စစ်ကိုင်းတိုင်း ခင်ဦး၊ အရာတော်၊ အင်းတော်နှင့် ထီးချိုင့်မြို့နယ်များတွင် စစ်ကောင်စီက တပ်စွဲကာ စစ်ကြောင်းထိုးနေ သဖြင့် ဒေသခံများ ထွက်ပြေးနေရပြီး ယခုကာလ ပဲပေါ်ချိန် သီးနှံများ ဖျက်ဆီးခံရမည်ကို ပဲစိုက်တောင်သူတို့ စိုးရိမ်နေ ကြသည်။
အညာတွင် မိုးကြိုပဲဟုဆိုရမည့် မြေပဲ၊ ပဲတီစိမ်းပေါ်ချိန် တောင်သူမှာ မရိတ်သိမ်းနိုင်ဘဲ ထွက်ပြေးနေရသဖြင့် စိုက်ခင်းများ ဖျက်ဆီးခံရမည်ကိုလည်း စိုးရိမ်နေရသလို လယ်ရေသွင်းချိန်ဖြစ်သဖြင့် အချိန်မီ ရေမသွင်းနိုင်ပါက စပါးများ ပျက်စီးနိုင် ကြောင်း ဒေသခံများက ပြောသည်။
ခင်ဦးမြို့နယ်ဒေသခံ တဦး “ကျနော်တို့ ဒေသမှာက ဒီအချိန်က ကောက်ပဲ သီးနှံကောက်တဲ့ အချိန်၊ ပဲတီစိမ်း ကောက်တဲ့ အချိန်ဖြစ်တယ်။ ပြီးတော့ လယ်တွေမှာလည်း ရေသွင်းနေရတဲ့ အချိန်ဖြစ်တယ်။ ဒီလိုအချိန်မှာ စစ်ကြောင်းတွေ ထိုးနေ တဲ့အတွက် ပဲကောက်ရမယ့် တောင်သူတွေကလည်း ထွက်ပြေးနေရတယ်။ ရေသွင်းရမယ့်သူတွေကလည်း ထွက်ပြေး နေရတဲ့ အတွက် စိုက်ထားတဲ့ စိုက်ခင်းတွေ ပျက်စီးသွားမှာလည်း စိုးရိမ်နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အညာမှ တောင်သူများသည် စစ်ကောင်စီတပ် မရှိချိန် မိမိတို့ လယ်ထဲတွင် ရာသီ အလိုက် သီးနှံစိုက်ပျိုးပြီး စစ်ကြောင်းထိုးချိန် ထွက်ပြေးရသဖြင့် ယခင်နှစ်ကလည်း စိုက်ပျိုးမှုများ လျော့ကျခြင်း၊ သီးနှံများ ဖျက်ဆီးခံရခြင်းများကြောင့် ဆုံးရှုံးမှုအများအပြား ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် မကွေးနှင့် စစ်ကိုင်းတိုင်းတွင် ပဲမျိုးစုံ အများဆုံး စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းအတွင်း ပဲမျိုးစုံ ဧက ၃၆၀၀၀၀ ကျော် ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်မှ တောင်သူ မအေးက “အခုက ပဲတီပေါ်ချိန် ကောက်နေရပြီ။ စကစ ဝင်ပြီဆိုရင် ရွာတွေကတော့ အလုပ်တွေ ပစ်ပြီးပြေးရတာ။ ရာသီဥတုက မိုးတအား ခေါင်တော့ ကျမတို့တွေ တောတောင်ထဲမှာ ဥတုဒဏ်တအားခံရတာ။ ရေလည်း မလွယ်ဘူး။ ပဲကလည်း မိုးမရွာတာကြောင့် ဒီနှစ်က အဆင်မပြေကြဘူး။ ခါတိုင်း တဧက ၁၀ တင်းထွက်ရင် အခု ၆ တင်း၊ ၇ တင်းပဲ ထွက်တယ်။ မိုးမရွာတော့ ပဲက အပွင့်မပွင့်နိုင်ဘူး။ တောင်သူတွေက အရှုံးတွေနဲ့ ရင်ဆိုင်ရတာ။ အခု စစ်ကြောင်း ထိုးတော့ ပိုဆိုးတာပေါ့”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ပဲတီစိမ်း တဧကလျှင် လုပ်သားခမပါ စိုက်ပျိုးစရိတ် ကျပ် ၂ သိန်းကျော် ကုန်ပြီး လက်ရှိမိုးမရသဖြင့် ယခုနှစ်တွင်လည်း ပဲစိုက်ပျိုးသည့် တောင်သူများ အရှုံးနှင့်ရင်ဆိုင်ရမည့် အခြေအနေ ရှိကြောင်း ၎င်းက ဆိုသည်။
“မနှစ်ကဆို ပိုဆိုးတာပေါ့။ ကျမတို့ ခင်ဦးက မြင်းဒေါင်းရွာမှာ ပဲကောက်နေတဲ့ တောင်သူတွေကို စကစ စစ်ကြောင်းက လှမ်းပစ်တာ။ အဲ့မှာ လှည်းတွေရော၊ နွားတွေရော ပဲတွေရော ပစ်ပြီး ပြေးရတာ။ အတော် ဒုက္ခပေးပါတယ်။ အေးအေးဆေး ဆေး ဘာမှ လုပ်စားလို့မရဘူး”ဟု သူကပြောသည်။
အလားတူ စစ်ကိုင်းတိုင်း အင်းတော်ဒေသရှိ အောင်ကုန်း-နန့်သာ-အင်ပင် ကျေးရွာ ၃ ရွာတွင် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ဝန်းကျင်နှင့် ရွာတွင် တပ်စွဲထားသဖြင့် ယင်းကျေးရွာများနှင့် ပတ်ဝန်းကျင်ရွာများရှိ ဒေသခံ ၆၀၀၀ ခန့် စစ်ရှောင် နေရပြီး ယခု မြေပဲကောက်ချိန်တွင် ကောက်ယူရိတ်သိမ်း၍ မရ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။
အင်းတော်ဒေသခံ တဦးက “အခုက ပဲကောက်ချိန် ရောက်တော့ ရွာသားတွေက ဝင်ပြီး မကောက်ရဲ ဖြစ်နေတာပေါ့။ ကျနော်တို့ဘက်ကတော့ မြေပဲ စိုက်တာ။ စစ်ကောင်စီကတော့ ပဲကောက်ချင်ရင် သူတိုဆီမှာ ခံဝန် လက်မှတ်တွေ ထိုးရမယ်၊ နာမည် စာရင်းတွေ ပေးရမယ်တဲ့။ ဒါကြောင့်ရွာသားတွေက ပဲမကောက်ရဲ ဖြစ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။
မိုးမကျခင် ပဲများကို အချိန်မီ ခူးဆွတ်ရိတ်သိမ်းခြင်း မပြုနိုင်ပါက စိုက်ပျိုးစရိတ် ဆုံးရှုံးနိုင်သလို လာမည့် ရာသီအတွက် ပဲမျိုး ရရန်လည်း အခက်အခဲတွေ့နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကို ချေမှုန်းရေးဟုဆိုကာ အညာဒေသတွင် စစ်ကောင်စီစစ်ကြောင်းများ ထိုးနေရာ ခင်ဦး၊ အင်းတော်၊ ထီးချိုင့်ဒေသများရှိ တောင်သူများမှာလည်း မိမိတို့ စိုက်ထားသည့် သီးနှံများကို မရိတ်သိမ်းနိုင်ဘဲ တောထဲ၊ တောင်ထဲတွင် စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။
Khin U Specialforce Organization_(KSO )ပြန်ကြားရေး တာဝန်ခံက “သူတို့ပြောနေကျ ချေမှုန်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ သက်သက်မဲ့ စစ်ကြောင်း ၂ ကြောင်း တပြိုင်နက် ဝင်ထိုးတာ။ ခင်ဦးမြို့နယ်က မနေ့ထဲက ပြေးရတာ။ ဧရာဝတီမြစ် အရှေ့ဘက် မန္တလေးတိုင်း သပိတ်ကျင်းဘက်ကနေ သင်္ဘော ၂ စင်းနဲ့ ကူးလာတာ။ စစ်ကြောင်း ၃ ကြောင်းပေါင်းပြီးတော့ အင်အား ၂၀၀ လောက်နဲ့ မနေ့ထဲက ပြေးရတာ။ အဲ့မှာမနေ့ မနက်ပိုင်းမှာက ကဘွတ်ကျေးရွာ၊ ညနေပိုင်းမှာက ကုတ္တက် ရွာ မီးရှို့သွားတယ်။ အခု သင်ပေါင်းဘက်သွားနေပြီ မနေ့ကရော ဒီနေ့ရော နှစ်ရက်ဆက် ပြေးနေရတာ။ အနောက်ခြမ်း ကတော့ ဒီမနက် စပြေးရတာ။ ရေဦးဘက်က လာတဲ့ စကစနဲ့ ရွာသစ်ကုန်းက ပျူတွေနဲ့ ပေါင်းလာတော့ ပြေးရတာ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စစ်ကြောင်း ရှိနေဆဲဖြစ်သောကြောင့် မီးရှို့ခံရသည့် ကဘွတ်နှင့် ကုတ္တက်ကျေးရွာများ၏ အခြေအနေ မသိရ သေးသလို မေ ၈ရက် နံနက်ပိုင်း ခင်ဦးမြို့နယ် အနောက်ခြမ်း မြကန်ရွာမှ စ၍ စစ်ကြောင်း ထိုးကာ ယင်းမှ တဆင့် အောင်သာရွာ၊ အင်းပေါက်ရွာများသို့ ဝင်ရောက် မွှေနှောက်ပြီးနောက် ကျွန်းလယ်ကျွန်းဆွယ် ရွာဘက်သို့ ဝင်ရောက်နေ ကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင် ၇၀၀၀ ကျော်ဝန်းကျင်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး ခင်ဦးမြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှာ အမှတ် ၁၃ တန်းမြှင့် လေ့ကျင့်ရေးကျောင်းမှ ဖြစ်ကာ အနောက်ခြမ်းတွင် ဝင်ရောက်နေသည့် တပ်မှာ ခလရ- ၇၀၁ နှင့် ခမရ ၃၆၄ တပ်တို့ ဖြစ်ကြောင်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ထို့ပြင် အင်းတော်၊ အရာတော် နှင့် ထီးချိုင့် မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးနေရသည်။
အရာတော်မြို့နယ် ဒေသခံ ပြည်သူ တဦးက “ကျနော်တို့ ဒီလ ၅ ရက်နေ့မှာ ကြွေပုဂံရွာထဲကို ဝင်ပြီး နေအိမ် ၄ လုံး မီးရှို့သွားတယ်။ ဒီနေ့တော့ ဝါးတောမ ဘောလုံးကွင်းနားမှာ ရောက်နေတယ်။ ကျနော်တို့ ဝက်လက်တို့ အရာတော်တို့ ကတော့ စစ်ကြောင်းလာရင် ပြည်သူတွေကတော့ ပြေးရတာပေါ့။ အခုကတော့ သူတို့ (စကစ) တပ်စွဲထားတာဆိုတော့ စောင့်တော့ ကြည့်နေရတာပေါ့။ ကျနော်တို့နယ်က သူတို့(စကစ) ဝင်မှ စစ်ဘေးရှောင်တာဆိုတော့ သူတို့မရှိရင်တော့ ရွာထဲ ပြန်ဝင်တာပေါ့”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ ယခုလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ကိုင်းတိုင်းထဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၇ သိန်းခွဲ ခန့် ရှိကြောင်း သိရသည်။
You may also like these stories:
ဆုံးရှုံးမှုများ ခါးစည်း ရင်ဆိုင်နေကြရသော တောင်သူများ
ယခုနှစ် ပဲပေါ်ချိန်တွင် ဈေးကွက်ဝင်ရောက်မှု ထက်ဝက်ကျော် လျော့ကျ
ပဲမျိုးစုံ စိုက်ပျိုးမှု လျော့နည်းသဖြင့် အထွက်နှုန်းများ လျော့ကျမည်ဟု ခန့်မှန်း
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်ကြောင့် ပဲထွက်နှုန်းကျဆင်းနိုင်