ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ၁၇ ကြိမ်မြောက်ကွန်ဂရက်တွင် အစည်းအရုံး၏ ဒုဥက္ကဋ္ဌရာထူး အပါအဝင် အတွင်းရေးမှူးရာထူး ၃ နေရာနှင့် တရားသူကြီးချုပ်ရာထူးတို့ကို ယနေ့ (မေလ ၃ ရက်) ရွေးချယ်ပြီးသွားပြီဖြစ်ကြောင်း KNU သတင်းရင်းမြစ်အချို့က ဆိုသည်။
KNU ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပဒိုစောတာဒိုမှူး၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် ပဒိုစောသောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ပဒိုစောလှထွန်းနှင့် တရားသူကြီးချုပ်အဖြစ် ပဒိုနော်မြိုင် ဖိုးတို့ကို မဲပေးရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်တဦးက ပြောသည်။
ကွန်ဂရက်ကို ဧပြီ ၂၄ ရက်မှစ၍ အွန်လိုင်းနှင့် လူကိုယ်တိုင်တက်ရောက်မှုဆိုသည့် ပုံစံနှစ်မျိုးပေါင်းစပ်ကာ ကျင်းပနေ ခြင်းဖြစ်ပြီး မေလ ၂ ရက်တွင် ဥက္ကဋ္ဌရာထူး ရွေးချယ်ခဲ့ပြီးနောက် ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တရားသူကြီးချုပ်တို့ကို ယနေ့ ဆက်လက်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ပဒိုစောဆဲဂေသည် ယခင်က KNU မုန်းမြို့နယ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ကာ KNU တပ်မဟာ ၃ အခြေစိုက်ရာ ညောင်လေးပင်ခရိုင်၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာတွင် ပြုလုပ်သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို KNU က လက်မှတ်ထိုးသော အခမ်းအနားတွင် ပဒိုစောဆဲဂေ တက်ရောက်ခဲ့ သလို စစ်အာဏာသိမ်းမှုမဖြစ်ခင်အထိ အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် အဖြစ်လည်း တာဝန်ယူခဲ့သည်။
ပဒိုစောသောသီဘွဲသည် ယခင်က KNU တွဲဖက်အတွင်းရေးမှူး(၁) တာဝန်နှင့် KNU ဘဏ္ဍာရေးမှူးတာဝန် ယူခဲ့သူဖြစ် ကြောင်း KNU သတင်းရင်းမြစ်အချို့က ဆိုသည်။
ပဒိုစောတာဒိုမှူး၊ ပဒိုစောလှထွန်းနှင့် ပဒိုနော်မြိုင်ဖိုးတို့သည် ၁၆ ကြိမ်မြောက်ကွန်ဂရက်တွင် ရွေးချယ်ခံရသည့်ရာထူး အတိုင်း အပြောင်းအလဲမရှိဘဲ ၁၇ ကြိမ်မြောက်ကွန်ဂရက်၌လည်း ရွေးကောက်တင်မြှောက်ခံရခြင်း ဖြစ်သည်။
KNU ခေါင်းဆောင်များ ရွေးချယ်ရာတွင် KNU တပ်မဟာ ၂ နှင့် တပ်မဟာ ၅ က ရွေးကောက်ပွဲတွင် မဲမပေးခဲ့သလို ဝင်ရောက် အရွေးခံခြင်းလည်းမရှိကြောင်း KNU သတင်းရင်းမြစ်က ဧရာဝတီကို ပြောသည်။
KNU တပ်မဟာ ၅ ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိနေသော တရုတ်မြို့သစ်စီမံကိန်း၌ KNU ခေါင်းဆောင် တချို့ ပါဝင်ပတ်သက်နေမှုအပေါ် စုံစမ်းဖော်ထုတ်ကာ ကျူးလွန်သူများအား အပြစ်ပေးအရေးယူပြီးမှသာ ကွန်ဂရက် ကျင်းပသင့်ကြောင်း သဘောထားရှိသော်လည်း KNU ခေါင်းဆောင်များက အဆိုပါကိစ္စကို မကိုင်တွယ်ဘဲ ကွန်ဂရက် ကို ဆက်လက်ကျင်းပခဲ့သည်။
ထို့ကြောင့် KNU တပ်မဟာ ၅ က ရွေးကောက်ပွဲ၌ ဝင်မပါခြင်းဖြစ်ပြီး KNU တပ်မဟာ ၂ သည်လည်း တပ်မဟာ ၅ နှင့်အတူ ရပ်တည်ကြောင်းပြသသည့်အနေဖြင့် ရွေးကောက်ပွဲမဝင်ခြင်းဖြစ်ကြောင်း ကရင်နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် KNU ခေါင်းဆောင်များ ရွေးကောက်တင်မြှောက်ပြီးသော်လည်း ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေးဌာန၊ သစ်တောဌာန၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန စသည့် ဌာနကြီး ၁၄ ခု၏ အကြီးအကဲရာထူးများကို ခန့်အပ်ရန်ရှိနေ သေးကြောင်း KNU သတင်းရင်းမြစ်အချို့က ဆိုသည်။
အဆိုပါ ရာထူးခန့်အပ်မှုများကို မေလ ၄ ရက်နှင့် ၅ ရက်တို့တွင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေရှိ ကြောင်း သိရသည်။
You may also like these stories:
KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ
တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်သူ ၅ ဦးကို အရေးယူမည်ဟု KNU ဆို
KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ပြန်လည်ကျင်းပ
ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း