အကြမ်းဖက်တိုက်ခိုက်မှုများ ပြင်းထန်လာချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ရန် အားထုတ်သည့် အနေဖြင့် မြန်မာမှ ဒီမိုကရေစီလိုလားသော စင်ပြိုင်အစိုးရ၊ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိတ်တဆိတ် ထိတွေ့ဆက်ဆံနေသည်မှာ လအတန်ကြပြီဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက Reuters သတင်းဌာနသို့ ပြောကြားလိုက်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ယခုနှစ်အတွက် ဥက္ကဋ္ဌအနေဖြင့် အင်ဒိုနီးရှားသည် မြန်မာအကျပ်အတည်း လျှော့ကျ စေရန် နောက်ကွယ်မှ လုပ်ကိုင်နေကြောင်း ရက်နိုက တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောကြားသောကြောင့် မြန်မာပဋိပက္ခမှ အဓိကကျသူများကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် အင်ဒိုနီးရှား လုပ်နေကြောင်း ပထမဆုံးအကြိမ် မီးမောင်းထိုး ပြောကြားလိုက်ခြင်းဖြစ်သည်။
ရက်နိုက သက်ဆိုင်သူအသီးသီးနှင့် ဆွေးနွေးချက်အသေးစိတ်များကို ပြောကြားရန် ငြင်းဆန်သော်လည်း အင်ဒိုနီးရှား သံတမန်များသည် သက်ဆိုင်သူ အားလုံးနှင့် ထိတွေဆက်ဆံဆွေးနွေးမှု အကြိမ်ပေါင်း ၆၀ ကျော် ပြုလုပ်ပြီးကြောင်း ပြောသည်။ လွန်ခဲ့သော ၂ နှစ်က စစ်ကောင်စီခေါင်းဆောင်နှင့် ASEAN အကြား သဘောတူထားသည့် ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်များကို အကောင်အထည်ဖေါ်ရန် စစ်ကောင်စီက ပျက်ကွက်ခြင်းနှင့်ပတ်သက်ပြီး ASEAN အတွင်း စိတ်ပျက်နေစဉ် အထက်ပါ လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်သည်။
“ဘုံသဘောတူညီချက်က အခွင့်အာဏာပေးထားတဲ့အတိုင်း သက်ဆိုင်သူအားလုံး၊ စစ်ကောင်စီ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် အားလုံးနီးပါးနဲ့ ထိတွေ့ဆက်ဆံနေတယ်” ဟု သူပြောသည်။
“တတ်နိုင်သမျှ အားလုံးပါဝင်အောင် ကျမတို့ ကြိုးစားနေတယ်” ဟု သူပြောသည်။ မြန်မာစစ်ကောင်စီကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂ ခုတို့က လတ်တလော ဝေဖန်မှတ်ချက်မပေးပေ။ NUG အစိုးရပြောခွင့်ရသူတဦးက ၎င်းတို့သည် ငြိမ်းချမ်းရေး ဆွေးနွေးရန် ASEAN ဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးအတိုက်အခံများကို အကြမ်းဖက်နှိမ်နင်းသောကြောင့် မြန်မာတွင် အကြမ်းဖက်မှုများ၊ စီးပွားရေးဖရိုဖရဲအခြေအနေများ ရင်ဆိုင်နေရသည်။ အတိုက်အခံများအနက် အချို့သည် ပြည်ပသို့ထွက်ပြေးပြီး အဝေးရောက် အစိုးရ ထူထောင်ကြသည်။ အချို့အတိုက်အခံများသည် တနိုင်ငံလုံးမှ လက်နက်ကိုင်ခုခံမှုတွင် ပူးပေါင်းပါဝင်ကြသည်။ ထိုလက်နက်ကိုင် ဆန့်ကျင်ခုခံမှုသည် NUG အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားနှင့်လည်း မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီကို တိုက်ခိုက်သည်။
“အင်ဒိုနီးရှားအနေနဲ့ပါဝင်ပတ်သက်သူတွေအကြားက နက်ရှိုင်းတဲ့ ကွာဟမူတွေကို လျှော့ချပေးဖို့ ပေါင်းကူးတဲ့အခန်းက ပါဝင်ဖို့ ကြိုးစားနေတယ်” ဟု ရက်နိုပြောသည်။ လာမည့်အပတ် အင်ဒိုနီးရှားနိုင်ငံတွင် ASEAN ခေါင်းဆောင်များအစည်းအဝေး မတိုင်မီ ရက်နိုက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ ASEAN ခေါင်းဆောင်များသည် မြန်မာတွင် တိုးတက်မှု မရှိခြင်းနှင့် စစ်တပ်က အတိုက်အခံများကို ဆက်လက်တိုက်ခိုက်နေခြင်းတို့အတွက် စစ်ကောင်စီကို စိတ်ကုန်နေသည်။
ASEAN သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရသေးသ၍ မြန်မာဗိုလ်ချုပ်များကို အဖွဲ့၏ ထိပ်တန်းအစည်းအဝေးများသို့ တက်ရောက်ခွင့်မပေးဘဲထားသည်။ အင်ဒိုနီးရှား၏ တိတ်ဆိတ်သော သံတမန်ရေး အားထုတ်မှုအပြင် မြန်မာနှင့် တရုတ်နှင့် အိန္ဒိယ အပါအဝင် အိမ်နီးချင်းများ၏ အစိုးရများ၊ ပညာရှင်များသည် မြန်မာအကျပ်အတည်းဖြေရှင်းရန် လျှို့ဝှက်သော အားထုတ်မှုအဖြစ် လွန်ခဲ့သောလက နယူးဒေးလီတွင် ဆွေးနွေးပွဲများကျင်းပသည်။
ကိုးကား ။ ။ Reuters သတင်း Indonesia quietly engaging key stakeholders in Myanmar crisis: Retno
You may also like these stories:
မြန်မာစစ်တပ် တရုတ်ဆီက မုန့်ယူမလား တုတ်ယူမလား
မူပြောင်းမလား လူပြောင်းမလား စစ်ကောင်စီ တခုတော့ ရွေးရမည်
ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
မြန်မာတွင် “နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေး” တွေ့ဆုံဆွေးနွေးရန် တရုတ်တောင်းဆို