တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း၏ မြန်မာပြည်ခရီးစဉ်အတွင်း အငြိမ်းစားယူနေပြီဖြစ်သော စစ်အာဏာရှင်ဟောင်းကို သွားရောက်တွေ့ဆုံပြီး “တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးသန်းရွှေ၏ အဓိကအကျိုးဆောင်မှုများကို တန်ဖိုးထားကြောင်း” ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းတပုဒ်တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟောင်း ဦးသန်းရွှေနှင့် နေပြည်တော်တွင် မေ ၂ ရက်က တွေ့ဆုံရာ၌ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးသေးသည်။
ချင်ကန်း၏ နေပြည်တော်ခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး တရုပ်ထိပ်တန်းသံတမန်တဦး၏ ပထမဆုံး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှုလည်း ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားသလို မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ဆောင်ရွက်မှုကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ သီးခြားလွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်းတို့တွင် အပြုသဘောပံ့ပိုးဆောင်ရွက်သွားပြီး မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်အား ဦးသန်းရွှေက ” မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်နိုင်ငံယခင်ခေါင်းဆောင်များက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံခေတ်အဆက်ဆက် ခေါင်းဆောင်များက တွန်းအားပေး ဆောင်ရွက်ခဲ့ကြရာ နှစ်နိုင်ငံပြည်သူများ၏စိတ်နှလုံးဝယ်စွဲမြဲစွာ တည်ရှိကြောင်း” ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ရေးသည်။
တရုတ်-မြန်မာဆက်ဆံရေးသည် ဦးသန်းရွှေ စစ်အုပ်စုလက်ထက်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှူများကြောင့် အလွန်နီးစပ်ခဲ့သည်။ ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရလက်ထက် မြစ်ဆုံရေကာတာစီမံကိန်းကို ဆိုင်းငံ့ခဲ့မှုကြောင့် တရုတ်သည် မြန်မာစစ်တပ်ခေါင်းဆောင်များနှင့်သာမက အရပ်ဘက်ခေါင်းဆောင်များ၊ ပါတီအဖွဲ့အစည်းအသီးသီးသို့လည်း ဆက်သွယ်ရေးလမ်းကြောင်းများ တိုးမြှင့်တည်ဆောက်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင်မူ တရုတ်သမ္မတ ရှီကျင့်ဖျင် နေပြည်တော်လာပြီး သဘောတူစာချုပ် လက်မှတ်များ ထိုးသည်အထိ ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
စစ်အာဏာသိမ်းအပြီး တရုတ်က စစ်ကောင်စီကို လက်ခံအသိအမှတ်ပြုသော်လည်း နှစ်နိုင်ငံကြား ထိပ်တန်းသံတမန်များ ဆက်ဆံရေး ကျဲပါးသွားသည်။ နှစ်နိုင်ငံကြား သဘောတူခဲ့သော စီမံကိန်းကြီးများ ရှေ့မဆက်နိုင်ကြပေ။ စစ်ကောင်စီခေါင်းဆောင်ကလည်း အိမ်နီးချင်း တရုတ်ထက် ရုရှားကို ပိုမို အားကျပြီး ဆက်ဆံရေး တိုးမြှင့်သည်။
သို့သော် မကြာသေးမီက တရုတ်တို့ဘက်မှ မြန်မာအထူးသံတမန်နေရာတွင် လူသစ်လည်းပြီးနောက် ခြေလှမ်းများ သွက်လာသည်။ အထူးသံတမန် တိန့်ရှီကျွန်းသည် ပြေည်တော်အပြင် တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဌာနချုပ်များသို့လည်း ခရီးသွားသည်။ ထို့နောက် မရှေးမနှောင်း ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ဝမ်နင် နေပြည်တော်သို့ ရောက်လာပြီး မင်းအောင်လှိုင်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ ချုပ်သည်။

ချင်ကန်းမလာမီ နေပြည်တော်သို့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှိုဘင်သည် မြန်မာသို့ ဧပြီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၄ ရက်ကြာလာရောက်လည်ပတ်ခဲ့ပြီး စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက်တွေ့ဆုံခဲ့သေးသည်။ ထိုဌာနသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများကဲ့သို့သော နိုင်ငံရေးပါတီများနှင့်လည်း ဆက်ဆံရေးလမ်းကြောင်းများ ဖွင့်ထားသည်။
မကြာသေးမီက မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် မြန်မာစစ်တပ်က ပထမဆုံး ခြေလှမ်းလှမ်းရန် တောင်းဆိုခဲ့သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည်ပင် တရုတ်ကဲ့သို့ ဦးသန်းရွှေနှင့် တွေ့ခွင့်မရပေ။ ဘန်ကီမွန်းသည် ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ ချင်ကန်းသည် မြန်မာပြည် မလာခင် ဘေဂျင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် တွေ့ဆုံအပြီး “တင်းမာမှုမြင့်မားတာကို တားဆီးပြီး အကျပ်အတည်း ကျယ်ပြန့်လာမှာကို တားဆီးဖို့ ကျနော်တို့ စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် လက်တွေ့ကျကျ လုပ်ဖို့လိုတယ်” ဟု ပြောဆိုခဲ့သည်။
တရုတ်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ မြန်မာတွင် ကြားဝင်စေ့စပ်ရေး အားထုတ်မှုများကိုလည်း ထောက်ခံပြီး နိုင်ငံတကာာအသိုက်အဝန်းအနေဖြင့် ASEAN ၏ ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖေါ်ရေးကို အားပေးသင့်ကြောင်းပြောသည်။ ထိုအစီအစဉ်တွင် အကြမ်းဖက်မှု အဆုံးသတ်ရန်၊ သက်ဆိုင်သူအားလုံး တွေ့ဆုံ ဆွေးနွေးရန်နှင့် အခြားအချက်များကိုလည်း တောင်းဆိုထားသည်။
ဘုံသဘောတူညီချက် ၅ ချက်ဟုခေါ်သည့် ထိုငြိမ်းချမ်းရေးအစီအစဉ်ကို ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့သော်လည်း စစ်ကောင်စီက ထိုအစီအစဉ်ကို လေးစားလိုက်နာခြင်း မရှိသောကြောင့် မင်းအောင်လှိုင်နှင့် သူ၏ နိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံက အစည်းအဝေး မဖိတ်ဘဲ ပထုတ်ထားသည်။
လက်ရှိ အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားအနေဖြင့် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံး ပါဝင် ပြောဆို ဆွေးနွေးနိုင်ရေးနှင့် အကြမ်းဖက်မှုများ ရပ်ဆိုင်းသွားရေး တိတ်တိတ်ဆိတ်ဆိတ် နောက်ကွယ်က သံတမန် ဆက်ဆံရေး လုပ်နေသည့်အချိန် ယခုကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက လာရောက်ပြီး ထပ်မံတိုက်တွန်းခဲ့သည်။
ဧပြီလ ၂ ရက် မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ချင်ကန်းက မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှု မြှင့်တင်ရာတွင် ကွဲပြားမှုများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အောက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းရန် တိုက်တွန်းသည်။
ယခုလို တရုတ်က ကြားဝင်ဖိအားပေးလာသည့်အပေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက “စစ်ကောင်စီက နိုင်ငံရေးအရ ပိတ်မိနေတော့ သူက အပေါ်ယံ ပြုပြင်ပြောင်းလဲရေး ဖြစ်မှာပေါ့။ ဥပမာ ဒီနေ့ပဲ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်စဖူး တော်တော်များများ လွှတ်တာတို့၊ ဒါမျိုးတွေတော့ လုပ်လာနိုင်ပါတယ်။ တသက်လုံး လည်း ဒါမျိုးတွေပဲ လုပ်လာတာပဲ” သုံးသပ်သည်။
ဧပြီလ ၃ ရက် မနက်ပိုင်း မြန်မာစစ်တပ်ထိန်းချုပ်ထားသော မြန်မာ့ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်ရာ အကျဉ်းထောင်အသီးသီးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား/အကျဉ်းသူ ၂၁၅၃ ဦးအား ကဆုန်လပြည့်(ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပေးကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာသည်။ သေဒဏ်ကျခံရသူများအားလည်း တသက်တကျွန်းသို့ ပြောင်းပေးသည်။
ချင်ကန်း နေပြည်တော်တွင် ရှိနေစဉ် အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းသည်ဆိုသော ပြောဆိုမှုများ ထွက်ပေါ်နေသော်လည်း တရုတ်နိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်များက မဖော်ပြပါ။
You may also like these stories:
မြန်မာတွင် “နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေး” တွေ့ဆုံဆွေးနွေးရန် တရုတ်တောင်းဆို
ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့
မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ဘန်ကီမွန်း ကျေနပ်ပုံရ