မြန်မာတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို “လေးလေးနက်နက် စိုးရိမ်ပူပန်ကြောင်း” အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်များက မေလ ၁၀ ရက်နေ့တွင် ပြောကြားပြီး မြန်မာသို့ လူသားချင်းစာနာမှု အကူအညီပေးရေး သံတမန်ယာဉ်တန်း မကြာသေးမီက တိုက်ခိုက်ခံရခြင်းကို ရှုတ်ချသည်။
စစ်ကောင်စီအုပ်ချုပ်နေသည့် မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများသည် အင်ဒိုနီးရှားနိုင်ငံတွင် ယခုအပတ် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲတွင် လွှမ်းမိုးနေသည်။ တချိန်တည်းတွင် အာဆီယံသည် စွမ်းဆောင်ရည်ကင်းမဲ့သောကြောင့် ဝေဖန်မှုများ ခံနေရသည်။
အာဆီယံသည် ဆိုးရွားလှသော ထိုအကျပ်အတည်းကို ဖြေရှင်းရန် သံတမန်ရေးအားထုတ်မှုများကို ဦးဆောင်နေသော်လည်း ၎င်း၏အားထုတ်မှုများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် သွေးချောင်းစီးမှုများကို တားဆီးနိုင်ခြင်းမရှိပေ။
“မြန်မာတွင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို မိမိတို့ လေးလေးနက်နက် စိုးရိမ်ပြီး လူသားချင်းစာနာမှု အကူအညီများ ဘေးကင်းလုံခြုံ အချိန်မီ ပေးပို့ရေးနှင့် အားလုံးပါဝင်သော အမျိုးသားဆွေးနွေးပွဲအတွက် အလားအလာကောင်းသော အခြေအနေတခု ဖန်တီးရန်၊ အကြမ်းဖက်မှုနှင့် အင်အားအသုံးပြုမှု ပုံစံအားလုံး ချက်ချင်းရပ်ဆိုင်းရန် တိုက်တွန်းသည်” ဟု အာဆီယံခေါင်းဆောင်များက ကြေညာချက်တစောင်တွင် ပြောထားသည်။
စစ်ကောင်စီသည် နိုင်ငံတကာဝေဖန်မှုများကို ရှောင်ရှားပြီး အတိုက်အခံများနှင့် ဆွေးနွေးရန် ငြင်းဆန်နေသည်။ အတိုက်အခံများတွင် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည်။
အစိုးရဆန့်ကျင်သူများ၏ အမာခံဒေသမှ ပဇီကြီးကျေးရွာကို လွန်ခဲ့သောလက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇၀ ခန့် သေဆုံးပြီး ကမ္ဘာတဝန်း ပြစ်တင်ဝေဖန်မှုများ ဖြစ်စေကာ စစ်ကောင်စီ၏ အထီးကျန်မှုကို ပိုမိုဆိုးရွားစေသည်။
မြန်မာတွင် လူသားချင်းစာနာမှု အကူအညီပေးရန် ညှိနှိုင်းနေသည့် သံတမန်များနှင့် အရာရှိများ လိုက်ပါလာသော ယာဉ်တန်းတခု မေလ ၇ ရက်နေ့တွင် တိုက်ခိုက်ခံရပြီးနောက် အာဆီယံအပေါ် ဖိအားများလာသည်။
“ထိုတိုက်ခိုက်မှုကို မိမိတို့ ရှုတ်ချပြီး ကျူးလွန်သူများကို အရေးယူရမည်ဖြစ်ကြောင်း အလေးထားပြောကြားသည်” ဟုလည်း အာဆီယံခေါင်းဆောင်များက ၎င်းတို့၏ ကြေညာချက်တွင် ပြောသည်။
မေလ ၁၀ ရက်နေ့တွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားရာ၌ အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကို ဝီဒိုဒိုက အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အာဆီယံအတွင်း ညီညွတ်လျှင် ကြီးထွားနေသော ကမ္ဘာ့စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းပြောသည်။
“ညီညွတ်မှုရှိရင် အာဆီယံဟာ ငြိမ်းချမ်းမှုနဲ့တိုးတက်မှု ဆောင်ယူပေးရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်တယ်” ဟု မစ္စတာ ဝီဒိုဒိုက ထိပ်သီးဆွေးနွေးပွဲမှ ခေါင်းဆောင်များအစည်းအဝေးတွင် စကားပြန်မှတဆင့် ပြောသည်။
ဖလောစ်ကျွန်းမှ ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးများနှင့် နိုင်ငံ့ခေါင်းဆောင်များသည် မြန်မာတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရန်ကြားဝင်မှု မအောင်မြင်ဘဲ လွန်ခဲ့သော နှစ်နှစ်က မြန်မာနှင့် သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ချက် စတင် အကောင်အထည်ဖော်ရေးအတွက် ကြိုးစားနေကြသည်။
မြန်မာသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက် ရှိနေသော်လည်း စစ်ကောင်စီက ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည် မဖော်သောကြောင့် မြန်မာကို အဖွဲ့၏ ထိပ်တန်းအစည်းအဝေးတက်ခွင့် ပိတ်ပင်ထားသည်။
လာဘူရန် ဘာဂျိုမြို့သို့ အာဆီယံအရာရှိများ မရောက်မီ အင်ဒိုနီးရှားစစ်တပ်သည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်သည့် ကမ္ဘာ့အကြီးဆုံး ဖွတ်ကြီးများရှိရာ ကိုမိုဒို အမျိုးသားဥယျာဉ်အဝင်မှ ထိုငါးဖမ်းလုပ်ငန်းမြို့ငယ်လေးတွင် အင်အား ၉,၀၀၀ ရှိ တပ်ဖွဲ့များနှင့် စစ်သင်္ဘောများ ဖြန့်ကြက်ထားသည်။
ယခုနှစ်တွင် အင်ဒိုနီးရှားက အဖွဲ့ဥက္ကဋ္ဌတာဝန် ယူသောကြောင့် ၎င်း၏ စီးပွားရေးအရှိန်အဝါနှင့် သံတမန်ရေး အတွေ့အကြုံကို အသုံးချက အာဆီယံသည် မြန်မာအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဆိုသည့် မျှော်လင့်ချက်များ မြင့်မားစေသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက သူ၏နိုင်ငံသည် မြန်မာပဋိပက္ခမှ ဘက်အားလုံးနှင့် ဆွေးနွေးပြီး ငြိမ်းချမ်းရေးအားထုတ်မှုသစ်များကို တွန်းအားပေးရန် “တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်း” သုံးနေသည်ဟု မေလ ၅ ရက်နေ့တွင် ပြောသည်။
သို့သော် အင်ဒိုနီးရှားမှ ဝါရင့်ဝန်ကြီးတဦးက အာဆီယံသည် “လမ်းဆုံလမ်းခွ” ရောက်နေကြောင်း၊ မြန်မာနှင့် အခြားဒေသတွင် အရေးပေါ်အခြေအနေများကို မကိုင်တွယ်နိုင်ပါက ခေတ်နှင့်လိုက်လျောညီထွေ မရှိတော့သည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မေလ ၉ ရက်နေ့တွင် ပြောသည်။
အာဆီယံ ပဋိညာဉ်ပါ အခြေခံမူများဖြစ်သည့် ဘုံသဘောတူညီချက်ရယူရေးနှင် မစွက်ဖက်ရေးမူများသည် မြန်မာအကြမ်းဖက်မှု ရပ်ဆိုင်ရေးအတွက် အာဆီယံက လုပ်နိုင်သည့်စွမ်းရည်ကို အကန့်အသတ် ဖြစ်စေသည်။ မြန်မာအကျပ်အတည်းသည် အာဆီယံ ဆက်လက်ရပ်တည်ရေးအတွက် သေရေးရှင်ရေး ခြိမ်းခြောက်မှုဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။
ကိုးကား ။ ။ AFP သတင်း Southeast Asian leaders ‘deeply concerned’ about Myanmar violence
You may also like these stories :
သံတမန်များပါသည့် ယာဉ်တန်း အတိုက်ခံရမှု ၎င်းတို့ လက်ချက်မဟုတ်ဟု PNLO ငြင်း
မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ဘယ်လိုပေးမလဲ
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
မြန်မာအကျပ်အတည်း လူသားချင်း စာနာကူညီရေးတွင် အာဆီယံ အလုပ်ဖြစ်ဟု အင်ဒိုနီးရှား ပြော