ချင်းတွင်းမြစ်၌ မြန်မာစစ်ကောင်စီတပ်များက စစ်ကိုင်းတိုင်း အနောက်ပိုင်းနှင့် မကွေးတိုင်းသို့ စားနပ်ရိက္ခာသယ်ပို့ခြင်းကို ပိတ်ပင်ထားသောကြောင့် အကြီးအကျယ် အငတ်ဘေးကြုံရမည်ကို စိုးရိမ်မှုများ ဖြစ်စေသည်။
ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှ မြို့နယ်များဖြစ်သော ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ကန္နီ၊ မင်းကင်း၊ မော်လိုက်နှင့် ကလေးမြို့နယ်များသည် မုံရွာမြို့နယ်၊ ချင်းတွင်းတံတားမှ ရွှေတောင်ဦး စစ်ဆေးရေးဂိတ်ကြောင့် လွန်ခဲ့သောသီတင်းပတ်က ဆန်၊ ဆား၊ ဆီ၊ ငါးပိနှင့် မီးသွေးစသည်တို့ကို မရရှိနိုင်ကြပေ။
မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါ လမ်းပေါ်မှ ထိုတံတားသည် မကွေးတိုင်းမှ မြိုင်၊ ပခုက္ကူနှင့် ပေါက်မြို့နယ်များ အတွက် ကုန်စည်ပို့ဆောင်ရာတွင်လည်း အသုံးပြုသောတံတားဖြစ်သည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် ခုခံတော်လှန်ရေး အမာခံဒေသများဖြစ်သည်။
စစ်ကောင်စီတပ်များက ခုခံတော်လှန်ရေးအင်အားစုများ ရိက္ခာပြတ်တောက်အောင် လုပ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လူတသန်းကျော် အငတ်ဘေး ကြုံနိုင်ကြောင်း စစ်ကိုင်းတိုင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက ပြောသည်။
“တော်လှန်ရေးစကတည်းက အဲဒီမြို့နယ်တွေမှာ အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရတယ်။ စားနပ်ရိက္ခာတင်ပို့တာကို စစ်တပ်က ပိတ်ပင်ထားတော့ ဒေသခံတွေမှာ ရွေးစရာမရှိတော့ဘူး” ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်ဟောင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ထိုတံတားမှ စစ်ကောင်စီတပ်များသည် မီးသွေးအိတ်များကိုပင် သိမ်းယူနေကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုခန့်က ပြောသည်။
“လူတွေမကြာခင် အငတ်ဘေးကြုံရတော့မယ်” ဟုလည်း ကိုခန့်ကပြောသည်။
ထိုတံတားမှ အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီစစ်သားများနှင့် ရဲများသည် ဖြတ်သန်းသူ မည်သူ့ကိုမဆို အသေးစိတ်ရှာဖွေကြောင်း သိရသည်။
ထိုတံတားသည် စစ်ကိုင်းတိုင်းမြို့တော် မုံရွာနှင့် အရှေ့ဘက်ခြမ်းဒေသများကို ဆက်သွယ်ပေးသည်။
ပူပြင်းသောနွေရာသီတွင် မြစ်အတွင်းရေနည်းသောကြောင့် ဖယ်ရီသင်္ဘောများကို အသုံးပြုဖြတ်သန်းခြင်း မပြုနိုင်ကြောင်း ယင်းမာပင်ဒေသခံများက ပြောသည်။
လွန်ခဲ့သောနှစ်ကလည်း ထိုတံတားမှ ဆိုလာပြားများ၊ အခြားလျှပ်စစ်ပစ္စည်းများနှင့် ဓာတ်မြေသြဇာများ ဖြတ်သန်းခြင်းကို ပိတ်ပင်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Stops Food Crossing Key Bridge to Resistance Strongholds ကို ဘာသာပြန်သည်။)
You may also like these stories :
ရေလယ်ကျွန်းဒေသတွင် စစ်ရှောင် ၁ သောင်းကျော်ထိ ရှိလာ
ရွှေကူအရှေ့ခြမ်း စစ်ရှောင် တသောင်းကျော် အကူအညီများ လိုအပ်နေ
ဒီပဲယင်းတွင် စစ်တပ်က အရပ်သားများကို ဦးတည်တိုက်ခိုက်နေ
ကန့်ဘလူတွင် စစ်ရှောင် ၂ သောင်းကျော် ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ
မြင်းမူမြို့နယ်တွင် စစ်ဘေးရှောင်များကို စစ်ကောင်စီ ပစ်သတ်