ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အရေးကြီးသော ကာကွယ်ရေးဌာနတာဝန်ကို အကြီးအကဲတဦးအား သီးသန့် ခန့်အပ်ခြင်း မရှိတော့ဘဲ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေက ပူးတွဲတာဝန်ယူကိုင်တွယ်မည်ဟု KNU သတင်းရင်းမြစ်အချို့က ပြောသည်။
၁၇ ကြိမ်မြောက် KNU ကွန်ဂရက်မှ တင်မြှောက်လိုက်သည့် ခေါင်းဆောင်များက ဌာနကြီး ၁၂ ဌာနမှ အကြီးအကဲများကို မေ ၅ ရက်တွင် ခန့်အပ်တာဝန်ပေးသော်လည်း ကာကွယ်ရေးဌာနကိုမူ သီးခြားတာဝန်ပေးအပ်ခြင်း မရှိသည်ကို တွေ့ရသည်။
မည်သည့်အတွက် ပုဂ္ဂိုလ်တဦးတယောက်အား သီးခြားတာဝန်မပေးသည်ကို မသိရသော်လည်း ယခင်ကာကွယ်ရေးဌာန တာဝန်ခံ ဟောင်း ပဒိုရော်ဂျာခင်မှာ နာမည်နှင့် ဆိုးကျော်ကြားသော တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွယ်နေသည့် KK Park စီမံကိန်း အုတ်မြစ်ချပွဲတွင် တက်ရောက်ခဲ့သူဖြစ်သလို စီမံကိန်းစာချုပ်တွင်လည်း ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသည်ကို လူမှုကွန်ရက်စာမျက်နှာ၌ ပေါက်ကြားလာသည့် သတင်းများအရ တွေ့ရသည်။
ထို့အတွက် ဧပြီ ၂၇ ရက်စွဲပါ ကရင်ဘာသာဖြင့် ရေးထားသည့် KNU ဗဟို၏ တပ်မဟာ(၅)ထံ အကြောင်းပြန်စာတွင် KNU အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေနှင့် မလွတ်ကင်းသော တရားမဝင်စီးပွားရေးလုပ်ငန်း၊ မူးယစ်ဆေးဝါး၊ လူ မှောင်ခိုကုန်ကူး စသည်တို့၌ ပါဝင်ပတ်သက်သည်ဟု ယူဆ ရသည့် ခေါင်းဆောင် ၅ ဦးကို စုံစမ်းစစ်ဆေးပြီး ထင်ရှားပါက ဥပဒေနှင့်အညီ အရေးယူမည်ဟုဆိုထားရာ ယင်းအမည်များတွင် ပဒိုစောရော်ဂျာခင် လည်း ပါဝင်နေသည်။
KNU တွင် မူလက ဌာနကြီး ၁၄ ဌာနရှိသော်လည်း မဟာမိတ်ရေးရာဌာန အပါအဝင် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနကို ကွန်ဂရက်တွင် ဖျက်သိမ်းလိုက်ကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
၎င်းက “မဟာမိတ်ရေးရာဌာနတို့ဘာတို့ကို ရုံးအဖွဲ့က ကော်မတီအနေနဲ့ပဲ ကိုင်တော့မှာ။ ဌာနအနေနဲ့ မထားတော့ဘူး။ အဲဒါကြောင့် ဖြုတ်လိုက်တာ” ဟု ဆိုသည်။
အသစ်ခန့်အပ်လိုက်သည့် ပြည်ထဲရေးနှင့်သာသနာရေးဌာနအကြီးအကဲမှာ ပဒိုစောကနဲဖောဖြစ်ပြီး လမ်းပန်းဆက်သွယ် ရေးဌာန အကြီးအကဲအသစ်မှာ ပဒိုစောကလယ်စေးဖြစ်ကာ အခြားဌာနအကြီးအကဲများမှာ အပြောင်းအလဲမရှိဘဲ ယခင် အကြီးအကဲများသာ ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေးဌာနအကြီးအကဲအဖြစ် ပဒိုစာစတလာဒူး၊ ပညာရေးဌာနအကြီးအကဲအဖြစ် ပဒိုစာလော်အဲ့မူး၊ စိုက်ပျိုးရေးဌာန အကြီးအကဲအဖြစ် ပဒိုစောလေစေး၊ မွေးမြူရေးနှင့်ငါးဖမ်းဌာနအကြီးအကဲအဖြစ် ပဒိုမန်းကနေဒီ၊ နိုင်ငံခြားရေးဌာနအကြီး အကဲအဖြစ် ပဒိုစောတောနီး၊ ကျန်းမာရေးဌာနအကြီးအကဲအဖြစ် ပဒိုစောဒိုင်းမွန်းခင်၊ မိုင်းနှင့်သတ္တုတွင်းဌာနအကြီးအကဲ အဖြစ် ပဒေိုစောဆဲပွယ်၊ တရားရေးဌာနအကြီးအကဲအဖြစ် ပဒိုနော်လွဲထူးစေး၊ သစ်တောဌာနအကြီးအကဲဖြစ် ပဒိုမန်းဘ ထွန်းတို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း KNU သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
KNU လက်နက်ကိုင်တပ်များ၏ ခေါင်းဆောင်ပိုင်းတွင်မူ လတ်တလော အပြောင်းအလဲ မရှိသေးကြောင်းလည်း KNU သတင်းရင်းမြစ်အချို့က ဆိုသည်။
KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး စောဂျော်နီ ဖြစ်ပြီး ဒုစစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ဖြစ်သည်။
ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၏ ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် စောရှီးလေ့ဖြစ်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)၏ ရဲချုပ်မှာ ရဲမှူးကြီး စောဂျီးနို ဖြစ်သည်။
You may also like these stories:
KNU ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တရားသူကြီးချုပ်တို့ ရွေးချယ်ပြီးစီး
KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ
KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ပြန်လည်ကျင်းပ
တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်သူ ၅ ဦးကို အရေးယူမည်ဟု KNU ဆို