ယခုအပတ်အတွင်း အင်ဒိုနီးရှားတွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲတွင် ခေါင်းဆောင်များသည် အကြမ်းဖက်မှု မြင့်မားနေခြင်း အဆုံးသတ်ရန် ထပ်မံတောင်းဆိုမည် ဖြစ်သောကြောင့် မြန်မာအကျပ်အတည်းက လွှမ်းမိုးနေမည်ဖြစ်သည်။
မြန်မာတွင် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူများကို စစ်တပ်က သွေးချောင်းစီး နှိမ်နင်းပြီး လူမှုနှင့် စီးပွားရေး ကပ်ဆိုက်ကာ ဖရိုဖရဲဖြစ်နေသည်။
သြဇာသက်ရောက်မှုမရှိဘဲ စကားသာပြောနိုင်သည်ဟု ဝေဖန်ခံနေရသည်မှာ ကြာပြီဖြစ်သော အာဆီယံသည် မြန်မာတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ကြားဝင်မှုများ မအောင်မြင်ဘဲ လွန်ခဲ့သော နှစ်နှစ်က မြန်မာနှင့်ပတ်သက်ပြီး ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ကြိုးစားနေသည်။
သို့သော် မြန်မာစစ်ကောင်စီသည် နိုင်ငံတကာဝေဖန်မှုများကို လျစ်လျူရှုပြီး အတိုက်အခံများနှင့် ဆွေးနွေးရန် ငြင်းဆန်နေသည်။ အတိုက်အခံအင်အားစုများတွင် ဖြုတ်ချခံ လွှတ်တော်အမတ်များ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်သူကာကွယ်ရေးတပ်များ (PDFs) နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ပါဝင်သည်။
အတိုက်အခံများ ထိန်းချုပ်ထားသည့် အမာခံဒေသမှ ပဇီကြီးကျေးရွာကို လွန်ခဲ့သောလက လေကြောင်းတိုက်ခိုက်မှုကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးပြီး နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများဖြစ်စေကာ စစ်ကောင်စီသည် ပိုမိုအထီးကျန်လာနေသည်။
မြန်မာအကျပ်အတည်းသည် မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဖလောစ်ကျွန်းတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတွင် အဓိက ပြဿနာဖြစ်မည်ဟု သံတမန်များက AFP သတင်းဌာနသို့ပြောသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အာဆီယံသည် ထိုလေကြောင်းတိုက်ခိုက်မှုကို ထပ်မံ “အပြင်းအထန် ပြစ်တင်ရှုတ်ချ” ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်ရန် ထိပ်သီးအစည်းအဝေးအပြီး အဖွဲ့၏ယခုနှစ်ဥက္ကဋ္ဌ အင်ဒိုနီးရှားက ထုတ်ပြန်မည့် ကြေညာချက်တွင် ဖော်ပြမည်ဟု AFP က ဖတ်ရှုခဲ့သည့် မူကြမ်းတွင် ပြသထားသည်။
“ထိုသို့လုပ်ဆောင်ခြင်းသည်သာ မြန်မာတွင် ရေရှည်ငြိမ်းချမ်းသော အဖြေရှာရေး အားလုံးပါဝင်သော အမျိုးသားဆွေးနွေးပွဲများအတွက် သင့်တော်သည့် အခြေအနေများကို ဖန်တီးနိုင်မည်ဖြစ်သည်” ဟုလည်း ထိုမူကြမ်းတွင် ဖော်ပြထားသည်။
မြန်မာသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေသေးသော်လည်း ငြိမ်းချမ်းရေးအစီအစဉ်ကို စစ်ကောင်စီက အကောင်အထည်ဖော်ရန် ပျက်ကွက်သောကြောင့် ထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။
အသံတိတ် သံတမန်ရေး
မြန်မာပဋိပက္ခမှ ဘက်အားလုံးကို ဆွေးနွေးရန်နှင့် ငြိမ်းချမ်းရေးအားထုတ်မှုသစ်များ ဖြစ်လာစေရန် အင်ဒိုနီးရှားနိုင်ငံသည် “တိတ်ဆိတ်သော သံတမန်ရေး အားထုတ်မှုများ” လုပ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက မေလ ၅ ရက်နေ့တွင် ပြောသည်။
သို့သော် မြန်မာအကျပ်အတည်း ပိုမိုဆိုးရွားလာခြင်းသည် အာဆီယံတွက် “သေရေးရှင်ရေး ခြိမ်းခြောက်မှု” ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ မာတီ နာတာလီဂါဝါက ပြောသည်။
အာဆီယံအနေဖြင့် ယခုထက် ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းပြီး ထိုသို့လုပ်နိုင်ခြင်းမရှိပါက တရုတ်နှင့် အာဆီယံအဖွဲ့ဝင်အချို့က အကျပ်အတည်းဖြေရှင်းရန် တနိုင်ငံချင်းအနေဖြင့် ဦးဆောင်မည်ဖြစ်သောကြောင့် အာဆီယံသည် ဘေးရောက်သွားမည့်အန္တရာယ် ရင်ဆိုင်နေရသည်ဟု ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့၏ခေါင်းမာမှု အကျိုးဆက်များကို ခံစားရစေရန် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို “ဗြောင်ကျကျ ဖိတ်ကြား” သင့်သည်ဟု မစ္စတာ နာတာလီဂါဝါက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာသိမ်းမှုကို ဖျက်သိမ်းရန် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှမ်းမိုးသည့်အစိုးရ ဖြစ်သည်။
“တိတ်ဆိတ်တဲ့ သံတမန်ရေးလုပ်ဆောင်မှု ရှိနေတယ်လို့ ကျနော်တို့ ထင်အောင်လုပ်ပြီး ဒါပေမယ့် အဲဒီသံတမန်ရေးက တိတ်ဆိတ်လွန်းလို့ ဘာသံမှမကြားရတော့တဲ့ တိတ်ဆိတ်မှု ဖြစ်သွားနိုင်တယ်” ဟု မစ္စတာ နာတာလီဂါဝါက ပြောသည်။
သို့သော် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာခရစ်ရှနန်က သတိကြီးကြီးထားရန်နှင့် သေနင်္ဂဗျူဟာကျကျ စိတ်ရှည်သည်းခံမှုကို တိုက်တွန်းနေသည်။
“ကျနော်တို့ရဲ့ စုပေါင်းဆောင်ရွက်ချက်တွေဖြစ်စေ၊ တနိုင်ငံစီရဲ့ လုပ်ဆောင်မှုတွေဖြစ်စေဟာ အခြေအနေကို ပိုမိုဆိုးရွားမသွားစေအောင်နဲ့ စစ်ကောင်စီရဲ့ ကျဉ်းမြောင်းတဲ့ အပစ်ပယ်ခံ အကျိုးစီးပွားအတွက် ပိုမိုသွေးမြေမကျသွားအောင် ကျနော်တို့ လုပ်ဖို့လိုတယ်” ဟု မစ္စတာ ဘာလာခရစ်ရှနန်က သြစတြေးလျတွင် လွန်ခဲ့သော သီတင်းပတ်က ပြောသည်။
ယခုအပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲသည် ယခုနှစ်အတွင်း အင်ဒိုနီးရှားတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲ နှစ်ခုအနက် ပထမ ဆွေးနွေးပွဲဖြစ်သည်။
အင်ဒိုနီးရှားက ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူခြင်းကြောင့် ၎င်း၏ စီးပွားရေးအင်အားနှင့် သံတမန်ရေး အတွေ့အကြုံကို အသုံးချကာ ငြိမ်းချမ်းသော ဖြေရှင်းမှုဖြစ်စေမည်ဆိုသည့် မျှော်လင့်ချက်များ ဖြစ်စေသည်။
အာဆီယံသည် စွမ်းဆောင်ရည်ကင်းမဲ့သောကြောင့် ဝေဖန်ခံနေရသည်မှာ အတန်ကြာပြီဖြစ်သော်လည်း ၎င်း၏ ပဋိညာဉ်သည် ဘုံသဘောတူညီချက် တည်ဆောက်ရေးနှင့် မစွက်ဖက်ရေးကို အခြေခံသောကြောင့် အဖွဲ့၏ အစီအစဉ်များသည် အကန့်အသတ်ရှိသည်။
ယခုထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အခြားအဓိက ပြဿနာများတွင် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေးလည်း ပါဝင်သည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြားက ထိုရေကြောင်းလမ်းကို တစိတ်တပိုင်းပိုင်ဆိုင်သည်ဟု ပြောသော်လည်း တရုတ်က တောင်တရုတ်ပင်လယ်တခုလုံးကို ၎င်းတို့ ပိုင်သည်ဟု ပြောသည်။
အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကို ဝီဒိုဒိုသည် အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်ရေး လမ်းပြမြေပုံတခုကို ချပြမည်ဟုလည်း မျှော်လင့်ရသည်။
ကိုးကား ။ ။ AFP သတင်း Myanmar crisis to dominate Asean leaders summit
You may also like these stories :
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့
သံတမန်ရေးလှုပ်ရမ်းမှု များနေချိန် အိန္ဒိယက မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပ
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
မြန်မာအကျပ်အတည်း လူသားချင်း စာနာကူညီရေးတွင် အာဆီယံ အလုပ်ဖြစ်ဟု အင်ဒိုနီးရှား ပြော
မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်
မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း