဟာမိတ်များပြောသည်။
၂၀၁၉ ရွေးကောက်ပွဲအပြီး အရပ်သား ဝန်ကြီးချုပ်ဖြစ်လာသူ ပရာယွဒ်သည် ဧပြီလလယ်က ကောက်ယူသည့် စစ်တမ်းများတွင် လူထုထောက်ခံမှု ၁၃ ဒသမ ၇၂ ရာခိုင်နှုန်းသာရပြီး ဝန်ကြီးချုပ်လောင်းများတွင် စတုတ္ထနေရာတွင်သာ ရောက်နေသည်။
သို့သော် ပရာယွဒ်သည် သူ ၅ နှစ်ကျော်ဦးဆောင်ခဲ့သည့် စစ်တပ်က ခန့်ထားသည့် ကိုယ်စားလှယ် ၂၅၀ ရှိသော အထက်လွှတ်တော်ထံမှ အကူအညီ ရနိုင်သည်။
အထက်လွှတ်တော်သည် ဝန်ကြီးချုပ်ရာထူးအတွက် မဲပေးနိုင်သောကြောင့် အထက်လွှတ်တော်က ပါတီငယ်များကို ထောက်ခံပါက ကိုယ်စားလှယ် ၅၀၀ ရှိသော အောက်လွှတ်တော်တွင် မဲအများဆုံးရသည့် ပါတီခေါင်းဆောင်သည် ဝန်ကြီးချုပ်ရာထူး ရရန် ခက်ခဲသော အခြေအနေမျိုးဖြစ်သည်။
You may also like these stories:
၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ
မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်
ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ
ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ ရွေးကောက်ပွဲတွေ ဘာကွာလဲ
ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်