တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မတည်ငြိမ်သည့် တရုတ်မြန်မာနယ်စပ်သို့ အင်္ဂါနေ့တွင် ထူးထူးခြားခြားရောက်လာပြီး မြန်မာနှင့် နယ်စပ်တလျှောက် တည်ငြိမ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်လှုပ်ရှားမှုများ တိုက်ဖျက်ရေးကို တောင်းဆိုလိုက်သည်။
၂၁၂၉ ကီလိုမီတာ (၁၃၂၃ မိုင်) ရှည်လျှားသော တရုတ်မြန်မာနယ်စပ်သည် သစ်တော ထူသောတောင်များကြားမှ ဖြတ်သန်းသွားပြီး လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ဆုံတွေ့ သည့် ရွှေတြိဂံဒေသမှ တရုတ်သို့ မူးယစ်ဆေးများမှောင်ခိုသွင်းခြင်းအတွက် အမည်ဆိုး ကျော်ကြားသည်။
မြန်မာတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ထွန်းကားလာနေပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အားထုတ်မှုများ မရှိတော့ဘဲ နှေးကွေးသည့် စီးပွားရေးကြောင့် လူအများအပြားသည် မူးယစ်မှောင်ခိုခြင်းကို အားကိုးနေရသောကြောင့် ဘိန်းစိုက်ပျိုးမှုသည် လွန်ခဲ့သောနှစ်အတွင်း ၃ ပုံတပုံ တိုးလာသည်ဟု ကုလသမဂ္ဂက ပြောသည်။
သူ၏ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းက ဒေသဆိုင်ရာ ကွန်မြူနစ်ပါတီ၊ အစိုးရဌာနများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ရဲနှင့် အရပ်သားအဖွဲ့အစည်းများသည် နယ်စပ်ကာကွယ်ရေးစနစ်တောင့်တင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြောသည်။
ထူးခြားတည်ငြိမ်သော နယ်စပ်များ ထိန်းသိမ်းရေးတွင် တိုးတက်မှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအား အပြင်းအထန်နှိမ်နင်းရေးတို့ကို ချင်တောင်းဆိုသည်။
“နယ်စပ်စီမံခန့်ခွဲရေး၊ နယ်စပ်ကုန်သွယ်မှုတိုးတက်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ညှိနှိုင်းဖို့ လိုတယ်” ဟု သူပြောကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။
မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ နယ်စပ်တွင် မကြာခဏဖြစ်ပေါ်ပြီး ဒုက္ခသည်များ တရုတ်ပြည်သို့ရောက်လာသလို တခါတရံ မော်တာကျည်ဆံများပါ တရုတ်နိုင်ငံအတွင်း ကျရောက်တတ်သည်။
တရုတ်နိုင်ငံသည် ဘက်အားလုံးနှင့် အဆက်အသွယ်များ ထိန်းသိမ်းထားသော်လည်း အခြေအနေ မည်သို့ပြောင်းလဲသည်ဖြစ်စေ မြန်မာကိုထောက်ခံမည်ဟုပြောပြီးနောက် စစ်ကောင်စီကို ပြတ်ပြတ်သားသားထောက်ခံကြောင်း ဖေါ်ပြသောကြောင့် ဝေဖန်ခံနေရသည်။
ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို စစ်တပ်ကဖြုတ်ချပြီးနောက် မြန်မာတွင် အကြမ်းဖက်မှုများဖြစ်ပွားနေသည်။ ထိုအာဏာသိမ်းမှုကို လူထုက အကြီးအကျယ်ဆန့်ကျင်ပြီး စစ်ကောင်စီတပ်များက သတ်ဖြတ်နှိမ်နင်းသောကြောင့် ကျယ်ပြန့်သော လက်နက်ကိုင်ခုခံတော်လှန်ရေး ဖြစ်ပွားနေသည်။
လုံခြုံရေးစိန်ခေါ်မှုများရှိသော်လည်း တရုတ်သည် နှစ်ဘက် တရားဝင်ကုန်သွယ်မှုကို အားပေးကာ ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးအတွင်း ရက်ပေါင်း ၁၀၀၀ ကျော် ပိတ်ထားသောနယ်စပ်များကို မကြာသေးမီက ပြန်လည် ဖွင့်လှစ်ပေးသည်။
ဝမ်တိန်-ရွှေလီ နယ်စပ်ဂိတ်သို့ သွားရောက်လည်ပတ်စဉ် ချင်က နှစ်ဘက်လုံးမှ စီးပွားရေးနှင့် အခြားတိုးတက်မှုများကို အထောက်အကူဖြစ်စေမည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်အယူအဆကို အားပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ချင်၏ နယ်စပ်ခရီးစဉ်သည် နေပြည်တော်သို့ မသွားမီ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပြင် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ပါ တွေ့ဆုံမည် ဖြစ်သည်။
ချင်သည် ယမန်နေ့ကလည်း ဘေဂျင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာနှင့် တွေ့ဆုံခဲ့သေးပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာမှ သက်ဆိုင်သူအားလုံးကို ထောက်ခံသင့်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖရိုဖရဲဖြစ်နေသော နိုင်ငံတွင် ငြိမ်းချမ်းရေး ရရန် နိုင်ငံရေးဆွေးနွေးမှုမှတဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုပြန်လည်စတင်သင့်ကြောင်း ပြောဆိုခဲ့သည်။
ကိုးကား။ ။ AP နှင့် CGTN
You may also like these stories:
မြန်မာတွင် “နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေး” တွေ့ဆုံဆွေးနွေးရန် တရုတ်တောင်းဆို
မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ
ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့