စစ်ကိုုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ကျေးရွာအား မေလ ၇ ရက်က အင်အား ၈၀ ခန့်ပါစစ်ကောင်စီ တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီး စစ်ရှောင်ပြည်သူ ၁၅ ဦးကိုလည်း ဖမ်းခေါ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကြောင်းထိုး ဝင်ရောက်သည့် စစ်ကောင်စီတပ်မှာ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ကလေးမြို့ အခြေစိုက် ခမရ ၃၆၁ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဇီးကုန်းတိုက်နယ်မှ ပျူစောထီးများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကန့်ဘလူမြို့နယ် ဒေသခံတဦးက “ယမနေရွာမှာ ယာယီတပ်စွဲခဲ့တဲ့ ခမရ ၃၆၁ တပ်နဲ့ ပျူတွေက မနက် ၅ နာရီခွဲ လောက်မှာ ထောက်ရှာအိုင်ကို ဝင်စီးတယ်၊ ရွာသားတွေက စစ်ကြောင်း ဝင်လာချိန် ဘေးလွတ်ရာကို ထွက်ပြေးကြ ရတာပေါ့။ စစ်ကြောင်းက တအိမ်တက်ဆင်း စိတ်ကြိုက်မွှေနှောက်ပြီးမှ မီးရှို့ပြီးတော့ မနက် ၉ နာရီလောက်မှာ ထောက်ရှာအိုင်က ပြန်အထွက်လမ်းမှာ စစ်ကြောင်းနဲ့တိုးတဲ့ စစ်ဘေးရှောင် ၁၅ ယောက်လောက်ကိုလည်း ဖမ်း ခေါ်သွားကြတယ်၊ ဒီနေ့အထိ ပြန်လွတ်မလာကြသေးဘူး” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ဧပြီလကုန်ပိုင်းမှ စတင်ကာ ဇီးကုန်းတိုက်နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေ ခြင်းဖြစ်ကာ ယမနေရွာမှတဆင့် ထောက်ရှာအိုင်ရွာသို့ ဝင်ရောက်စီးနင်းခဲ့ရာတွင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြခြင်းဟု သိရသည်။
“စစ်ကြောင်းထွက်သွားပြီး မီးဝင်ငြှိမ်းတာမှာ အိမ် ၆၀ ကျော်လောက် မီးလောင်တာကို မြင်ကြရတာ။ စစ်ကြောင်းက မိုင်းတွေ ထောင်ထားခဲ့တာကို ရှင်းရတာရယ်၊ လေက တိုက်နေတာတွေရယ်ကြောင့် အခုလောက်ထိ မီးလောင်သွား ရတာ။ စွန့်စားပြီးမှ မီးဝင်းငြှိမ်းကြရတာ။ ဒေသခံတွေက အခုလောလောဆယ်တော့ ရွာထဲကို ပြန်မဝင်ရဲကြသေးတော့ တောတိုက်တွေ၊ ဘေးလွတ်ရာတွေမှာပဲ နေနေကြသေးတယ်” ဟု ဒေသခံတဦးက ပြောသည်။
ခမရ ၃၆၁ တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် မေလ ၄ ရက်က သရက္ကံကြီးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ ရာတွင် စိတ်ကျန်းမာရေးချို့ယွင်းနေသည့် အသက် ၅၀ အရွယ် ဦးခိုင်ဇော်ဆိုသူအား နေအိမ်အတွင်းမှာပင် ပစ်ခတ် သတ်ဖြတ်သွားသလို ကျေးရွာအတွင်းမှ ထွက်ပြေးသည့် အမျိုးသားတဦးလည်း သေနတ်ထိမှန်ကာ ညာပေါင်ကျည် ထိမှန်ဒဏ်ရာဖြင့် အသက်အန္တရာယ် မစိုးရိမ်ရဘဲလွတ်မြောက်လာသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူ များအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကြောင်းနှင့်တိုးသည့် သရက္ကံကြီးဒေသခံ ၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇီးကုန်းသကြား စက်အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ကန့်ဘလူခရိုင်မှ ဇီးကုန်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်၊ မလည်တိုက်နယ်တို့မှ ရွာ ၅ ရွာကိုလည်း မီးရှို့ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ရာ ဧပြီ၂၉ ရက်က ထန်းကုန်းတိုက်နယ် သရက်ခေါင်းကျေးရွာအား စစ်ကောင်စီတပ်မှာ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ဖောင်းပြင်မြို့ အခြေစိုက် ခမရ ၃၆၈ တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာစာသင်ကျောင်းမှ စာသင်ဆောင်၂ ဆောင် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီ ၂၉ ရက်မှာပင် မလည်တိုက်နယ်အတွင်းရှိ တရော်ကိုင်းကျေးရွာအား အင်အား ၇၀ ကျော်ပါ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကလေးမြို့ အခြေစိုက် ခမရ ၃၆၁ တပ်မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၃ လုံး၊ ကန်ကြီးတောတိုက်ဘက်မှ စစ်ရှောင်တဲ ၁၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
ဧပြီလ ၃၀ ရက်တွင် သရက်ခေါင်းကျေးရွာမှ ထွက်ခွာလာသော စစ်ကြောင်းသည် ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ (မြောက်) ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၆ လုံးထိ မီးလောင်ပျက်စီးခဲ့ရသလို တရော်ကိုင်းကျေးရွာမှ ထွက်ခွာ လာသော စစ်ကြောင်းသည် ဇီးကုန်းတိုက်နယ်အတွင်းရှိ သောက္ကန်ကျေးရွာအား ဒုတိယအကြိမ် ဝင်ရောက် မီးရှို့ဖျက် ဆီးခဲ့ရာ စာသင်ဆောင် ၂ ဆောင် မီးလောင်ခဲ့ကြောင်း၊ မေလ ၁ ရက်တွင်လည်း ဖိုလ်ကုန်းကျေးရွာအား ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြသဖြင့် နေအိမ် ၃၁ လုံးထိ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဇီးကုန်းတိုက်နယ်အတွင်းရှိ ဖိုလ်ကုန်းနှင့် သောက္ကန်ကျေးရွာတို့သည် ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်းခံရသည့် ကျေးရွာများဖြစ်ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပထမအကြိမ် မီးရှို့ခံခဲ့ကြရာတွင် ဖိုလ်ကုန်းကျေးရွာမှ နေအိမ် ၈ လုံးနှင့် စာသင်ဆောင် ၁ လုံး၊ သောက္ကန်ကျေးရွာမှ နေအိမ် ၇၇ လုံးထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသေးကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
ကန့်ဘလူခရိုင်အတွင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ လုယက် သတ်ဖြတ်နေခြင်းများကြောင့် စစ်ဘေးရှောင် ဦးရေလည်း ပို၍ များပြားလာလျက်ရှိရာ ယနေ့အထိ ကန့်ဘလူခရိုင်အတွင်း၌ စစ်ဘေးရှောင် ၄ သောင်းကျော်ထိ ရှိနေ ဆဲဖြစ်ပြီး အချို့စစ်ဘေးရှောင်များသည် စစ်ကြောင်းထွက်ခွာသွားလျှင် ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နေ ထိုင်ကြခြင်းများ ရှိသလို အချို့ဒေသခံများသည်လည်း ကျေးရွာများအတွင်း နေထိုင်ရဲခြင်းမရှိခြင်းနှင့် နေထိုင်စရာ နေအိမ်များ မရှိကြတော့သဖြင့် နီးစပ်ရာ ကျေးရွာများ၊ တောတိုက်တဲများ၊ တောအရပ်များ၌ ယာယီတဲများထိုး၍ နေထိုင်ကြကြောင်း သိရသည်။ ။
You may also like these stories:
ထီးလင်းမြို့ကို တော်လှန်ရေးအင်အားစုများ ပိတ်ဆို့ထား
စစ်ကောင်စီထိုးစစ်ကို ကျေးရွာတွေ ဘယ်လောက် တောင့်ခံနိုင်မလဲ