နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာမှ သက်ဆိုင်သူအားလုံးကို ထောက်ခံသင့်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖရိုဖရဲဖြစ်နေသော နိုင်ငံတွင် ငြိမ်းချမ်းရေး ရရန် နိုင်ငံရေးဆွေးနွေးမှုမှတဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုပြန်လည်စတင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တနင်္လာနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်ကို ပြောကြားလိုက်သည်။
တနင်္လာနေ့က နိုလင်းဟေဇာနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်သည် ကပ်လျှက်တည်ရှိသော အိမ်နီးချင်းနိုင်ငံတခုဖြစ်သောကြောင့် မြန်မာ တည်ငြိမ်တိုးတက်ရေး အခြားနိုင်ငံအားလုံးထက် ပိုမိုလိုလားသည်ဟု ပြောကြားသော်လည်း မြန်မာပြဿနာနောက်ခံသည် ရှုပ်ထွေးပြီး အလွယ်တကူဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပြောသည်။ အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပေါ်ပေါက်နေသောကြောင့် မြန်မာတွင် အကြမ်းဖက်မှုများဖြစ်ပွားနေသည်။
ချင်သည် မြန်မာနိုင်ငံသို့ မေလ ၂ ရက် မသွားရောက်မီ ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ပြီး သူသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ချင်က စစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံပါက မြန်မာ စစ်ကောင်စီနှင့် မြောက်ပိုင်းအိမ်နီးချင်း တရုတ်အကြား ဆက်ဆံရေး ပိုမိုနွေးထွေးလာသည့် လက္ခဏာဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်သည် စစ်အာဏာသိမ်းမှုကို မရှုတ်ချသော်လည်း မည်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးမျှ စစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံခြင်း မရှိသေးပေ။
ချင်မတိုင်မီ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲ ကမကထပြုရန် လွန်ခဲ့သောနှစ်က မြန်မာသို့ လာရောက်ခဲ့သော်လည်း မင်းအောင်လှိုင်ကို မတွေ့ဆုံခဲ့ပေ။ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်က ဝမ်၏ ခရီးစဉ်သည် စစ်ကောင်စီကို အသိအမှတ် ပြုသည့် သဘော မသက်ရောက်ကြောင်း ထိုစဉ်ကရေးသားခဲ့သည်။
သို့သော် အမေရိကန် ကွန်ဂရက်က ဘားမားအက်ကို ပြဋ္ဌာန်းပြီး မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများကို ငွေကြေးနှင့် နည်းပညာ အကူအညီ ခွင့်ပြုလိုက်သောအခါ ဘေ့ဂျင်းသည် ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်တင်လိုက်သည်။ အထူးသဖြင့် လွန်ခဲ့နှစ်နှောင်းပိုင်းတွင် စတင်အရှိန်မြှင့်တင်ခြင်းဖြစ်သည်။
ဟေဇာသည် လွန်ခဲ့သောနှစ်က မြန်မာသို့ လာရောက်ပြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သော်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေး မည်သည့်တိုးတက်မှုမျှ မရရှိခဲ့ပေ။
ဟေဇာနှင့် တနင်္လာနေ့က တွေ့ဆုံစဉ် ချင်က တရုတ်နိုင်ငံသည် မြန်မာတွင် သူ၏ ကြားဝင်စေ့စပ်ရေးအားထုတ်မှုများကို ထောက်ခံကူညီရန် စိတ်အားထက်သန်ကြောင်း ပြောသည်။
“တင်းမာမှုမြင့်မားတာကို တားဆီးပြီး အကျပ်အတည်း ကျယ်ပြန့်လာမှာကို တားဆီးဖို့ ကျနော်တို့ စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် လက်တွေ့ကျကျ လုပ်ဖို့လိုတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးပြောကြောင်း တရုတ်နိုင်ငံပိုင် CGTN သတင်းဌာနက ဖေါ်ပြသည်။
တွေ့ဆုံဆွေးနွေးခြင်းသည် အတိတ်ကိုပြောင်းလဲမရသော်လည်း အနာဂတ်ကို အပြောင်းအလဲဖြစ်စေနိုင်သည်ဟု ဟေဇာပြောသည်။
တရုတ်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ မြန်မာတွင် ကြားဝင်စေ့စပ်ရေး အားထုတ်မှုများကိုလည်း ထောက်ခံပြီး နိုင်ငံတကာာအသိုက်အဝန်းအနေဖြင့် ASEAN ၏ ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖေါ်ရေးကို အားပေးသင့်ကြောင်းပြောသည်။ ထိုအစီအစဉ်တွင် အကြမ်းဖက်မှု အဆုံးသတ်ရန်၊ သက်ဆိုင်သူအားလုံး တွေ့ဆုံ ဆွေးနွေးရန်နှင့် အခြားအချက်များကိုလည်း တောင်းဆိုထားသည်။
ဘုံသဘောတူညီချက် ၅ ချက်ဟုခေါ်သည့် ထိုငြိမ်းချမ်းရေးအစီအစဉ်ကို ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့သော်လည်း စစ်ကောင်စီက ထိုအစီအစဉ်ကို လေးစားလိုက်နာခြင်း မရှိပေ။
You may also like these stories:
မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ
ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့