စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ဒီဇယ်မီးစက်များဖြင့် လုပ်ငန်းလည်ပတ်နေရသဖြင့် ကုန်ကျစရိတ်များစွာရှိနေသည့် အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် အမြန်ဆုံး လိုအပ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ လျှပ်စစ်ဝန်ကြီးဌာနတွင်ရှိသော ဂတ်စ်တာဘိုင်များမှာ သဘာဝဓာတ်ငွေ့လုံလောက်စွာ မရှိသဖြင့် စွမ်းအား ပြည့်လည်ပတ်နိုင်ခြင်း မရှိသောကြောင့် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေး နိုင်ခြင်း မရှိပေ။
ထို့ကြောင့် ဂတ်စ်တာဘိုင်များ စွမ်းအားပြည့် လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့ရည် (LNG) အား လျှပ်စစ်ဝန်ကြီးဌာန၏ အစီအမံနှင့် ပြည်ပမှပေါက်ဈေးဖြင့် တင်သွင်းပြီး လည်ပတ်မည်ဆိုပါက လျှပ်စစ်ဓာတ်အား တယူနစ်လျှင် ၄၀၀ မှ ၅၀၀ ကျပ် ခန့်မှန်း ကုန်ကျနိုင်သောကြောင့် စက်မှုလုပ်ငန်းများအတွက် သင့်တင့်မျှတသော နှုန်းထားသစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန် စက်မှုလုပ်ငန်းရှင်များ၏ ဆန္ဒသဘောထားကို ယနေ့နောက်ဆုံးထားပြီး သဘောထား တောင်းယူလျက်ရှိသည်။
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ လုပ်ငန်းရှင်တဦးက “ဒီဇယ်နဲ့ မောင်းရင် ၁ ယူနစ် ကျပ် ၁၀၀၀ လောက် ကုန်ကျနေတယ်။ အကယ်၍ NLG တို့ Gas တို့ လုပ်မယ်၊ ဒါမှမဟုတ်လည်း တခြားသော စွမ်းအင်နဲ့ လုပ်မယ်ဆိုရင် သူရဲ့ တန်ဖိုးကတော့ ကျသွားမှာပေါ့။ အဲဒီအခါကျတော့ အစိုးရဘက်က ၄၀၀ လောက် ကျ သွားမယ်ဆိုရင်လည်း လုပ်ရမှာပေါ့။ လောလောဆယ် ရွေးချယ်စရာ သိပ်မရှိဘူး။ ဒါက ဈေးသက်သာတဲ့သဘော ဖြစ် နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပေးမည်ဟု ဆိုသော်လည်း လုပ်ငန်းရှင်များ စိုးရိမ်နေသည်မှာ လျှပ်စစ်မီး မှန်မှန်ပေးနိုင်ခြင်း ရှိ မရှိ ၊ မီးလာချိန် တွင်လည်း မကြာခဏ ပျက်ခြင်းမျိုး မရှိစေရန်နှင့် မီးအားပြည့်မီသည်အထိ ပေးနိုင် မပေးနိုင်ကို လုပ်ငန်းရှင်များ အနေဖြင့် စိုးရိမ်မိကြောင်း လက်ရှိအခြေအနေနှင့် တွက်ဆပြီး ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “မီးသာလာတယ်။ မီးအားက အရမ်းနည်းနေရင် တချို့ စက်မှုလက်မှု လုပ်ငန်းတွေက သုံးလို့ မရဘူး။ အဲဒီလိုမျိုး အခက်အခဲ ရှိတယ်။ ဒါကြောင့် ကျနော်တို့ကို ၁ ယူနစ် ၄၀၀ နဲ့ ကောက်မယ်ဆိုလည်း မှန်မှန်လာဖို့ လိုတယ်၊ အရည်အသွေး ကောင်းဖို့ လိုပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
လျှပ်စစ်မီးရရှိရန်မှာ စက်မှုလက်မှုလုပ်ငန်းများသာမက လူတဦးချင်းစီ၏ လူမှုဘဝနေထိုင်မှုနှင့်လည်း သက်ဆိုင်သော ကြောင့် စစ်ကောင်စီအနေဖြင့် လျှပ်စစ်မီးရရှိရန်အတွက် အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေကြောင်းလည်း လုပ်ငန်းရှင်များက ပြောသည်။
လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းရှင်တဦးက “အခု သူတို့ပြောတာတော့ လုပ်နေတုန်းပဲ ရှိဦးမှာ။ အခြေ အနေကတော့ ဘာမှ မသိရသေးဘူး။ အဲဒီလို အစိုးရကနေ LNG ဝယ်ရင် လက်ခံနိုင်မလား၊ လက်မခံနိုင်လား သဘော ထား ကောက်တာပေါ့။ လျှပ်စစ်မီးက အခုက သူတို့(စကစ) ကြေညာတဲ့အတိုင်း တရက်မှ ၂ နာရီပဲ ရတာ။ ကျန်တဲ့ အချိန်က မရဘူး။ မီးစက်မောင်းဖို့ကျတော့လည်း လျှောက်ရတယ်။ ကျမှရတဲ့ဂါလံအတိုင်း ဆီဆိုင်မှာ သွားဝယ်ရတဲ့ စနစ်ပေါ့။ လျှပ်စစ်မီး ရရှိဖို့ကတော့ လိုအပ်နေတယ်” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
လျှပ်စစ်မီး မရရှိသောကြောင့် မီးစက်ဖြင့် မောင်းနှင်လုပ်ကိုင်ရသည့်အခါ လောင်စာဆီဈေးကြီးမြင့်ခြင်းကြောင့်လည်း စက်ရုံတရုံ၏ လည်ပတ်မှုမှာ ယခင်ကထက် ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းနှင့်အထက် ရှိလာကြောင်း၊ ယင်းမှာ လုပ်ငန်း အသေး၊ အကြီးအပေါ် မူတည်၍ ကွဲပြားကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးသာမက စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ ပြည်ပမှ တင်သွင်းရ ခက်ခဲခြင်း၊ စက်သုံးဆီဈေးအပါအဝင် ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများမှာ ချေးငွေပြန်ဆပ်ရသော်လည်း ချေးငွေ ထပ်မရခြင်း၊ ငွေကြေးလည်ပတ်မှု အားနည်းခြင်း စသည့် အခက်အခဲများကြောင့် လုပ်ငန်းများ နာလန်မထူနိုင်သည့် အနေအထား ဖြစ်နေသည်ဟုလည်း လုပ်ငန်းရှင်များထံက သိရသည်။
ယခုအချိန်တွင် လျှပ်စစ်မီး လုံလောက်စွာ မရရှိဘဲ မီးစက်ဖြင့် မောင်းနှင်နေရသောကြောင့် စက်သုံးဆီ ဝယ်ယူနိုင်ရေးအဖွဲ့ကို UMFCCI က ဖွဲ့စည်းထားပြီး လိုသမျှ စက်သုံးဆီကို လျှောက်ထားနိုင် ကြောင်း ယင်းအသင်းမှ သိရသည်။
လက်ရှိ အခြေအနေမှာ စစ်ကောင်စီ ကြေညာထားသည့် မီးလာမည်ဆိုသည့်အချိန်တွင်ပင် မီးပျက်နေပြီး မီးလာလျှင်လည်း ဓာတ်အားပြည့်မီစွာ မရရှိခြင်းတို့ကြောင့် စီးပွားရေး လုပ်ငန်းများသာမက ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများပါ အခက်အခဲများ ဖြစ်နေသည်။
You may also like these stories:
စက်သုံးဆီ ပြတ်လပ်လာ၍ အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရနေ
မီးအပျက်များသည့် မန္တလေး အိမ်တွင်းလုပ်ငန်းများပါ ရပ်ဆိုင်းနေရ
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်
လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ